ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ဖြစ်ပွားနေတဲ့ မျောက်ကျောက်ရောဂါက ကိုယ်ဝန်ဆောင်မေမေတွေမှာ ကူးစက်နိုင်လား။ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်လဲ။ ကိုယ်ဝန်ဆောင်မေမေတွေ အနေနဲ့ မျောက်ကျောက်ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ အတူတူ ကြည့်လိုက်ရအောင်နော်။
မျောက်ကျောက်ရောဂါ ဆိုတာ
မျောက်ကျောက်ရောဂါ ဆိုတာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရတာကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ဖြစ်ခဲတဲ့ ရောဂါတစ်မျိုးပါ။ မျောက်ကျောက်ဗိုင်းရပ်စ်က Poxviridae ဗိုင်းရပ်စ် မျိုးရင်းဝင် ဖြစ်ပြီး Orthopoxvirus ဗိုင်းရပ်စ် မျိုးစုဖြစ်ပါတယ်။ Orthopoxvirus မျိုးစုထဲမှာ ကျောက်ကြီးရောဂါဖြစ်စေတဲ့ Variola ဗိုင်းရပ်စ်၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ vaccinia ဗိုင်းရပ်စ်နဲ့ နွားကျောက် ဗိုင်းရပ်စ်တို့ ပါဝင်နေပါတယ်။
မျောက်ကျောက်ရောဂါကို 1958 ခုနှစ်က သုတေသန လုပ်ဖို့ ခေါ်ဆောင်လာခဲ့တဲ့ မျောက်တွေမှာ စတင်တွေ့ရှိခဲ့တာကြောင့် မျောက်ကျောက်လို့ အမည်ပေးခဲ့တာပါ။
မျောက်ကျောက်ရောဂါက 1970 ခုနှစ်မှာ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ [Democratic Republic of the Congo (DRC) ] မှာ လူတွေမှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ ကျောက်ရောဂါ ပပျောက်ရေး အစွမ်းကုန်ကြိုးပမ်းနေချိန်မှာ စဖြစ်ပွားခဲ့တာပါ။ ထိုစဉ်ကတည်းက မျောက်ကျောက်ရောဂါဟာ အလယ်ပိုင်းနဲ့ အနောက်ပိုင်း အာဖရိက နိုင်ငံတွေ ဖြစ်ကြတဲ့ ကွန်ဂို၊ ဂေဘွန်၊ လိုင်ဘေးရီးယား၊ နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တာပါ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာတော့ အများဆုံး ကူးစက်ဖြစ်ပွားခဲ့တာပါ။
အမေရိကန် ပြည်ထောင်စု၊ အစ္စရေး၊ စင်ကာပူ နဲ့ ယူကေ အပါအဝင် အာဖရိက ပြင်ပနိုင်ငံတွေမှာ လူသားတွေမှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ့ရှိရတာက ကမ္ဘာလှည့် ခရီးသွားလာမှုတွေနဲ့ တိရစ္ဆာန် တင်ပို့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါဟာ အာဖရိကဒေသက ကိုက်ဖြတ်စား သတ္တဝါမျိုးစိတ်တွေနဲ့ မျောက်လိုမျိုး လူသားမဟုတ်တဲ့ ပရိုင်းမိတ်မျိုးစိတ်တွေကနေတဆင့် လူသားတွေဆီကို ကူးစက်တာဖြစ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါ ဘယ်လို ကူးစက်နိုင်သလဲ ………….
မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။
- ရောဂါပိုး ကူးစက်ခံထားရတဲ့ တိရစ္ဆာန်၊ လူတွေနဲ့ ထိတွေ့တာ
- ရောဂါပိုး ပေကျံနေတဲ့ အရာဝတ္ထုတွေ၊ မျက်နှာပြင်တွေကို ကိုင်တွယ်ထိတွေ့မိတာ
- အရေပြား ပေါက်ပြဲတဲ့နေရာတွေကနေတဆင့် သွေး၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေ ဝင်ရောက်ပြီး ကူးစက်တာ
- ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အမှုန်တွေ အသက်ရှူ လမ်းကြောင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကနေ ဝင်ရောက်တာကြောင့် ကူးစက်တာ
- ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကိုက်ခံရတာ
- အနာထဲကို ရောဂါပိုးရှိတဲ့ သွေး၊ ခန္ဓာကိုယ်က အရည်တစ်မျိုးမျိုး ဝင်ရောက်တာ
- ရောဂါပိုးရှိတဲ့ တိရစ္ဆာန် ကုတ်ခံရတာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန် အသားကို စားမိတာ
- ရောဂါပိုး ရှိတဲ့ တိရစ္ဆာန်ကို နမ်းရှုံ့တာ
- အရည်ကြည်ဖုက အရည်တွေ ပြည်တွေ ထိတွေ့ထားတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့မိတာ
- ရောဂါပိုးရှိသူနဲ့ အချိန် အတော်ကြာ နီးနီးကပ်ကပ် ထိတွေ့မိတာ
- ရောဂါပိုး ရှိသူရဲ့ အသုံးအဆောင်၊ အိပ်ရာခင်း စတာတွေကို အသုံးပြုမိတာ
- ရောဂါပိုး ကူးစက်ခံထားရသူနဲ့ အတူနေမိတာတွေကြောင့် ကူးစက်ခံရနိုင်ပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ
လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး ၅ ရက်ကနေ ၂၁ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။
မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အစောပိုင်း ကာလမှာ
- ဖျားတာ
- ခေါင်းကိုက်တာ
- နောက်ကျောတွေ ခါးတွေ နာတာ
- ပြန်ရည်ကျိတ်တွေ ရောင်ရမ်းတာ
- ချမ်းတုန်တာ
- ခြေကုန်လက်ပမ်းကျတာ၊ မောပန်းလွယ်တာတွေ ခံစားရနိုင်ပါတယ်။
အဖျားဝင်ပြီး ၁ ရက်ကနေ ၃ ရက်အတွင်းမှာ
- အဖျား ဆက်ရှိနေတာနဲ့ အတူ အဖုအပိမ့်တွေ ထွက်လာမှာပါ။ မျက်နှာမှာ စထွက်တတ်ပြီး ဒီကနေမှ ခန္ဓာကိုယ် အခြား အစိတ်အပိုင်းတွေဆီ ပြန့်သွားပါတယ်။
ဒီလို အဖုအပိမ့်တွေ ထွက်လာပြီးတဲ့ နောက်မှာတော့ နောက်ထပ် အဆင့်တွေအနေနဲ့
- အသားအရေ အရောင်ပြောင်းတာ
- အနာစက်တွေ ထွက်လာတာ
- အရည်ကြည်ဖုတွေ ထွက်လာတာ
- ပြည်တည်နာလို ပြည်ဖုလေးတွေ ဖြစ်လာတာ
- အနာတွေ ဖြစ်လာတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီ မျောက်ကျောက်ရောဂါကို သီတင်းပတ် ၂ ပတ်ကနေ ၄ ပတ်လောက်အထိ ခံစားရနိုင်ပါတယ်။ ၄ ပတ်လောက် အကြာမှာ ပြန်သက်သာသွားတာမျိုး ရှိပါတယ်။ အာဖရိကမှာတော့ မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးလောက် သေဆုံးတာမျိုး ရှိပါတယ်။
မျောက်ကျောက်ရောဂါကာကွယ်ဆေး ရှိလား
ကျောက်ကြီး ရောဂါ နဲ့ မျောက်ကျောက်ရောဂါက လက္ခဏာတွေ ဆင်တူတာကြောင့် ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို မျောက်ကျောက်ရောဂါ ကာကွယ်ဖို့ ထိုးနှံလို့ ရတယ်ဆိုပေမယ့် ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပါဘူး။ မျောက်ကျောက်ရောဂါအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ခြေ ပိုများသလား
ကိုယ်ဝန်ဆောင်မေမေ နဲ့ မျောက်ကျောက်ရောဂါ
ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမယ်ဆိုရင် မေမေမှာ ထိခိုက်နိုင်သလို မွေးလာမယ့် ဘေဘီလေးမှာလည်း ကျန်းမာရေး ပြဿနာတွေ ရှိနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက မျောက်ကျောက်ရောဂါ ကူးစက်ခံရမယ်ဆိုရင် မိခင်ကနေတဆင့် သားအိမ်ထဲမှာ ရှိနေတဲ့ သန္ဓေသားဆီကို ကူးစက်ရောက်ရှိသွားပြီး ဘေဘီလေးမှာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာလိုမျိုး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေ မှာလည်း မျောက်ကျောက်ကြောင့် ဖြစ်တဲ့ ထိခိုက်မှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။
ဘယ်လို ကာကွယ်မလဲ
မျောက်ကျောက်ရောဂါ မကူးစက်အောင် ကာကွယ်လို့ ရပါတယ်။
လိုက်နာရမယ့် အချက်များ
- အပြင်က ပြန်လာတိုင်း ရေနဲ့ ဆပ်ပြာသုံးပြီး လက်ဆေးတာ၊ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင် အရက်ပြန်ပါတဲ့ ရေမလို လက်သန့်ဆေးရည်နဲ့ ဆေးကြောတာ
- တစ်ခုခုကို ကိုင်တွယ်ပြီးချိန်နဲ့ အစားမစားခင်၊ မျက်နှာကို လက်နဲ့ ကိုင်တွယ်တာမျိုး မလုပ်ခင်မှာ လက်ဆေးတာ
- သေချာစွာ ချက်ပြုတ်ထားတဲ့ အသားတွေကိုပဲ စားတာ
- တစ်ကိုယ်ရေ သန့်ရှင်းရေး သေချာ ဂရုစိုက်တာ
- လူထူတဲ့နေရာတွေကို ရှောင်တာ
- အပြင်သွားတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း သေချာ တပ်ဆင်တာ မျိုး လုပ်ဆောင်ဖို့ လိုပါမယ်။
- တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ( အထူးသဖြင့် ဖျားနာနေတာ၊ သေဆုံးနေတဲ့ သတ္တဝါတွေကိုပါ)
- ဖျားနာနေတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူ အသုံးပြုထားတဲ့ အသုံးအဆောင်တွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုတာမျိုး မလုပ်ပါနဲ့
- ရောဂါပိုး ကူးစက်ခံထားတယ်လို့ သံသယရှိတဲ့ တိရစ္ဆာန် (သို့မဟုတ်) လူကို သီးခြား ခွဲထားပါ
- တောရိုင်းတိရစ္ဆာန် အသားတွေကို စားတာမျိုး မလုပ်ဖို့ပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်ခြေ များနေသလား
[embed-health-tool-pregnancy-weight-gain]