backup og meta

မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 05/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

    မိန်းကလေးတွေမှာ မလှရင်တောင် သပ်သပ်ရပ်ရပ်လေးနေတတ်တာကလည်း သူတို့လေးတွေကို ကျက်သရေတိုးစေတဲ့အချက်ပါ။ ဒီအချက်တွေအပြင် မမွှေးရင်တောင် အနံ့အသက်ဆိုးတွေကင်းနေမယ်ဆိုရင် မိန်းကလေးတစ်ယောက်က နှစ်လိုဖွယ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။ ဒီတော့ လေဒီလေးအခုတွေးနေတာက ကိုယ့်ကိုကိုယ် အနံ့အသက်ဆိုး ကင်းစေဖို့လား။ ဟုတ်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးမှာ လေဒီလေးတို့ မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု  ကို ပြောပြထားပေးတာကြောင့် ဆက်ကြည့်ရအောင်လား။

    မိန်းမကိုယ်ကို အနံ့အသက်ဆိုး ထွက်နိုင်တဲ့နေရာတွေ

    လေဒီလေးတွေမှာ အနံ့အသက်ဆိုးအဓိကထွက်စေတဲ့နေရာတွေရှိပါတယ်နော်။ ဒါတွေကတော့

    အနံ့အသက်ဆိုးတွေကို နှိမ်နှင်းဖို့ မဖြစ်မနေလုပ်ရမှာက တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာပါ။ ဒီလိုဂရုစိုက်တဲ့နေရာမှာ ခေါင်းအစခြေအဆုံး သန့်ရှင်းသပ်ရပ်နေအောင်လုပ်ရမှာဖြစ်ပြီး အရေးအကြီးဆုံး ဂရုစိုက်ပေးရမှာကတော့ မိန်းမကိုယ်သန့်ရှင်းရေးပါ။ ဒီလိုဂရုစိုက်ရာမှာ မှားယွင်းလုပ်မိတာတွေရှိနိုင်ပါတယ်။ အစဉ်အလာအရ ယုံကြည်လက်ခံလာတဲ့ မှားယွင်းတဲ့အချက်အလက်တွေရှိတယ်။

    အခြားအရာတွေထက် မိန်းမကိုယ်သန့်ရှင်းရေးက အမှားခံလို့မဖြစ်ပါဘူး။ ဒီနေရာမှာ တစ်ခုခုမှားယွင်းသွားရင် ပေးဆပ်ရမှာကများပါတယ်။ မိန်းမကိုယ်သန့်စင်တဲ့အခါ ဘယ်လိုအမှားမျိုးတွေလုပ်နေကြမလဲဆိုတာ ကြည့်ရအောင်။

    မိန်းမကိုယ်သန့်စင်ခြင်း အမှား (၇)ခု

    ပိုသန့်ချင်တဲ့ဇောနဲ့ အနံ့ဆိုး ကင်းချင်တဲ့ဇောနဲ့ အခုလို အမှားလေးတွေ လုပ်မိနေတယ်ဆိုရင်တော့ ဆက်မလုပ်ပါနဲ့လို့ ပြောပါရစေနာ်။

    (၁) မိန်းမကိုယ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ဆေးကြောတာ

    ဒီလိုမျိုး ပွတ်တိုက်ဆေးကြောလိုက်လို့ ပိုသန့်မသွားပါဘူးနော်။ မိန်းမကိုယ်ကို ထိခိုက်မိတာပဲ အဖတ်တင်မှာပါ။ မိန်းမကိုယ်ကို ဆေးကြောသန့်စင်တဲ့အခါ ညင်ညင်သာသာလေး ဆေးကြောပေးတာက အထိရောက်ဆုံးသန့်စင်မှုပါ။ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်ဆေးကြောတာက မိန်းမကိုယ်အရေပြားတွေကို ပွန်းပဲ့စေပြီး ကျိန်းစပ်စပ်ဖြစ်စေနိုင်ပါတယ်နော်။

    (၂) ဆပ်ပြာတွေသုံးတာ

    မိန်းမကိုယ်ကို သန့်စင်တဲ့အခါ အနံ့ဆိုးတွေကင်းစေဖို့ဆိုပြီ ဆပ်ပြာတွေ သုံးတာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက မိန်းမကိုယ် အသားအရေကို ခြောက်သွေ့စေပြီး ယားယံမှုနဲ့ အခြားသောပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    ကိုယ်တိုက်ဆပ်ပြာမွှေးတွေက ခန္ဓာကိုယ်ချွေးနံ့ပျောက်ဖို့ပဲ အဆင်ပြေတာပါ။ မိန်းမကိုယ် အနံ့ဆိုးပျောက်ဖို့ သုံးမယ်ဆိုရင်တော့ အနံ့ဆိုးမပျောက်တဲ့အပြင် မိန်းမကိုယ်က pH ပမာဏကို ထိခိုက်စေပြီး ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်တာကြောင့် မိန်းမကိုယ်ပိုးဝင်နိုင်ပါတယ်။

    ဒါကြောင့် မိန်းမကိုယ်သန့်စင်တဲ့အခါ ဆပ်ပြာမသုံးပါနဲ့။ ရိုးရိုးရေနဲ့ ဆေးပါ။ အမျိုးသမီးသန့်စင်ဆေးရည်လိုမျိုး မိန်းမကိုယ်သန့်စင်ဖို့ သီးသန့်ထုတ်ထားတဲ့ ပစ္စည်းတွေလည်း သုံးနိုင်ပါတယ်။

    (၃) အမွှေးနံ့ပြင်းတဲ့ အရာတွေကို သုံးတာ

    အနံ့ဆိုးကင်းချင်ဇောနဲ့ မိန်းမကိုယ်ကို သန့်စင်ဖို့ဆိုပြီး အမွှေးနံ့ပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေကို အသုံးပြုတာကလည်း မိန်းမကိုယ်ကို ခြောက်သွေ့ယားယံစေပြီး အနံ့ဆိုးတွေကိုဖြစ်စေဖို့ အားပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီး သန့်စင်ဆေးရည်အသုံးပြုမယ်ဆိုရင်လည်း အနံ့လည်း မပြင်း၊ အရောင်မပါတဲ့ Feminine Wash ကိုအသုံးပြုပေးရပါမယ်။

    ဆပ်ပြာမွှေးတွေ သုံးတာ၊ အတွင်းခံကို ရေမွှေးဆွတ်တာကိုလည်း မလုပ်ရပါဘူး။

    (၄) မိန်းမကိုယ်ကို အတွင်းပိုင်းထိ ဆေးကြောတာမျိုးမလုပ်ပါနဲ့

    မိန်းမကိုယ်ကို ဆေးကြောတဲ့အခါ အပြင်ပိုင်းကိုပဲ ဆေးကြောရင် လုံလောက်ပါပြီ။ အတွင်းပိုင်းအထိ ဆေးကြောတာက မိန်းမကိုယ်ရဲ့ pH ပမာဏကို ထိခိုက်စေပြီး မိန်းမကိုယ်ကို ပိုးဝင်ကူးစက်နိုင်ခြေ ပိုများစေနိုင်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်သန့်စင်တော့မယ်ဆိုရင် အတွင်းပိုင်းအထိ ဆေးကြောသန့်စင်တာမျိုး မလုပ်ပါနဲ့။

    (၅) ရေနွေးငွေ့ခံတာမျိုး မလုပ်ပါနဲ့

    အချို့မိန်းကလေးတွေ လုပ်တတ်တာတစ်ခုရှိသေးတယ်။ မိန်းမကိုယ်ကို သန့်စင်နေအောင်ဆိုပြီး ရေနွေးငွေ့ခံပြီး သန့်စင်တာမျိုးပါ။ ဆေးဖက်ဝင်တယ်ဆိုတဲ့ အပင်တွေကိုတောင် ထည့်ပြုတ်ပြီး ရေနွေးငွေ့ခံတာမျိုးလုပ်ကြပါတယ်။ ဒီလိုလုပ်တာက မိန်းမကိုယ်က အကျိုးပြုဘက်တီးရီးယားလေးတွေကိုပါ သေစေနိုင်တာကြောင့် ကောင်းဖို့ဆိုတာထက် ဆိုးဖို့ပိုများသွားပါလိမ့်မယ်။

    (၆) စပရေးသုံးတာ၊ အမွှေးနံ့ပါတဲ့ ရေအိမ်သုံးတစ်သျှူးတွေသုံးပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့

    မိန်းမကိုယ်သန့်စင်တဲ့အခါ အနံ့အသက်ကင်းအောင်ဆိုပြီး စပရေးသုံးတာမျိုး၊ အမွှေးနံ့ပါတဲ့ ရေအိမ်သုံးတစ်သျှူးတွေ သုံးတာမျိုးမလုပ်ပါနဲ့နော်။ အနံ့ဆိုးကို ယာယီကင်းစင်သွားစေနိုင်ပေမယ့် ဒါကကာလရှည်အတွက်တော့ အဆင်မပြေနိုင်ပါဘူး။

    (၇) ရှေ့မှနောက်သို့ ဆေးကြောပါ

    အိမ်သာသွားပြီးချိန်မှာ ရှေ့မှနောက်သို့ ဆွဲယူတဲ့ပုံစံနဲ့ဆေးကြောတာက မစင်တွေကနေ မိန်းမကိုယ်ထဲကို မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးတာက မိန်းမကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ဟန့်တားပေးနိုင်ပါတယ်။

    ကဲ အခုပြောခဲ့တာလေးတွေကို သိသွားပြီဆိုတော့ အခုကစလို့ မိန်းမကိုယ်လေးကို သေသေချာချာနည်းလမ်းမှန်မှန် သန့်စင်မယ်ဟုတ်။ နှစ်လိုဖွယ်ကောင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့ အခုပဲပြင်ဆင်လိုက်ပါနော်……………………………………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 05/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement