home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Vaginal pH ဆိုတာ မိန်းကလေးတွေအတွက် ဘာလို့အရေးကြီးတာလဲ

Vaginal pH ဆိုတာ မိန်းကလေးတွေအတွက် ဘာလို့အရေးကြီးတာလဲ

မိန်းကလေးတွေမှာပဲ ပိုင်ဆိုင်တဲ့ မိန်းမကိုယ်ဆိုတာ ဆန်းကြယ်တဲ့ဖွဲ့စည်းမှုတစ်ခုပါပဲ။ ခန္ဓါကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးအတွက်လည်း အရေးပါတယ်၊ လူသားတစ်ယောက်ဖြစ်လာဖို့လည်း အစပျိုးပေးတဲ့နေရာအစိတ်အပိုင်းဖြစ်တယ်၊ သူ့ရဲ့သန့်ရှင်းမှုအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးမယ့် သဘာဝစနစ်လည်းပါရှိပြီးသားဖြစ်ပါတယ်။ ပိုထူးဆန်းတာက မိန်းမကိုယ်ကနေထွက်ရှိတဲ့ အရည်(ရာသီသွေးမဟုတ်တဲ့)တွေက သူ့အလိုလိုဆေးကြောသန့်စင်ပေးပြီးရောဂါပိုးတွေကိုဖယ်ရှားပေးတယ်၊ ကျန်းမာတဲ့ pH အဆင့်ကိုထိန်းညှိထားနိုင်ရင် အကျိုးပြုဘက်တီးရီးယားလေးတွေအလုံအလောက်ရှင်သန်နိုင်ပြီးရောဂါပိုးတွေကိုခုခံကာကွယ်ပေးနိုင်တယ်။

အများစုသိထားကြတာက မိန်းမကိုယ်အပါအဝင် ခန္ဓါကိုယ်အောက်ပိုင်းအစိတ်အပိုင်းတွေက မသန့်ရှင်းဘူး၊ ညစ်ပတ်တယ်လို့။ အဲဒီတော့ သန့်အောင်၊အနံ့အသက်မထွက်အောင် ဆိုပြီး ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာတွေနဲ့သေချာဆေးကြောကြတာပေါ့။ ဒီနေရာမှာပဲ မိန်းမကိုယ်ကို အလိုအလျောက် စောင့်ရှောက်ပေးမယ့် သဘာဝ pH စနစ်က ပျက်ယွင်းသွားပါတော့တယ်။

Vaginal pH ဆိုတာ ဘာလဲ

pH ဆိုတာ အရည်နဲ့ဒြပ်ဝတ္ထုတွေမှာ အက်စစ် (သို့) အယ်လကာလီပါဝင်မှုကို ဖော်ပြတဲ့ အတိုင်းအတာအမှတ်စနစ်တစ်ခုပါ။ ဒီအတိုင်းအတာမှာဆိုရင် ၀ ကနေ ၁၄ အထိရှိပြီး pH 7 အောက် အမှတ်တွေက အက်စစ်ပိုများနေတာကို ပြတယ်၊ pH 7 အထက် အမှတ်တွေက အယ်ကာလီ ပိုများမှုကိုပြနေတာပါ။

မိန်းမကိုယ်အတွက် ဘာတွေသက်ရောက်မှုရှိနိုင်တာလဲ

မိန်းမကိုယ်ရဲ့ pH ဟာ အနည်းဆုံး ၃.၅ ကနေ ၄.၅ အတွင်း ရှိဖို့လိုအပ်ပါတယ်။ တစ်ခါတရံ မိန်းမကိုယ် အနံ့အသက် ပြောင်းလဲခြင်း၊ ပုံမှန် မဟုတ်တဲ့ အမျိုးသမီး အင်္ဂါမှ သွေးဆင်းခြင်းတို့ကို ကြုံနေရပြီဆိုရင်မိန်းမကိုယ်ရဲ့ pH မညီမမျှ ဖြစ်နေတယ်၊ မှိုပိုးလို ရောဂါပိုးတွေဝင်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါ့ကြောင့် မိန်းမကိုယ်မှာ ကျန်းမာနေသလား၊ရောဂါရှိနေသလားဆိုတာpH ထိန်းညှိမှုအပေါ်လည်း မူတည်နေပါတယ်။

pH အဆင့် ဘယ်လောက်ရှိရင် အကောင်းဆုံးလဲ

မိန်းမကိုယ်မှာ ထိန်းထားသင့်တဲ့ pH အဆင့်က ပုံမှန်အားဖြင့် ၄.၅ အောက်မှာရှိတာအကောင်းဆုံးပါ။ ဒါပေမယ့်သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့pH က ၅ လောက်ထိ ရှိနေနိုင်ပါတယ်။ လိင်ဆက်ဆံပြီးတဲ့အချိန်၊ ရာသီလာတဲ့အချိန်၊ ကလေးမွေးပြီးချိန် ဒါမှမဟုတ် သားဥကြွေချိန်ဆို မိန်းမကိုယ်မှာpH က ပိုမြင့်နေတတ်တာတော့ သဘာဝပါ။

မိန်းမကိုယ် pH ထိန်းညှိမှုကို ဘာတွေက သက်ရောက်မှုရှိနိုင်လဲ

အဝတ်အစားနဲ့ အတွင်းခံတွေလား

မှန်ပါတယ်။ အဝတ်အစားသိပ်တင်းကျပ်နေတာ၊ အတွင်းခံက ကျပ်ကပ်လွန်းနေတာတွေကြောင့် မိန်းမကိုယ်အတွင်းက အကျိုးပြုဘက်တီးရီးယားလေးတွေအရေအတွက်ကိုလျော့နည်းစေနိုင်ပြီးpH အတိုင်းအတာကိုပြောင်းလဲစေနိုင်ပါတယ်။ ပိတ်လှောင်စိုစွတ်မှုကြောင့် မိန်းမကိုယ်ကို ဘက်တီးရီးယားရောဂါပိုးတွေပွားများရာအသိုက်တစ်ခုဖြစ်သွားစေနိုင်ပါတယ်။

ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း

Bacterial vaginosis လို့ခေါ်တဲ့ဒီပြဿနာဟာ မိန်းမကိုယ်အတွင်းမှာ သဘာဝအလျောက် ရှိနေတဲ့ ဘက်တီးရီးယားပမာဏလွန်ကဲတဲ့အခါဖြစ်လာတတ်တာပါ။ အကျိုးပြုဘက်တီးရီးယားပမာဏကို ညီမျှအောင်မထိန်းညှိနိုင်တဲ့သဘောပေါ့။ ဒါဆိုရင် မိန်းမကိုယ်pH ကို ပိုမြင့်လာစေနိုင်ပါတယ်။Bacterial vaginosisဖြစ်တဲ့သူတွေမှာ ယားယံခြင်း၊လောင်ခြင်း၊ နာကျင်ခြင်းတို့ခံစားရနိုင်ပြီး ဆီးသွားရင်ပူမယ်၊ အဖြူဆင်းတာတွေဖြစ်နိုင်တယ်။

မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောခြင်း

ဗီနီဂါတို့၊ မုန့်ဖုတ်ဆိုဒါတို့ပါတဲ့ဆေးရည်တွေသုံးပြိး မိန်းမကိုယ်အတွင်းပိုင်းကိုဆေးကြောတာ၊ သန့်စင်တာ၊ ဆပ်ပြာတွေနဲ့အတွင်းထိဆေးကြောတာတွေမလုပ်သင့်ပါဘူး။ မိန်းမကိုယ်အနံ့အသက်ကင်းအောင်လို့ဆိုပြီး သုံးကြပေမယ့် သူတို့ကြောင့် ပိုတောင်ဆိုးနိုင်ပါတယ်။ သူတို့တွေက မိန်းမကိုယ်အတွင်းက သဘာဝအကျိုးပြုဘက်တီးရီးယားလေးတွေကိုပါရှင်းထုတ်ပစ်တာကြောင့်vaginal pH ထိန်းညှိမှုကို ပျက်ယွင်းစေတယ်၊ရောဂါပိုးဝင်ခြင်းကိုဖြစ်လွယ်စေနိုင်ပါတယ်။

သွေးဆုံးခြင်း

သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာvaginal pH အဆင့်ပိုမြင့်လေ့ရှိပြီး ပျမ်းမျှအားဖြင့်၅.၃လောက်ရှိနိုင်ပါတယ်။သွေးဆုံးချိန် အက်စထရိုဂျင်ပမာဏလျော့နည်းမှုကြောင့်vaginal pH အတိုင်းအတာကို သက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။

မိန်းမကိုယ် ရောဂါပိုးဝင်ခြင်း

မှိုပိုးအပါအဝင် တခြားကပ်ပါးရောဂါပိုးတွေ မိန်းမကိုယ်ကို ကူးစက်ရောက်ရှိလာရင်လည်းvaginal pH ကိုထိခိုက်စေနိုင်ပါတယ်။

ပဋိဇီဝပိုးသတ်ဆေး

ပဋိဇီဝပိုးသတ်ဆေးတွေသောက်သုံးတဲ့အခါ သူတို့က အကျိုးပြုဘက်တီးရီးယားတွေကိုပါ ရှင်းလင်းပစ်လိုက်နိုင်တာကြောင့် မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီဆေးတွေသောက်ရတာများတဲ့သူတွေမှာvaginal pH ကို ဘယ်လိုမှပုံမှန်ထိန်းညှိနိုင်မှာမဟုတ်ပါဘူး။

မိန်းမကိုယ် pH ကိုမထိန်းညှိနိုင်တဲ့အခါ ဘယ်လိုသိနိုင်မလဲ

မိန်းမကိုယ်မှာရှိသင့်တဲ့pH အဆင့်ကို မထိန်းညှိနိုင်တဲ့အခါ ရောဂါပိုးဝင်ပြီး ဒီလက္ခဏာတွေဖြစ်လာနိုင်ပါတယ် –

  • အနံ့ဆိုးထွက်ခြင်း
  • ပုံမှန်နဲ့မတူတဲ့ အရောင်၊အစေးအပျစ်နဲ့ အဖြူဆင်းခြင်း
  • မိန်းမကိုယ်ယားယံခြင်း
  • ဆီးသွားရင် ပူခြင်း စတာတွေပါဝင်ပါတယ်။

မိန်းမကိုယ်pH ထိန်းညှိမှုကို မထိခိုက်အောင် ဘယ်လိုကာကွယ်မလဲ

  • ကိုယ်တိုက်ဆပ်ပြာမွှေးတွေ၊ရေချိုးဆပ်ပြာရည်တွေလို အမွှေးနံ့ပြင်းတဲ့၊ ဓါတုပစ္စည်းတွေပါတဲ့ သန့်ရှင်းရေးပစ္စည်းတွေနဲ့ မိန်းမကိုယ်ကို မဆေးကြောပါနဲ့။ အကျိုးပြုဘက်တီးရီးယားတွေကိုလျော့သွားစေပြီး သဘာဝကာကွယ်မှုစနစ်ကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။
  • ဒါတွေအစား မိန်းမကိုယ်ရဲ့သဘာဝကာကွယ်မှုစနစ်ကို prebiotic (အကျိုးပြုဘက်တီးရီးယားတွေကိုအားဖြည့်ပေးမယ့်အာဟာရ) ပါတဲ့ အမျိုးသမီးသန့်စင်ဆေးရည်ကိုသာသုံးပြီးရေနွေးနွေးလေးနဲ့ ပုံမှန်သန့်စင်ပေးလို့ ရပါတယ်။ ဥပမာ Betadine Feminine Washတွေဆို Prebiotics ပါပြီးသား၊ Hypoallergenic ဖြစ်တော့ ဓါတ်မတည့်မှာလည်း ပူစရာမလိုဘူး၊ အမွှေးနံ့လည်းမပြင်းဘူး။ အသင့်တော်ဆုံးအချက်ကတော့vaginal pH ကို ထိန်းညှိပေးနိုင်တာပါပဲ။
  • လိုအပ်လာရင် Probiotic လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို လုံလောက်စေနိုင်ဖို့Probiotic ပါတဲ့ဖြည့်စွက်အားဆေးတွေ ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်ပါ။
  • အကျိုးပြုဘက်တီးရီးယားLactobacillus ပါတဲ့ဒိန်ချဉ်စားပါ။ ဒိန်ချဉ်အပါအဝင် ကင်ချီ၊ ချဉ်ဖတ်၊ လှော်စာ စတဲ့အချဉ်ဖောက်ထားတဲ့အစားအသောက်တွေမှာProbiotic ကြွယ်ဝပါတယ်။
  • လစဉ်သုံးတွေကို ကြာကြာမထားဘဲ အသစ်လဲပါ။ လစဉ်သုံးပစ္စည်းတွေကို အကြာကြီးဝတ်ထားတာကvaginal pH ကိုမြင့်စေနိုင်ပါတယ်။ မကြာခဏလဲပေးမှ ဘက်တီးရီးယားပိုးဝင်နိုင်တဲ့ အန္တရာယ်နည်းစေပြီးရောဂါကင်းစင်စေနိုင်ပါမယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 4 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။