အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ပီတိအဖြစ်ရဆုံးအချိန်နဲ့ အစွန့်စားရဆုံးအချိန်က သားသားမီးမီးလေးတွေကိုမွေးဖွားတဲ့အချိန်ပါ။ မေမေဖြစ်ရလို့ ပီတိဖြစ်ရပေမယ့် ခွဲမွေးထားတဲ့မေမေ ျဖစ္ရတာကေတာ့ အတော်လေးတော့စွန့်စားရတဲ့အလုပ်ပါ။ ဒီစွန့်စားမှုက ဒီလောက်နဲ့ပြီးသွားလားဆိုတော့ မဟုတ်သေးပါဘူး။နောက်ဆက်တွဲသေချာဂရုစိုက်မှုလည်း လိုအပ်ပါမယ်။ ဒါမှ မိခင်ကျန်းမာပြီး ကလေးကိုသေချာဂရုစိုက်နိုင်မှာပါ။
ကလေးတစ်ယောက်မွေးဖွားတော့မယ်ဆိုရင်
ကလေးတစ်ယောက်ကို ကိုယ်ဝန်စလွယ်ချိန်ကတည်းကမေမေတို့အနေနဲ့ အစားအသောက်အနေအထိုင်တော်တော်များများဆင်ခြင်ကြရပါတယ်။နေမကောင်းဖြစ်တဲ့အခါမှာလည်းဆေးကို ထင်သလိုသောက်လို့မရတဲ့အပြင် အရမ်းကြိုက်ပါတယ်ဆိုတဲ့ အစားအစာတွေရှိရင်တောင် ကလေးနဲ့မတည့်မှာစိုးလို့ မစားရတာမျိုးရှိပါသေးတယ်။ ဒီလိုကာလက ၈ လကျော် ၉ လအထိကြာမြင့်နိုင်ပါတယ်။
ပြီးရင်စဉ်းစားရမယ့်နောက်တစ်ချက်ရှိပါသေးတယ်။ ကလေးကိုနေ့စေ့လစေ့မွေးတဲ့အခါ ဘယ်လိုမွေးမလဲဆိုတာပါ။ ရိုးရိုးမွေးမလား၊ခွဲမွေးမလားပေါ့။ ကိုယ့်ရဲ့ OG ကအကောင်းဆုံးဖြစ်မယ့်နည်းလမ်းကိုညွှန်ကြားပေးမှာဖြစ်ပါတယ်။ အခုပြောပြချင်တာက ကလေးကို ခွဲမွေးမယ်ဆိုရင်မေမေတို့အနေနဲ့ ကိုယ့်ကျန်းမာရေးအတွက် သိထားဖို့လိုမယ့် အကြောင်းအရာလေးတွေပါ။
ခွဲမွေးထားတဲ့မေမေ တို့ သိထားဖို့လိုမှာလေးတွေ
အသေးစားခွဲစိတ်မှုမဟုတ်ပါ
ကလေးကိုခွဲမွေးတာက အသေးစားခွဲစိတ်မှုမဟုတ်ပါဘူး။ အကြီးစားခွဲစိတ်မှုတစ်ရပ်ပါ။ ဒါကြောင့် ခန္ဓာကိုယ်ကိုသေချာလေးဂရုစိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ ခွဲစိတ်ပြီး ၆ ပတ်အတွင်းမှာသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်သေးသင့်သလို လမ်းတောင် ခပ်ကြမ်းကြမ်းမလျှောက်သင့်သေးပါဘူး။ရေချိုးတဲ့အခါ ချုပ်ရိုးကို ပလာစတာသေချာကပ်ပြီးမှ ချိုးတာမျိုးလုပ်ပေးပါ။ အနာကို ပုံမှန်စစ်ဆေးရပါမယ်။
အလေးအပင်မ မသင့်ပါဘူး
ကလေးကိုချီတဲ့အခါမှာလည်း ပုံစံမှန်မှန်လေးချီပေးပါ။ ဒါမှ သားအိမ်လမ်းကြောင်းကြွက်သားတွေပြန်လည်တင်းရင်းမှာဖြစ်ပြီး ချုပ်ရိုးပေါ်ကိုလည်း ဝိတ်မပိစေမှာပါ။ အလေးအပင်မ မသင့်သေးသလို၊ ကုန်းကုန်းကွကွလည်းမလုပ်သင့်ပါဘူး။ဆောင့်ကြောင့်ထိုင်တာမျိုးလည်း လုပ်လို့မရပါဘူးနော်။ သတိထားရမှာတစ်ခုက ချုပ်ရိုးကိုရေထိတာမျိုးလည်းမလုပ်သင့်သေးသလို စက်ဘီးနင်းတာမျိုးလည်းရှောင်ရပါမယ်။
ဗိုက်စည်း စည်းလို့ရလား
နောက်တစ်ချက်ကတော့ ကလေးမွေးထားတယ်၊ ဗိုက်ပူမှာစိုးလို့ ဗိုက်စည်းစည်းမယ်ဆိုတာပါ။ ချုပ်ရိုးရှိပေမယ့်လည်း ဗိုက်စည်းက စည်းလို့ရပါတယ်နော်။ သိပ်မာနေတာမျိုးမဟုတ်ဘဲ သားရေပြားလိုမျိုး ဗိုက်စည်းက အဆင်ပြေဆုံးပါ။ တအားကြီးတင်းတင်းကျပ်ကျပ်တော့ မစည်းမိဖို့လိုပါမယ်နော်။
လေ့ကျင့်ခန်းလုပ်လို့ရလား
နောက်တစ်ချက်ကလေ့ကျင့်ခန်းလုပ်လို့ရလားဆိုတာပါ။ ခွဲမွေးပြီး အနည်းဆုံးတော့ ၆ ပတ်စောင့်ရပါမယ်။ အများဆုံးကတော့ ၈ ပတ်စောင့်ရမှာပါ။လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပင်ပင်ပန်းပန်းလုပ်ရတာမျိုးကနေ မစသင့်ပါဘူး။ အရင်ဆုံးလုပ်ရမှာက ကလေးမွေးဖွားလိုက်တာကြောင့်လျော့ရဲသွားတဲ့ သားအိမ်လမ်းကြောင်းကြွက်သားတွေကိုပြန်လည်တင်းရင်းစေဖို့ပါ။
ဗိုက်ခွဲထားတာကြောင့် ဗိုက်ကြွက်သားတွေကိုဝန်ပိစေနိုင်တဲ့လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ ဗိုက်ချုပ်ရိုးက အပေါ်အသားမှာတင်ချုပ်ထားတာမဟုတ်ဘဲ။ အတွင်းကအဆီပြင်ကိုပါချုပ်ထားရတဲ့ အတွင်းချုပ်ရိုးရှိပါသေးတယ်။ အတွင်းချုပ်ရိုးရော အပြင်ချုပ်ရိုးပါအနာကျက်မှ အဆင်ပြေမှာပါ။ ဒါကြောင့် ဝမ်းဗိုက်ကို အားစိုက်ရတဲ့ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမျိုးတွေကိုမလုပ်သင့်ပါဘူး။ဖြည်းဖြည်းချင်းနည်းနည်းချင်းကနေစရပါမယ်။လေ့ကျင့်ခန်းစလုပ်စမှာ တစ်နေ့ကို ၁၀ မိနစ်လောက်ပဲလုပ်လို့ရပါမယ်။
ဘာစားမလဲ
အစားအသောက်စားတာကလည်း ချုပ်ရိုးအနာကျက်စေဖို့အတွက်အထောက်အပံ့ပေးပါတယ်နော်။ ချုပ်ရိုးကျက်စေဖို့အတွက် အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ဘယ်ရီသီးတွေ၊၊ အမျှင်ဓါတ်များတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေစားပေးပါ။ ကြက်သွန်ဖြူ၊ လက်ဖက်စိမ်းရေနွေးကြမ်း၊နနွင်းနဲ့ချင်းတို့စားသုံးပေးပါ။ ဒီအစားအစာလေးတွေကို သင့်တင့်မျှတအောင်စားပြီး ချုပ်ရိုးအနာကျက်အောင် ဂရုစိုက်ပေးပါ။ အချိုပါတဲ့သောက်စရာတွေနဲ့အယ်လ်ကိုဟောကိုရှောင်ပါ။ရေတော့များများသောက်ပေးပါ။
ဘယ်တော့လောက် အတူပြန်နေနိုင်မလဲ
ခွဲမွေးထားတဲ့မေမေ တွေက ရိုးရိုးမွေးသူတွေထက် အတူပြန်နေဖို့ အချိန်ပိုပေးရနိုင်ပါတယ်။ ချုပ်ရိုးအနာကောင်းကောင်းကျက်စေဖို့ အနည်းဆုံး ၂ လကနေ အများဆုံး ၃ လအထိစောင့်ရပါမယ်။ ဒီကြားထဲမှာ ချုပ်ရိုးကို ဆရာဝန်ကိုသွားပြတာတွေ၊ လိုအပ်တဲ့ဆေးကုသမှုခံယူတာတွေလုပ်ရပါမယ်။ ဆရာဝန်နဲ့သေချာတိုင်ပင်ကြည့်ပြီးမှ အတူပြန်နေဖို့စဉ်းစားသင့်ပါတယ်။
[embed-health-tool-ovulation]