backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ

ညအချိန် ကောင်းကောင်းအိပ်စက်အနားယူခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးလှပါတယ်။ မအိပ်မနေ အလုပ်လုပ်ကိုင်ခြင်းဟာ ဂုဏ်ယူစရာဖြစ်ပေမယ့် မကြာခဏ အိပ်ရေးပျက်လာမယ်ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာမှာ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာမှာ တိုးတက်ခေတ်မီပြီး အပြိုင်အဆိုင်များလာခြင်း၊ စိတ်ဖိစီးမှုများလာခြင်း စတာတွေကြောင့် အိပ်စက်ခြင်းကို ထိခိုက်လာစေပါတယ်။ ဒီတစ်ခေါက်တော့ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ

အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ ဘာကြောင့် အိပ်ရေးဝဝအိပ်သင့်သလဲ ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

၁။ အိပ်ရေးမဝရင် ကိုယ်အလေးချိန်တက်လာပါလိမ့်မယ်။

အိပ်ချိန် ကောင်းကောင်းမရှိခြင်းဟာ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ သုတေသနစာတမ်းအချို့အရ အိပ်စက်ချိန် အလုံအလောက်မရှိသူများဟာ အိပ်ရေးဝသူများထက် သိသိသာသာ ဝတတ်တယ်လို့ သိရပါတယ်။ တကယ်တော့ အဝလွန်ခြင်းနဲ့ အိပ်ချိန် နည်းပါးခြင်းဟာ သိသာစွာ ဆက်စပ်မှု ရှိပါတယ်။ သုတေသနတခုမှာ အိပ်စက်ချိန် အလုံအလောက်မရှိတဲ့ ကလေးနဲ့လူကြီးတွေကို လေ့လာခဲ့ပါတယ်။ လေ့လာရာမှာ ကလေးများဟာ အဝလွန်ခြင်း ဖြစ်နိုင်ခြေ ၈၉%ရှိပြီး လူကြီးများကတော့ ၅၅% ရှိကြောင်း တွေ့ရှိရပါတယ်။ အိပ်ရေးပျက်တဲ့အခါ ဟော်မုန်းမမျှတခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုရန် စိတ်မပါခြင်း စတာတွေကြောင့် အဝလွန်လာတတ်ပါတယ်။

၂။ အိပ်ရေးဝသူများဟာ ကယ်လိုရီနည်းနည်းပဲ စားဖြစ်ပါတယ်။

အိပ်ရေးမဝသူများဟာ အစားအသောက်ကို ပိုစားခြင်လာပြီး ကယ်လ်လိုရီများများ စားဖြစ်သွားပါတယ်။ အိပ်ရေးပျက်တဲ့အခါ စားကောင်းသောက်ကောင်းဖြစ်စေမယ့် ဟော်မုန်းတွေ အတက်အကျမမှန်တာကြောင့် အစားပျက်လာတတ်ပါတယ်။ စားမြိန်ခြင်းကို ဖြစ်စေတဲ့ ghrelin ဟော်မုန်း၊ စားသောက်ချင်စိတ်ကို တားထားတဲ့ leptin ဟော်မုန်း စတာတွေကို အတက်အကျဖြစ်စေပါတယ်။

၃။ အိပ်ရေးမဝခြင်းဟာ အာရုံစူးစိတ်မှုအား လျော့ကျစေပြီး ဖန်တီးလုပ်ကိုင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။

အိပ်စက်ခြင်းဟာ ဦးနှောက်ရဲ့ လုပ်ငန်းတာဝန်မျိုးစုံအတွက် အရေးကြီးလှပါတယ်။ သိမြင်မှတ်သားခြင်း၊ အာရုံစူးစိုက်ခြင်း၊ ဖန်တီးတွေးခေါ်ခြင်း စတာတွေ ဖြစ်ပါတယ်။ အိပ်ရေးမဝရင် အဆိုပါ လုပ်ငန်းတာဝန်တွေကို ထိခိုက်လာစေပါတယ်။

ဆေးရုံတစ်ခုရဲ့ အလုပ်သင်ဆရာဝန်တွေကို လေ့လာရာမှာ ၂၄ နာရီထက်ကျော်လွန်ပြီး တာဝန်ကျသူများဟာ ပုံမှန်တာဝန်ထမ်းဆောင်သူများထက် ၃၆% အမှားအယွင်းတွေ ရှိလာတယ်လို့ ဆိုပါတယ်။ တခြားသုတေသနတခုမှာ ဖော်ပြထားတာကတော့ အိပ်ချိန် တိုတောင်းခြင်းဟာ အရက်မူးသလိုပဲ ဦးနှောက်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

တဖက်ကကြည့်ရင် အိပ်ရေးဝခြင်းဟာ ပြဿနာဖြေရှင်းမှုစွမ်းရည်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှုတွေကို တက်လာစေပါတယ်။

၄။ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးတက်လာစေပါတယ်။

အိပ်စက်ပုံမမှန်ခြင်း၊ လုံလောက်သော အိပ်ချိန် မရှိခြင်း စတာတွေဟာ ရောဂါမျိုးစုံ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေပါတယ်။ အဲဒီအထဲမှာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းလည်း ပါဝင်ပါတယ်။ သုတေသနစာစောင်တွေမှာ ဖော်ပြချက်အရ အိပ်ချိန် ကောင်းကောင်းမရှိသူများဟာ တညကို ၇-၈နာရီ အိပ်စက်သူများထက် နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။

၅။ အိပ်စက်ခြင်းဟာ ဂလူးကို့စ်ရဲ့ ဇီဝဖြစ်ပျက်မှုနဲ့ အမျိုးအစား ၂ ဆီးချို စတာတွေအပေါ် သက်ရောက်မှုရှိပါတယ်။

သုတေသနတခုမှာ တွေ့ရှိတာကတော့ ယခင်က ကျန်းမာရေးကောင်းသူ အမျိုးသားများဟာ တနေ့ကို အိပ်ချိန် ၄နာရီလောက်နဲ့ တပတ်နီးပါး ဆက်တိုက် အိပ်ရေးပျက်သွားပြီးချိန်မှာ ဆီးချိုရဲ့ ကနဦးလက္ခဏာတွေ တွေ့လာရခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တပတ်လောက် အိပ်ရေးဝဝ အိပ်လိုက်ရင် အဆိုပါလက္ခဏာတွေ ပြန်လည်ပျောက်ကွယ်သွားတာ တွေ့ရပါတယ်။ ဒါ့အပြင် အိပ်ရေးမဝခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရခက်လာစေပါတယ်။ အိပ်ချိန် ၆နာရီထက်နည်းပြီး အမြဲတမ်းအိပ်စက်နေမယ်ဆိုရင်တော့ အမျိုးအစား ၂ ဆီးချို ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

၆။ အိပ်ရေးပျက်ခြင်းဟာ စိတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။

စိတ်ဓာတ်ကျခြင်းနဲ့ အိပ်စက်ပုံမမှန်ခြင်း၊ အိပ်မရခြင်း စတာတွေဟာ အခိုင်အမာ ဆက်နွယ်နေပါတယ်။ ဒါ့အပြင် အိပ်ရေးမဝခြင်းဟာ မိမိကိုယ်ကို သတ်သေခြင်းကိုပါ ဖြစ်နိုငခြေ မြင့်တက်စေတယ်လို့ ဆိုပါတယ်။ အိပ်မပျော်ခြင်း (Insomnia)၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း (obstructive sleep apnea) စတာတွေဟာ စိတ်ကျရောဂါနဲ့ ဆက်စပ်နေပါတယ်။

၇။ အိပ်ရေးပျက်ခြင်းဟာ ကိုယ်ခံအားကို ကျဆင်းစေပါတယ်။

အိပ်ရေးအနည်းငယ်ပျက်ရုံနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။ အအေးမိဖျားနာဖြစ်ပွားသူတချို့ကို လေ့လာကြည့်ရာမှာ တရက်ကို ၇နာရီအောက် အိပ်စက်သူများဟာ တရက်ကို ၈နာရီအထက် အိပ်စက်သူများထက်စာရင် အအေးမိတုပ်ကွေး ဖြစ်နိုင်ခြေ သုံးဆပိုများတယ်လို့ ဆိုပါတယ်။ မကြာခဏ အအေးမိဖျားနာဖြစ်မယ်ဆိုရင် တညကို အနည်းဆုံး ၈နာရီ အိပ်စက်သင့်ပါတယ်။

၈။ အိပ်ရေးပျက်ခြင်းဟာ ရောင်ရမ်းမှုကို ပိုမိုဆိုးရွားစေပါတယ်။

ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ဓာတ်တွေကို တိုးမြှင့်ပေးပြီး ဆဲလ်များကို ပျက်စီးစေပါတယ်။ အိပ်ရေးပျက်တာကြာလာရင် အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ ခရွမ်းရောဂါဖြစ်ပွားနေသူများအနက်မှ အိပ်ရေးပျက်လေ့ရှိသူများဟာ ပုံမှန်အိပ်စက်သူများထက် ရောဂါပြန်ဖြစ်ပွားနိုင်ခြေ နှစ်ဆရှိတယ်လို့ သိရပါတယ်။

၉။ အိပ်ရေးပျက်ခြင်းကြောင့် လူမှုဆက်ဆံရေးပါ ထိခိုက်စေနိုင်ပါတယ်။

အိပ်ရေးပျက်ခြင်းကြောင့် လူမှုပေါင်းသင်းဆက်ဆံရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဒေါသထွက်လွယ်ခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ကျိုးကြောင်းဆင်ခြင်းနိုင်စွမ်း အားနည်းခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ခြင်းဟာ လူမှုပေါင်းသင်း ဆက်ဆံရေးမှာ ဆိုးကျိုးဖြစ်စေပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement