backup og meta

မျှဝေပါ။

ကလေးနို့အန်လို့ စိတ်ပူနေပြီလား

ကလေးနို့အန်လို့ စိတ်ပူနေပြီလား …… ကိုယ့်ရင်သွေးကျန်းမာပျော်ရွှင်နေဖို့က မိခင်တိုင်းတောင့်တမိတဲ့ဆုပါ။ မိခင်ဆိုတာမျိုးက ကိုယ့်သားသမီးတွေ ဆော့ရင်းမောသွားလို့ဖြစ်ဖြစ် အိပ်ချင်လို့ဖြစ်ဖြစ် အိပ်ပျော်သွားတာလေးကို ကြည့်ရင်းနဲ့တောင် ငါ့သားလေး သနားပါတယ်။ ငါ့သမီးလေးသနားပါတယ်လို့ တွေးမိတတ်သူတွေမဟုတ်လား။

ဒီတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို ရင်သွေးကို သနားစိတ်ဖြစ်နေမိတတ်တဲ့ မေမေတို့အနေနဲ့ ကလေးက နို့သောက်ပြီးတိုင်း အန်နေမယ်ဆိုရင် ဘယ်လောက်တောင်စိုးရိမ်လိုက်မလဲနော်။ ကလေးကဆာလို့ နို့တိုက်လိုက်တယ်။ နို့သောက်ပြီး မကြာဘူး ကလေးကပြန်အန်တယ်။ ဘာဖြစ်မှန်းလဲမသိဘူး။ ဘာလုပ်ပေးရမှန်းလဲမသိဘူးဆိုတဲ့ မေမေတို့ ဒီဆောင်းပါးလေးဖတ်ကြည့်နော်။

ကလေးနို့အန်လို့ စိတ်ပူနေပြီလား

ကလေးနို့အန်လို့ စိတ်ပူနေပြီလား ….. ဒါဆိုရင်တော့ အတူတူဆက်ကြည့်လိုက်ရအောင်နော်။

ကလေးတွေ နို့အန်တာက ပုံမှန်ပဲလား

ကလေးကမွေးစမှာ အစာခြေစနစ်ကစလို့ အခြားကိုယ်တွင်းစနစ်တွေက ဖွံ့ဖြိုးဆဲအချိန်မို့ သောက်လိုက်တဲ့နို့တိုင်းကို ချေဖျက်နိုင်ဖို့ မလွယ်တာကြောင့် ပြန်အန်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက နည်းနည်းလောက်ပဲပြန်အန်ရင်တော့ သိပ်စိုးရိမ်စရာမရှိဘူးလို့ဆိုရပါမယ်။ အများကြီးပြန်အန်တဲ့အခါမှာတော့ ကလေးအနေနဲ့ လန့်ပြီး ငိုတာမျိုး နှာခေါင်းထဲမှာ မွှန်သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကလေးကို ခပ်မတ်မတ်လေးထားပေးပါနော်။ ဒါမှ အန်တဲ့နို့တွေ အသက်ရှူလမ်းကြောင်းထဲမဝင်မှာပါ။

ကလေးက ကားမူးတဲ့အခါအဖျားရှိတဲ့အခါမျိုးနဲ့ အချိန်အတော်ကြာငိုတဲ့အခါမျိုးမှာလည်း အော့အန်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးကမွေးစကနေ တစ်နှစ်လောက်အတွင်းမှာ မကြာခဏဆိုသလို အန်နိုင်ပါတယ်။ အသက်လေးရလာတာနဲ့ အမျှ အန်တာလည်းဖြည်းဖြည်းချင်းနည်းသွားပါလိမ့်မယ်နော် မေမေတို့ရေ။ မစိုးရိမ်ပါနဲ့လို့ပြောပါရစေ။

ဒီအချက်တွေကြောင့် ဘေဘီလေးတွေ နို့အန်တာပါ

ဘေဘီလေးကို နို့အန်စေရတဲ့ အကြောင်းအရင်းတွေက တော်တော်လေးများပါတယ်။ ကလေးတွေကို နို့အန်တာအများဆုံးဖြစ်စေနိုင်တဲ့အချက်တွေကတော့ –
အစာခြေစနစ် ပြည့်ပြည့်ဝဝမဖွံ့ဖြိုးသေးတာမွေးကင်းစ ကလေးငယ်တွေမှာ အစာခြေစနစ်က ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် သောက်လိုက်သမျှ နို့တိုင်းကို ချေဖျက်စုပ်ယူမှုမှာ အခက်ကြုံနိုင်ပါတယ်။ ဒါကြောင့်ကလေးဟာမွေးပြီး လအနည်းငယ်အတွင်းမှာ မကြာခဏဆိုသလို နို့အန်တာမျိုးဖြစ်နိုင်ပါတယ်။ အသက် ၆ လလောက်ရောက်လာပြီဆိုရင်တော့ တဖြည်းဖြည်းချင်းနို့အန်တာနည်းသွားနိုင်ပါတယ်။
လေတွေမျိုချမိတာလေခံတာမျိုးပေါ့။ ကလေးက နို့စို့ရင်းလေတွေကိုပါ မျိုချမိတဲ့အခါမျိုးမှာဖြစ်ဖြစ် နို့ထွက်အရမ်းများတဲ့အခါမျိုးမှာဖြစ်ဖြစ် ကလေးအနေနဲ့သောက်ပြီးသားနို့တွေ ပြန်အန်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးက နို့တွေကို ခပ်မြန်မြန်သောက်မိလိုက်တဲ့အခါမျိုးမှာလည်း နို့နဲ့အတူလေတွေကို မျိုချမိပြီး နို့ပြန်အန်တာမျိုးဖြစ်နိုင်ပါတယ်။
အလွန်အကျွံသောက်မိတာ – ကလေးတွေရဲ့ အစာအိမ်က ချယ်ရီသီးလေးလောက်ပဲရှိတာဖြစ်ပြီး တစ်ရက်ချင်းစီအလိုက်မှာ ဖြည်းဖြည်းချင်းကြီးလာတာပါ။ ဒါကြောင့်ကလေးကို အစာအိမ်နဲ့ ကာမိရုံလောက်ပဲတိုက်ပေးပါ။
အစားအစာနဲ့ ဓာတ်မတည့်တာ -မေမေစားသမျှက နို့ရည်ကနေတဆင့် သားသားမီးမီးတို့ဆီရောက်သွားပါတယ်။ ဒီတော့ မေမေတို့အနေနဲ့ အစားတစ်ခုခုစားမယ်ဆိုတိုင်း ကိုယ့်ရင်သွေးနဲ့တည့်ပါ့မလားဆိုတာကို ထည့်တွေးပေးပါ။ ကလေးက မေမေစားလိုက်တဲ့အစားတစ်ခုခုနဲ့ ဓာတ်မတည့်တဲ့အခါမျိုးမှာလည်း နို့ပြန်အန်နိုင်ပါတယ်။

ကလေးက နို့အန်တဲ့အခါ ဒီအချက်လေးတွေ စမ်းသပ်ကြည့်ပါ

ကလေးက မကြာခဏဆိုသလို နို့အန်နေမယ်ဆိုရင် ဒီအချက်လေးတွေကို စမ်းကြည့်သင့်ပါတယ်။
တိတ်ဆိတ်တဲ့နေရာမှာ နို့တိုက်ပါ – ကလေးကို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာနို့တိုက်ပေးတာက ကလေးကိုအာရုံပျံ့လွှင့်မှုနည်းစေပြီး မလိုအပ်ဘဲနို့တွေအများကြီးသောက်မိတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
နည်းနည်းချင်းစီနဲ့ အကြိမ်များများတိုက်ပေးပါ – ကလေးကို နို့တိုက်တဲ့အခါ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြားမှာ အချိန်အများကြီးမခြားထားပါနဲ့။ ဒီလိုလုပ်တာက ကလေးကိုအရမ်းဆာစေပြီး နို့အများကြီးသောက်မိတာမျိုး ဖြစ်စေနိုင်ပါတယ်။ ကလေးကနို့ကို ခပ်မြန်မြန်နဲ့ အများကြီးသောက်မိတဲ့အခါ လေတွေဝင်သွားပြီး နို့ပြန်အန်နိုင်ခြေတော်တော်များသွားမှာပါ။
ကလေးကိုနို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ – ကလေးတွေကအမြဲလိုလို ပက်လက်အနေအထားနဲ့နေရတာပါ။ ဒါကြောင့် ကလေးအစာအိမ်ထဲမှာ လေတွေရှိနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကို နို့တိုက်ပြီးတိုင်းမှာ လေထုတ်ပေးဖို့မမေ့ပါနဲ့။
နို့တိုက်တဲ့ပုံစံ ပြောင်းပေးပါ – ကလေးကို နို့တိုက်တဲ့အခါ ခေါင်းလေးကို ခပ်မြင့်မြင့်အနေအထားမျိုးနဲ့ ချီပေးထားတာမျိုးလုပ်ပေးပါ။
နို့တိုက်ပြီးရင် ခပ်မတ်မတ်လေးချီပေးပါ –ကလေးကို နို့တိုက်ပြီးတဲ့အခါ ကြမ်းပြင်မှာ ပက်လက်ချထားတာမျိုး မလုပ်ပါနဲ့။ ဦးခေါင်းလေးကို ခပ်မြင့်မြင့်လေးထားပေးတာမျိုးလုပ်ပေးပါ။ ဒီလိုမှမလုပ်ချင်ရင် ကလေးကို မိခင်ရင်ဘတ်နဲ့ကပ်ပြီး ခပ်မတ်မတ်လေးချီပေးပါနော်။
ကလေးကို နို့တိုက်ပြီးချိန်မှာ မမွှေနှောက်ပါနဲ့ – ကလေးကချစ်ဖို့ကောင်းလို့ဆိုပြီး မွှေချင်နှောက်ချင် စချင်နောက်ချင်ရင်တောင် နို့တိုက်ပြီးချိန်မှာ မလုပ်ပါနဲ့။ နို့တိုက်ပြီးရင် ကလေးကို သက်သောင့်သက်သာနေစေတာကအကောင်းဆုံးပါ။

ဒီလိုမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်

ကလေးတွေအန်တာက ပုံမှန်ပဲဆိုပေမယ့် ဒီလိုအခြေအနေမျိုးဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

  • ကလေးက ခဏခဏအန်နေမယ်
  • တစ်ခါအန်ရင် အများကြီးအန်နေမယ်
  • ကလေးအန်တာက ၂၄ နာရီကျော်တဲ့အထိမသက်သာဘူးဖြစ်နေမယ်
  • အန်တဲ့အခါ အစိမ်းရောင်အရည်တွေ ဒါမှမဟုတ်သွေးတွေပါနေမယ်
  • ကလေးကိုကြည့်ရတာ ဗိုက်နာနေတဲ့ပုံပေါ်နေတယ်ဆိုရင်
  • ကလေးက ကိုယ်အလေးချိန်ကျလာမယ် ဒါမှမဟုတ် ကိုယ်အလေးချိန်တက်မလာဘဲ ဖြစ်နေမယ်ဆိုရင်
  • ကလေးက နို့သောက်နေရက်နဲ့ ရေဓာတ်ခမ်းခြောက်တဲ့ ပုံပေါက်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသကြည့်ဖို့ပြောပါရစေ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breastfeeding and Infant Spit Upshttps://www.verywellfamily.com/breastfeeding-and-infant-spit-ups-431719 Accessed Date 12 November 2018

My baby frequently vomits. What’s causing this?https://www.babycentre.co.uk/x554826/my-baby-frequently-vomits-whats-causing-this Accessed Date 12 November 2018

Vomiting: what’s normal and what’s nothttps://www.babycentre.co.uk/a536689/vomiting-whats-normal-and-whats-not Accessed Date 12 November 2018

7 Reasons Why She’s Pouring It All Out!https://www.newbornhub.com/baby-vomiting.html Accessed Date 12 November 2018

ယခုပုံစံ

03/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/11/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement