အခုကာလက တုပ်ကွေး အဖြစ်များတဲ့ ကာလပါ။ နှစ်စဉ် မိုးကျလာပြီဆိုရင် တုပ်ကွေးကလည်း မိုးနဲ့အတူ ပါလာတတ်တဲ့ အရာပေါ့။ တုပ်ကွေးက စကားလုံးကသာ တုပ်ကွေးလို့ ဆိုတာ တုပ်ကွေး ဖြစ်ပြီဆိုရင် ခံစားရတာ အတော်လေး မသက်သာလှပါဘူး။ ဒီတော့ အခုလို တုပ်ကွေးအဖြစ်များတဲ့ ကာလမှာ တုပ်ကွေးကာကွယ်ဖို့ ဘာတွေကို အဓိကထား စားပေးသင့်လဲဆိုတာကို Helloဆရာဝန် ပရိသတ်ကြီးအတွက် ပြောပြပေးသွားပါမယ်။
တုပ်ကွေးရာသီမှာ တုပ်ကွေးကာကွယ်ဖို့ ဒါတွေစားပေးပါ………..
တုပ်ကွေးရာသီမှာ တုပ်ကွေးကွေးကြသူတွေထဲ မပါစေဖို့ဆိုရင်တော့ နေ့စဉ်စားသုံးမှုမှာ ဒါလေးတွေ ထည့်စားပေးဖို့ လိုပါမယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ သာမန်အအေးမိ ဖျားနာတာကစလို့ တုပ်ကွေးတွေအထိပါ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတယ် လို့ ၂၀၀၄ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ သိရပါတယ်။
ဒါ့ကြောင့် ဒီကာလမှာ တုပ်ကွေးကာကွယ်ဖို့ဆိုရင် ကြက်သွန်ဖြူလေးကို ဟင်းချက်တိုင်း ထည့်ချက်ပေးဖို့ အကြံပြုပါရစေ။
ချင်း (ဂျင်း)
ချင်း (ဂျင်း) က အူမကြီးကို သန့်စင်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင် အာနိသင် ပြည့်ဝတဲ့ မီးဖိုချောင်တွင်းက ဆေးတစ်လက်ပါ။ ဟင်းချက်တဲ့အခါ ချင်း(ဂျင်း) ထည့်ချက်တာ၊ ချင်း (ဂျင်း) လက်ဖက်ရည် နွေးနွေးလေး သောက်ပေးတာက မိုးအေးအေးမှာ နွေးထွေးစေပြီး တုပ်ကွေး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်မှာပါ။
လေးညှင်းပွင့်
လေးညှင်းပွင့်က ကိုယ်ခံအားကို အားဖြည့်ပေးပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေ ကူးစက်ခံရမှုကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာကြောင့် တုပ်ကွေးကာလမှာ မေ့မထားသင့်တဲ့ ဆေးတစ်လက်ပါ။
မုန်လာဥနီ
မုန်လာဥနီမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ beta carotene နဲ့ ဗီတာမင် A တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ မုန်လာဥနီက သွေးအားပြည့်စေသလို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
ဥအမျိုးမျိုး
ဆီလီနီယမ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ဥအမျိုးမျိုးက သိုင်းရွိုက်ဂလင်းကို ကျန်းမာစေပြီး ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။ နောက်တစ်ချက်က ကြက်ဥ၊ ဘဲဥတွေမှာ ပရိုတင်းနဲ့ အမိုင်နိုင် အက်ဆစ်တို့ ကြွယ်ဝစွာပါဝင်နေတာပါ။
ပရိုတင်း ကြွယ်ဝမှုက ကိုယ်ခံအားစနစ်က T-cell တွေကို အားဖြည့်ပေးပြီး အအေးမိ၊ တုပ်ကွေးမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ကီဝီသီး
ကီဝီသီးမှာ ဗီတာမင် C၊ carotenoidsနဲ့ polyphenols တို့ ပါဝင်နေမှုက ကိုယ်ခံအားကို အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဖျားနာမှု ကင်းစေဖို့ ကူညီပေးသလို အဖျား တာတိုစေဖို့လည်း ထောက်ကူပေးပါတယ်။ အခုလို တုပ်ကွေးရာသီမှာ ကီဝီသီးလိုမျိုး ဗီတာမင် C ကြွယ်ဝတဲ့ အသီးတွေ စားပေးတာက တုပ်ကွေးကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။
ကိုက်လန်
ကိုက်လန်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာ ပါဝင်နေသလို ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါ့အပြင် သံဓာတ် ကြွယ်ဝစွာ ပါဝင်နေမှုက ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ဖရုံစေ့
ဖရုံစေ့မှာ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အအေးမိ၊ တုပ်ကွေးတို့ကို ကာကွယ်တိုက်ထုတ်ဖို့ အထိရောက်ဆုံး အားဖြည့်ပေးပါတယ်။ တုပ်ကွေး ကာကွယ်ဖို့ တစ်နေ့ကို ဖရုံစေ့ လက်တစ်ဆုပ်စာ စားပေးဖို့ လိုပါမယ်။
အယ်လ်မွန်စေ့
အယ်လ်မွန်စေ့မှာ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေပြီး ဆဲလ်တွေကို ပျက်စီးမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အယ်လ်မွန်စေ့ အပေါ်ယံလွှာမှာပါတဲ့ ဓာတ်တစ်မျိုးက ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ်။
အခုလို တုပ်ကွေး အဖြစ်များတဲ့ ကာလကို ကျန်းကျန်းမာမာ ကျော်ဖြတ်နိုင်ဖို့ဆိုရင် အခုပြောခဲ့တဲ့ အစားအစာလေးတွေထဲက တစ်ခု ဒါမှမဟုတ် နှစ်ခုလောက်ကို စားသုံးပေးဖို့ လိုပါမယ်။
ကဲ…… တုပ်ကွေးရာသီကို အကောင်းဆုံး ကျော်ဖြတ်ကြဦးစို့လား စာဖတ်သူတို့ရေ………….
[embed-health-tool-bmi]