backup og meta

မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း

    ဒီတစ်ခေါက်မှာတော့ မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း က ဘာကြောင့်လဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အများဆုံး သုံးကြတာက ဆပ်ပြာနော်။ အစားမစားခင်၊ အစာအစာတွေ မပြင်ခင်၊ အိမ်သာအဆင်း၊ ညစ်ပေတာတွေ ကိုင်ပြီးရင် သန့်စင်အောင် ဆိုပြီး ဆပ်ပြာသုံးပြီး ဆေးလိုက်တယ်နော်။ ဒီလို ဆေးလိုက်တာက ဘက်တီးရီးယားတွေကို သေစေနိုင်သလို အနံ့ဆိုးတွေကိုလည်း ကင်းသွားစေတယ်နော်။ လန်းဆန်းမွှေးပျံ့မှုနဲ့အတူ ယုံကြည်မှုပါ တိုးသွားစေတယ်ဟုတ်။ ဒီလိုဆိုတာနဲ့ ဆပ်ပြာကို ခန္ဓာကိုယ် အစိတ်အပိုင်း အကုန်လုံးအတွက် သုံးလို့ရပြီလို့ မထင်စေချင်ပါဘူးနော်။

    မြင်သာအောင် ပြောပြရရင် ဆံပင်တွေ သန့်စေဖို့ ခေါင်းလျှော်ရည်၊ သွားနဲ့ခံတွင်း အတွက်က သွားတိုက်ဆေးတို့ သုံးရတယ်နော်။ ဒါဆိုရင်လေဒီလေးတို့ ကျန်းမာပျော်ရွှင်ဖို့ အရေးပါတဲ့ မိန်းမကိုယ်လေးအတွက်ကရော ဘာနဲ့ ဆေးကြောရမလဲ။ ဒါလေးများ ရှည်ရှည်ဝေးဝေး တွေးနေတယ်။ သူလည်း ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲလေ ဆပ်ပြာနဲ့ပဲ ဆေးလိုက်ရောပေါ့လို့ မပြောနဲ့နော် လေဒီ။ မိန်းမကိုယ်ကို သန့်စင်ဖို့က သူ့အတွက်သီးသန့်ထုတ်ထားတဲ့ အမျိုးသမီးသန့်စင်ဆးရည်နဲ့မှ အဆင်ပြေတော့မပေါ့။ ဒီလိုမျိုး မသုံးချင်ဘူးဆိုရင်လည်းရေသန့်သန့်လေးနဲ့သာ ဆေးကြောလိုက်ပါ။ ဆပ်ပြာနဲ့ သန့်စင်တာမျိုးတော့ မလုပ်ပါနဲ့။ ဘာလို့ ဒီလိုပြောရလဲ ဆိုတာကို ရှင်းပြမယ်နော်။

    မိန်းမကိုယ်သန့်စင်တော့မယ်ဆိုရင်

    မိန်းမကိုယ်က အရေပြားက အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေက အရေပြားတွေနဲ့ တူတူပဲဆိုပေမယ့် ဆေးကြောသန့်စင်တဲ့အခါမှာတော့ အခြားအစိတ်အပိုင်းတွေလိုမျိုး ဆပ်ပြာသုံး သန့်စင်တာမျိုး မလုပ်သင့်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတော့ မိန်းမကိုယ်ထဲမှာ အကျိုးပြုဘက်တီးရီးယားလေးတွေရော အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေပါ ရှင်သန်နေကြလို့ပါ။

    ဆပ်ပြာသုံးပြီး သန့်စင်ခြင်းက အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မိန်းမကိုယ်မှာ အနံ့ဆိုးထွက်တာ၊ အဖြူဆင်းတာမိန်းမကိုယ် ခြောက်သွေ့ယားယံတာအပြင် မိန်းမကိုယ်မှာ အရေပြားထိခိုက်တာတွေကို ခံစားရစေနိုင်တာကြောင့်ပါ။

    ဒီလို ဆပ်ပြာသုံးလိုက်တာက ရေတိုမှာ အဆင်ပြေနိုင်ပေမယ့် ကာလရှည်မှာ ပြဿနာ ဖြစ်နိုင်ပါတယ်။ ဆပ်ပြာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေနိုင်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို သေစေနိုင်တာကြောင့် မိန်းမကိုယ်ကို ပိုးဝင်ကူးစက်တာ ဖြစ်စေနိုင်သလို နေရထိုင်ရခက်တာမျိုးတွေပါ ဖြစ်စေနိုင်ပါသေးတယ်။ သန့်ချင်လွန်းတဲ့ ဆန္ဒနဲ့ ဆပ်ပြာသုံးသန့်စင်ရာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများလာနိုင်ပါတယ်နော်။

    နောက်တစ်ချက်က မိန်းမကိုယ်မှာ သဘာဝသန့်စင်မှုစနစ်က ပါလာပြီးသားပါ။ ဒါကြောင့် ဆပ်ပြာထပ်သုံးဖို့ ဆိုတာက မလိုအပ်ပါဘူး။ မိန်းမကိုယ်က အနံ့ဆိုးတွေ ထွက်နေမှာ နဲ့ မိန်းမကိုယ်ပြဿနာတွေ တက်မှာစိုးတယ်ဆိုရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါနော်။ ဒါဆိုရင်ကို လုံလောက်နေပါပြီနော်။

    ရေချိုးဆပ်ပြာတွေမှာက ဓာတုပစ္စည်းတွေ ပါဝင်နေသလို အမွှေးနံ့ကလည်း ပြင်းလွန်းပါတယ်။ သဘာဝဆန်တဲ့ ဆပ်ပြာဆိုတာက ခပ်ရှားရှားပါ။ ဆပ်ပြာတွေမှာ ပါတာက သဘာဝ မဟုတ်တာတွေ များပါတယ်။ ဒီတော့ သဘာဝဆန်မှဖြစ်မယ့် မိန်းမကိုယ်လေးအတွက်က အခက်တွေ့စရာပေါ့။ နုနယ်လှတဲ့ မိန်းမကိုယ်လေးက သန့်စင်ဆေးရည် သုံးမယ်ဆိုရင်တောင် အရောင်မပါတာ၊ သဘာဝရနံ့တွေနဲ့ ထုတ်ထားတာမျိုး ဖြစ်မှ ဖြစ်မယ်ဆိုတော့ ဆပ်ပြာမသုံးဖို့က ပြောနေဖို့ မလိုအောင်ပါနော်။

    ဆပ်ပြာ မသုံးသင့်တာတင် မဟုတ်ဘူးနော်။ အတွင်းခံကို လျှော်တဲ့အခါမှာလည်း ဆပ်ပြာ အပြင်းစားတွေ၊ အဝတ်မွှေးစေတဲ့ အရာတွေ မထည့်မိဖို့ သတိထားရပါမယ်။ ဒါတွေက မိန်းမကိုယ် အသားအရေကို ခြောက်သွေ့စေပြီး ထိခိုက်နိုင်ခြေ များစေသလို နောက်ဆက်တွဲ မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ရှိစေနိုင်ပါတယ်။

    မိန်းမကိုယ်သန့်စင်ရာမှာ ဆပ်ပြာမသုံးသင့်တဲ့ အကြောင်းအရင်း

    ဒါကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရင်းက

    • မိန်းမကိုယ်မှာ အနံ့ဆိုးတွေထွက်လာမယ်
    • ယားယံမယ်
    • အရေပြားက ကျိန်းစပ်နေမယ်
    • မှိုစွဲမယ်
    • အဖြူဆင်းမယ်ဆိုတဲ့ ပြဿနာတွေ ခံစားနေရပြီဆိုရင်တော့ လေဒီလေး စဉ်းစားရမှာက ငါ ဆပ်ပြာသုံးပြီး မိန်းမကိုယ်ကို သန့်စင်မိလို့လား ဆိုတာပါနော်။

    ဆပ်ပြာက မွှေးလွန်းလေလေ ပြင်းလေလေ မိန်းမကိုယ်လေးကို ထိခိုက်နိုင်ခြေ များလေလေပါနော်။ အခုကစလို့ ကိုယ့်ကိုကိုယ် ချစ်တယ်ဆိုရင် မိန်းမကိုယ်လေးကို ဆပ်ပြာနဲ့ မသန့်စင်နဲ့နော်။ စိုးရိမ်လို့ ပြောတာပါနော် လေဒီလေးတို့ရေ…………………..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 18/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement