backup og meta

ဝမ်းလျှောခြင်း အကြောင်း တစေ့တစောင်း

ဝမ်းလျှောခြင်း အကြောင်း တစေ့တစောင်း

ဗိုက်ထဲက ရစ်ရစ်ပြီးနာတယ်၊ ဝမ်းသွားနေတာ ခဏခဏပဲ။ ဝမ်းကလည်း သွားလိုက်တိုင်း အရည်တွေ ဖြစ်နေတယ်။ ခြေလက်တွေတောင် မသယ်ချင်တော့ဘူး။ အာခေါင်တွေပါ ခြောက်လာတယ်ဆိုရင်တော့ သင်ဝမ်းလျှောနေပါပြီ။ ဝမ်းလျှောခြင်း အကြောင်းကို အစအဆုံး လေ့လာလိုက်ရအောင်။

ဝမ်းလျှောခြင်း ဆိုတာ

ဝမ်းလျှောတယ်ဆိုတာက ဝမ်းအရည်တွေ ခဏခဏ သွားတာပါ။ ဝမ်းလျှောနေပြီဆိုရင် တစ်နေ့တာမှာ ဝမ်းအရည်တွေ ၃ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်နဲ့ အထက် သွားတာမျိုး ခံစားရနိုင်ပါတယ်။

ဝမ်းလျှောတာက လူတော်တော်များများ ခံစားရနိုင်တဲ့ ကျန်းမာရေး ကိစ္စ တစ်ရပ်ပါ။ ကံကောင်းတာ တစ်ချက်က သာမန် ဝမ်းလျှောတာက ၂ ရက် ကနေ ၃ ရက်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

တကယ်လို့ ဝမ်းလျှောတာက ၃ ရက်နဲ့အထက် ကြာနေပြီဆိုရင်တော့ ပြင်းထန်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဝမ်းလျှောတာက ၄ ပတ်ထက်မနည်း ကြာနေပြီဆိုရင်တော့ နာတာရှည် ရောဂါတစ်ခုခုရဲ့ လက္ခဏာပါ။ သေချာ ကုသမှု ခံယူဖို့ လိုပါမယ်။

ဝမ်းလျှောခြင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဝမ်းလျှောခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက တော်တော်လေး များပါတယ်။

  • မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေမှာပါတဲ့ ဘက်တီးရီးယားတွေ
  • တုပ်ကွေး ဗိုင်းရပ်စ်၊ noro ဗိုင်းရပ်စ် နဲ့ rotavirus တွေ (ကလေးတွေမှာဖြစ်တဲ့ ဝမ်းလျှောရတဲ့ အဓိက အကြောင်းအရင်းက rotavirus ပါ)
  • မသန့်ရှင်းတဲ့ အစားအစာနဲ့ သောက်သုံးရေမှာပါတဲ့ ကပ်ပါးပိုးတွေ
  • ဆေးဝါးတွေ ( ပဋိဇီဝ ဆေးဝါးတွေ၊ ကင်ဆာဆေးတွေ၊ မဂ္ဂနီဆီယမ် ပါဝင်နေတဲ့ဆေးဝါးတွေကြောင့် ဝမ်းလျှောနိုင်ပါတယ်)
  • အစားအစာ ဓာတ်မတည့်မှု (အစားအစာထဲမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ခုခုကို ချေဖျက်ဖို့ ခက်ခဲတဲ့ အခြေအနေ တစ်ရပ်ရပ်ကြောင့် ဝမ်းလျှောနိုင်ပါတယ်။ ဥပမာ နို့သကြားဓာတ် မစုပ်ယူနိုင်ခြင်း ပြဿနာပါ)
  • Crohn’s disease လိုမျိုး အစာအိမ်၊ အူသိမ် နဲ့ အူမကြီးကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ
  • Irritable bowel syndrome (IBS – နာတာရှည် အူလမ်းကြောင်း ပြဿနာစု) လိုမျိုး အူမကြီး လုပ်ဆောင်မှုအပေါ် သက်ရောက်မှုရှိတဲ့ ကျန်းမာရေး ပြဿနာတွေကြောင့် ဝမ်းလျှောတာကို ခံစားရနိုင်ပါတယ်။

တစ်ခါတလေမှာ အကြောင်းအရင်း တိတိပပ ရှာမရဘဲ ဝမ်းလျှောတာမျိုး၊ အစာအိမ်ခွဲစိတ်ကုသမှု ခံယူထားတာကြောင့် ဝမ်းလျှောတာမျိုလည်း ခံစားရနိုင်ပါတယ်။

ဝမ်းလျှောနေပြီဆိုရင် ခံစားရနိုင်မယ့် လက္ခဏာတွေ

ဝမ်းလျှောနေပြီဆိုရင်

  • ဝမ်းမအောင့်နိုင်ဘဲ ဖြစ်မယ်
  • ဝမ်းအရည်တွေ သွားမယ်
  • ဗိုက်အောင့်မယ်
  • ဗိုက်က ရစ်ပြီးနာမယ်
  • ရေအိမ် ခဏခဏပြေးနေရမယ်
  • အဖျား ရှိမယ်
  • လေပွမယ်
  • မအီမသာဖြစ်မယ်
  • ဝမ်းထဲမှာ အချွဲတွေပါမယ်
  • ဝမ်းထဲမှာ သွေးစလေးတွေပါမယ်။

တကယ်လို့ ဝမ်းသွားတာနဲ့အတူ ကိုယ်ပူမယ်၊ ချမ်းတုန်မယ်၊ သွေးစပါမယ်ဆိုရင် ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား​ကြောင့်ဖြစ်တဲ့ ဝမ်းလျှောမှုပြဿနာကို ခံစားနေရတာပါ။

ဘယ်လိုသက်သာအောင် လုပ်ရမလဲ။

ဝမ်းလျှောတာက ပြင်းထန်ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် မဟုတ်ဘူးဆိုရင်

  • ဆုံးရှုံးသွားတဲ့ ရေဓာတ် ပြည့်ဝစေဖို့ အရည် များများ သောက်ပါ။ ( ကြက်စွပ်ပြုတ်၊ ဓာတ်ဆား၊ ရေကျက်အေး၊ အုန်းစိမ်းရည်၊ အကျိုးပြုဘက်တီးရီးယားပါတဲ့ သောက်စရာ စတာတွေကို သောက်ပေးလို့ ရပါတယ်။)
  • ဝမ်းလျှောတာ နည်းနည်း သက်သာလာပြီဆိုရင် အစာ ခပ်ပျော့ပျော့လေး ( ဆန်ပြုတ်၊ မြူစွမ်ပြုတ် စတာတွေကို စားပေးလို့ ရပါတယ်။)
  • နောက်တစ်ချက်က ဆုံးရှုံးသွားတဲ့ အားအင်တွေ ပြည့်ဝစေဖို့ သက်သောင့်သက်သာ အနားယူတာပါ။ ဝမ်းလျှောတာကနေ သက်သာစမှာ သက်သောင့်သက်သာလေး အနားယူပေးပါ။ အိပ်ရေး ဝဝအိပ်ပေးပါ။

ဝမ်းလျှောတဲ့အခါမှာ အူလမ်းကြောင်းထဲမှာရှိတဲ့အကျိုးပြုဘက်တီးရီးယားတွေလည်း ဆုံးရှုံးသွားတတ်ပါတယ်။ အူလမ်းကြောင်းထဲမှာရှိတဲ့ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေ (Probiotics) တွေက အူလမ်းကြောင်းပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့၊ အာဟာရဓာတ်တွေစုပ်ယူနိုင်ဖို့နဲ့ ကိုယ်ခံအားကောင်းဖို့အတွက် အရေးကြီးပါတယ်။ အခုလိုဝမ်းလျှောသွားတဲ့အချိန်မှာ ဆုံးရှုံးသွားတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အကျိုးပြုဘက်တီးရီးယားပါတဲ့ ဆေးတစ်ခုခုသောက်သင့်ပါတယ်။

ဘယ်လိုအချိန်မှာ ဆေးခန်းသွားရမလဲ။

ဝမ်းလျှောတာက တကယ်လို့ အခုလို အခြေအနေဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ လိုပါမယ်။

  • ရက်အတော်ကြာတဲ့အထိ ဆက်တိုက် ဝမ်းလျှောနေရင်
  • ရေဓာတ် ခမ်းခြောက်လာရင်
  • ဝမ်းဗိုက် ဒါမှမဟုတ် အစာဟောင်းအိမ်က  ပြင်းပြင်းထန်ထန် နာကျင်နေရင်
  • ဝမ်းထဲမှာ သွေးပါနေရင်
  • ဝမ်းအမည်းရောင် သွားနေရင်
  • အဖျားက ၃၉ ဒီဂရီ စင်တီဂရိတ် အထက်ဖြစ်နေရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက်စေချင်ပါတယ်။

ကာကွယ်လို့ ရလား။

ဝမ်းလျှောတာက ကာကွယ်လို့ ရပါတယ်။

ဝမ်းလျှောတာက ကာကွယ်လို့ ရတဲ့ရောဂါ တစ်ရပ်ဖြစ်သလို သတိမထားမိရင် အသက်ဆုံးရှုံးနိုင်တာကြောင့် ကိုယ်တိုင်ကိုရော မိသားစုကိုပါ ဝမ်းလျှောနိုင်မယ့် အခြေအနေတွေကနေ ကာကွယ်ပေးလိုက်ကြပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Diarrhea https://medlineplus.gov/diarrhea.html Accessed Date 16 July 2020

Diarrhea https://www.mayoclinic.org/diseases-conditions/diarrhea/symptoms-causes/syc-20352241 Accessed Date 16 July 2020

What you should know about diarrhea https://www.medicalnewstoday.com/articles/158634 Accessed Date 16 July 2020

Diarrhea https://www.webmd.com/digestive-disorders/digestive-diseases-diarrhea#2 Accessed Date 16 July 2020

ယခုပုံစံ

09/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဝမ်းပျက်ဝမ်းလျှော ဖြစ်နေချိန်မှာ ဆောင်ရန်၊ ရှောင်ရန်များ

ပိုးသတ်ဆေး ကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement