backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အူမကြီးကို ဒီလိုသန့်ရှင်းကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အူမကြီးကို ဒီလိုသန့်ရှင်းကြမယ်

ခန္ဓာကိုယ်ကလည်း တကယ်တော့ စက်ယန္တရားတစ်ခုပါပဲ။ အစိတ်အပိုင်းတိုင်းက ကောင်းကောင်းလည်ပတ်နေမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ ဒီတော့ ခေါင်းကနေစလို့ ခြေဖျားအထိ အကောင်းဆုံးဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မြင်ရတဲ့ အစိတ်အပိုင်းတွေကိုက ဂရုစိုက်ရတာလွယ်ပေမယ့် မမြင်ရတဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေကိုတော့ ဂရုစိုက်ရတာခက်ခဲပါတယ်။ ဒါပေမယ့်လည်း ခန္ဓာကိုယ်ကြီး ကျန်းမာဖို့ကတော့ တတ်နိုင်တဲ့ဘက်က ဂရုစိုက်ရမှာပါပဲ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အူမကြီးကို အိမ်မှာပဲ ဘယ်လိုသန့်စင်ရမလဲဆိုတဲ့အကြောင်းလေးပြောပြပေးပါရစေ။

အူမကြီးရဲ့ အခန်းကဏ္ဍ

အူမကြီးက အစာခြေစနစ်အဖွဲ့ဝင်တစ်ဦးပါ။ အစာခြေလမ်းကြောင်းတလျှောက် ချေဖျက်မှုအတွင်း မချေဖျက်နိုင်တဲ့ အစားအစာတွေထဲမှာပါတဲ့ ရေဓာတ်၊ ဆားဓာတ်၊ ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူတဲ့တာဝန်၊ အူသိမ်ထဲမှာချေဖျက်လို့မရတဲ့ အစားအစာတွေကို ချေဖျက်ဖြိုခွဲမှုနဲ့ ချေဖျက်မရတဲ့အစားအစာတွေကို ပြင်ပကို စွန့်ထုတ်ရတဲ့ တာဝန်တွေကို ထမ်းဆောင်ပေးနေတာပါ။

အူမကြီးကောင်းကောင်းအလုပ်မလုပ်ရင်

တကယ်လို့ အူမကြီးက အလုပ်ကောင်းကောင်းမလုပ်ဘူးဆိုရင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ခက်သလို ခေါင်းကိုက်တာ၊ လေပွတာ၊ လေအောင့်တာ၊ ဗိုက်တင်းတာ၊ ခြေကုန်လက်ပမ်းကျတာ နဲ့ ကိုယ်တွင်းမှာအဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေထွက်လာတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားစွန့်ထုတ်ပစ်ဖို့နဲ့ အူတွင်း အကျိုးပြုဘက်တီးရီးယားတွေ တိုးလာစေဖို့အတွက် အူမကြီးကိုသန့်စင်ပေးဖို့လိုပါမယ်။

အူမကြီးသန့်စင်ကျန်းမာနေပါမှ ကိုယ်တွင်းအဆိပ်အတောက်တွေကို ထိထိရောက်ရောက်ဖယ်ရှားနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် နဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်မှာပါ။ ဒီတော့ ခန္ဓာကိုယ် ကျန်းမာဖို့လိုအပ်တဲ့ အူမကြီးကိုသေချာဂရုစိုက်ဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုလောက်အောင်ပါ။

အူမကြီးကို သန့်စင်စေဖို့

အူမကြီးကိုသန့်စင်ဖို့ အစားအသောက်တွေနဲ့တင် လုပ်ဆောင်ပေးလို့ရပါတယ်။

အူမကြီး ကျန်းမာစေဖို့ ဒါတွေစားပါ

  • ပန်းဂေါ်ဖီစိမ်း
  • အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်
  • နို့
  • ရက်စ်ဘယ်ရီသီး
  • အုတ်ဂျုံ
  • သောက်ရေ
  • ကွေကာအုတ်
  • ရှားစောင်းလက်ပပ်
  • ချင်း (ဂျင်း) တို့က အူမကြီးကိုသန့်စင်စေနိုင်တဲ့ အစားအသောက်တွေပါ။

ဒါလေးတွေကလည်း အူမကြီးကို သန့်စင်ရာမှာ အထောက်အကူပြုပေးပါသေးတယ်

အုတ်ဂျုံ – အမျှင်ဓာတ်၊ ကယ်လ်ဆီယမ်၊ဗီတာမင် D တို့ပါဝင်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေပြီး ဝမ်းချုပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အူမကြီးအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ စားသုံးသင့်တဲ့ အစားအစာတစ်ခုပေါ့။

သောက်ရေ -ရေသောက်ပေးတာက အူမကြီးကို သန့်စင်ပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။ အူမကြီးသန့်စင်စေဖို့ တစ်နေ့ကို ရေ ၁၀ ခွက် ကနေ ၁၂ ခွက်အထိသောက်ပေးပါ။

ပန်းသီးဖျော်ရည် – အူမကြီးသန့်စင်စေဖို့အတွက် အကောင်းဆုံး အိမ်တွင်းကုထုံးတစ်ခုပါ။ နေ့စဉ် ပန်းသီးဖျော်ရည်တစ်ခွက်သောက်ပေးတာက ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို အသည်းနဲ့ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ မနက်ခင်းမှာ ရံဖန်ရံခါလောက် ပန်းသီးဖျော်ရည်တစ်ခွက်လောက် သောက်ပေးပါ။

သံပုရာရည် – ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ၊ ဗီတာမင် C တို့ကြွယ်ဝတဲ့ သံပုရာရည်ကလည်း အူမကြီးကို ထိထိရောက်ရောက်သန့်စင်ပေးနိုင်မှာပါ။ မနက်အိပ်ရာထတဲ့အချိန်မှာ ရေနွေးနွေးလေးထဲကို သံပုရာသီးတစ်စိတ်စာညှစ်ထည့်ပြီး သောက်ပေးလို့လည်း ရပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည်မုန်လာဥနီ၊ ကိုက်လန်၊ မြင်းခွာရွက် တို့လိုမျိုး ဟင်းသီးဟင်းရွက်တွေကို ဖျော်သောက်ပေးမယ်ဆိုရင်လည်း အူမကြီးကိုသန့်စင်ပေးနိုင်မှာပါ။

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ – အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ရက်စ်ဘယ်ရီ၊ ပန်းသီး၊ သစ်တော်သီး၊ ပန်းဂေါ်ဖီစိမ်းတို့လိုမျိုး အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကလည်း အူမကြီးသန့်စင်စေဖို့ အထောက်အကူပြုပေးပါတယ်။

ဒိန်ချဉ် – အူမကြီးကျန်းမာရေးအတွက် အကောင်းဆုံးအထောက်အပံ့ပေးနိုင်တဲ့ အစားအစာတစ်ခုပါ။ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေမှုက အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေပါတယ်။ အူမကြီးအတွင်းနံရံက ဆဲလ်တွေကို ကြီးထွားဖွံ့ဖြိုးစေနိုင်တဲ့ ကယ်လ်ဆီယမ်ပါဝင်နေပြီး အူမကြီးကို သန့်စင်ကျန်းမာစေနိုင်ပါတယ်။

ရှားစောင်းလက်ပပ် – အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် အူမကြီးကို အကောင်းဆုံးသန့်စင်ပေးနိုင်မှာပါ။ ခေါင်းကိုက်တာ၊ အရေပြားပြဿနာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာနဲ့ အစာအိမ်နာတာတွေအတွက်လည်း ရှားစောင်းလက်ပပ်က ဆေးဖက်ဝင်ပါတယ်။ ရှားစောင်းလက်ပပ်ကို သံပုရာရည်နဲ့ရောပြီးသောက်ပေးလို့ရပါတယ်။

ချင်း (ဂျင်း) –လေပွတာကို သက်သာစေပြီး အူမကြီးကိုအကောင်းဆုံးလုပ်ဆောင်နိုင်အောင် အထောက်အကူပြုပေးပါတယ်။ အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို စွန့်ထုတ်နိုင်စေဖို့ လုပ်ဆာင်ပေးသလို အစာခြေရည်တွေ ထွက်လာအောင်လည်း လှုံ့ဆော်ပေးပါတယ်။ ချင်းသတ္တုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေးတစ်ခွက်စာနဲ့ရောပြီး တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိသောက်ပေးပါ။

ဒီလို ထိရောက်လွယ်ကူတဲ့ နည်းလမ်းတွေကို သုံးပြီးအစာခြေစနစ်ကျန်းမာအောင်ဂရုစိုက်ပြီး ခန္ဓာကိုယ်ကျန်းမာစေဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေတဲ့ အူမကြီးကိုသန့်စင်ပေးလို့ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုက်ပါ…….

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement