backup og meta

ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ


Ye Myo Myat မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ

    အာဟာရမျှတပြီး ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ပေးနိုင်တဲ့ ဆေးစာတွေထဲမှာ မုန်လာဥနီဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ဝါးစားလို့ ရပြီး အရသာလည်း ရှိသလို ဗီတာမင်များစွာ ပါဝင်တယ်။ အမျှင်ဓာတ်နဲ့ ခန္ဓာကိုယ်အကျိုးပြု antioxidant တွေ ပေါကြွယ်ဝပါတယ်။

    သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချပေးလို့ ကိုယ်အလေးချိန်ကိုလည်း ကျစေနိုင်တယ်။ မျက်စိကျန်းမာရေးအတွက် အရေးပါတဲ့ အားဆေးတစ်ခွက်လို့ ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

    မုန်လာဥနီမှာ ကင်ဆာရောဂါ၊ နှလုံးနဲ့ သွေးတိုးကို ကာကွယ်ပေးနိုင်တဲ့ antioxidant တွေအပြင် ဗီတာမင်အမျိုးမျိုး၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ပိုတက်စီယမ်ဓာတ် အစရှိတဲ့ သတ္တုဓာတ်တွေ ပါဝင်လို့ နေ့စဉ်အာဟာရအတွက် မရှိမဖြစ် ထည့်သွင်းစားပေးဖို့ လိုအပ်ပါတယ်။

    မုန်လာဥနီရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ။

    ၁။ ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    မုန်လာဥနီမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေတဲ့ antioxidant တွေအပြင် ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်ပါတယ်။ ကင်ဆာရောဂါတွေကို ဖြစ်မလာနိုင်အောင် တားဆီးပေးနိုင်တဲ့ carotenoids လို့ ခေါ်တဲ့ ဓါတ်ပေါင်းများစွာ ပါဝင်လို့ မုန်လာဥနီကို နေ့စဉ် ပုံမှန်စားပေးသင့်ပါတယ်။ မုန်လာဥနီဟာ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ သွေးကင်ဆာနဲ့ အမျိုးသားတွေမှာ ဆီးကြိတ်ကင်ဆာဖြစ်နိုင်ခြေ အလွန်လျော့နည်းစေနိုင်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

    ၂။ အမြင်အာရုံကြည်လင်စေတယ်။

    ဗီတာမင် A ပေါကြွယ်ဝတဲ့ မုန်လာဥနီကို မျက်စိကျန်းမာရေးအတွက် အထူးကောင်းတဲ့ အားဆေးအဖြစ် လူသိများကြပါတယ်။ မုန်လာဥနီဟာ မျက်စိအားကောင်းစေတယ်၊ အမြင်ကြည်လင်စေတယ်၊ ညဘက်တွေမှာ ကောင်းစွာမြင်နိုင်အောင် ကူညီပေးနိုင်တယ်။ ဗီတာမင် A ချို့တဲ့တဲ့ ကလေးတွေကို မုန်လာဥနီ နေ့စဉ်ပုံမှန် ကျွေးပေးခြင်းဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိအားနည်းတာ၊ မျက်စိမှုန်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ၃။ ဆီးချိုထိန်းပေးနိုင်တယ်။

    မုန်လာဥနီမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ antioxidant တွေနဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်လို့ ဆီးချိုရောဂါရှင်တွေ ပုံမှန်စားပေးသင့်တဲ့ အစားအစာထဲမှာ တစ်ခုအပါအဝင်ပါပဲ။

    ၄။ သွေးတိုးရောဂါရှင်တွေအတွက် အထူးသင့်လျော်တယ်။

    မုန်လာဥနီမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး ပိုတက်စီယမ်ဓါတ်ပေါကြွယ်လို့ သွေးတိုးကို ထိန်းပေးနိုင်တဲ့အပြင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာဖြစ်တဲ့ နှလုံးရောဂါ မဖြစ်အောင်ပါ ကာကွယ်ပေးနိုင်ပါတယ်။

    ၅။ ကိုယ်ခံအားကောင်းစေတယ်။

    မုန်လာဥနီမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် C ဓါတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် C ဟာ ကိုယ်ခံအားကို ကောင်းစေတယ်၊ ကိုယ်ခန္ဓါထဲ ဝင်လာတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးနိုင်တယ်။ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အအေးမိဝေဒနာကို သက်သာစေပြီး ရောဂါအမြန်ပျောက်ကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။

    မုန်လာဥနီကို ဟင်းအနေနဲ့ရော၊ စွပ်ပြုတ်အနေနဲ့ပါ ထည့်သွင်းစားသုံးနိုင်ပါတယ်။သေချာဆေးကြောပြီး အစိမ်းစားလို့လည်း အဆင်ပြေစေသလို ငှက်ပျောသီးလို သစ်သီးတွေနဲ့ရောကြိတ်ပြီးဖျော်ရည်အနေနဲ့သောက်သုံးရင်လည်း အဆင်ပြေပါတယ်။

    ကဲ….. ယုန်လေးတွေ ကြိုက်တဲ့ မုန်လာဥနီက ယုန်လေးတွေ အတွက်တင်မဟုတ်ဘဲ လူသားတွေကိုပါ အကျိုးပြုနေတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement