စားကောင်းတာလေး စားမိတိုင်း သားသမီးတွေက မိဘတွေကို သတိရခဲကြပေမယ့် မိဘတွေကတော့ စားကောင်းတာလေးစားမိတိုင်း သားသမီးတွေကိုကျွေးချင်တဲ့စိတ်အပြည့်ပါနော်။ မိဘမေတ္တာဆိုတာမျိုးပေါ့။ ကလေးက ဘာမှသေချာမစားနိုင်ခင်ကတည်းက ကလေးအရွယ်ရောက်လာရင်တော့ ဘာကျွေးမယ်၊ ဘယ်လိုလေးပြင်ပေးမယ်၊ လို့တွေးမိကြတယ်ဟုတ်။ ဒီခံစားချက်ကမေမေဖေဖေတိုင်းရှိကြမယ်ထင်ပါတယ်နော်။ ဒီနေရာမှာ သတိထားရမှာတစ်ခုက ကလေးရဲ့အစာခြေစနစ်က ဘယ်လိုအနေအထားမျိုးရှိလဲဆိုတာပါ။
ကလေးတွေရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးသလို ကလေးတစ်ယောက်နဲ့တစ်ယောက်ရဲ့ အစာခြေစနစ်ချင်းလည်း မတူနိုင်ပါဘူး။ တကယ်လို့ ကိုယ့်ကလေးက အစာခြေစနစ် အားနည်းနေမယ်ဆိုရင်တော့မေမေဖေဖေတို့အနေနဲ့ အစားအသောက်ပြင်ဆင်ပေးတဲ့အခါ ပိုပြီး သတိထားဖို့လိုအပ်မှာပါ။
ဒီလက္ခဏာလေးတွေရှိနေရင် ကလေးရဲ့အစာခြေစနစ် မှာပြဿနာရှိနေတာပါ
ကလေးက –
- မကြာခဏဆိုသလို အန်နေမယ်
- တစ်ခါတလေ ဖျားမယ်
- ဝမ်းသွားမယ်
- ဝမ်းချုပ်မယ်
- အကြောင်းအရင်းမရှိဘဲ ငိုနေမယ် ဆိုရင်တော့ ကလေးရဲ့ အစာခြေစနစ်မှာပြဿနာရှိနေပါပြီ။
အစာခြေစနစ်ပြဿနာရှိတဲ့ကလေးကို ဒီလိုလေးပြင်ဆင်ပေးပါ
ကိုယ့်ကလေးက သူများကလေးတွေနဲ့မတူဘဲ အစာခြေစနစ်မှာပြဿနာရှိနေပြီဆိုရင် အစားအစာပြင်ဆင်ပေးတဲ့အခါ ပုံမှန်ထက်ပိုဂရုစိုက်ပေးရပါမယ်။
အစာခပ်ပျော့ပျော့လေးပြင်ဆင်ပေးပါ – ကလေးကို Cereal လိုမျိုးခပ်ပျော့ပျော့အစားအစာလေးတွေပြင်ဆင်ပေးပါ။ အစာကြေလွယ်စေပြီး စားရတာလည်း အဆင်ပြေစေမှာပါ။
ကလေးကို နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများကျွေးပေးပါ – ကလေးကို တစ်ခါတည်းနဲ့ အများကြီးကျွေးတာမျိုးမလုပ်ပါနဲ့။ နည်းနည်းချင်းစီနဲ့ အကြိမ်ရေများများကျွေးပေးပါ။ ဒါမှ ကလေးရဲ့ အစာခြေစနစ်က ဝန်မပိမှာပါ။
ပြုပြင်ထားတဲ့အစားအစာတွေကို မကျွေးပါနဲ့ –အသင့်စား အစားအစာတွေ၊ပြုပြင်ထားတဲ့အစားအစာတွေကမှာ တာရှည်ခံဆေးတွေနဲ့ အသွင်ပြောင်းအဆီတွေပါဝင်နေတာကြောင့် ပုံမှန်အတိုင်းမှာတောင် အစာကြေခဲတဲ့ အစားအစာတွေပါ။ ကလေးက အစာခြေစနစ် အားနည်းနေမယ်ဆိုရင်တော့ ပိုတောင်မှ မသင့်တော်ဘူးပေါ့။
အစာကြေခဲတာတွေ မကျွေးပါနဲ့ – ကလေးက အစာခြေစနစ် အားနည်းတယ်ဆိုရင် အသားတွေ၊ နို့ထွက်ပစ္စည်းတွေလိုမျိုး အစာခြေစနစ်ကို ဝန်ပိုစေနိုင်တဲ့ အစားအသောက်တွေမကျွေးဖို့ပြောပါရစေ။ ဒီအစားအစာတွေအစားကလေးကို တစ်ပတ်ကို နှစ်ကြိမ်လောက် ဟင်းသီးဟင်းရွက်တွေနဲ့ ပဲအမျိုးမျိုးကိုကျွေးပေးပါ။
အစားအစာတွေကို မျှတအောင်ကျွေးမွေးပါ –ကလေးကို အစားအစာတွေပြင်ဆင်ပေးတဲ့အခါ အသား၊ ငါး နဲ့ အသီးအရွက်တွေကို အချိုးကျမျှတအောင်ပြင်ဆင်ပေးတာက အစာခြေစနစ် အားနည်းတဲ့ကလေးတွေအတွက် သင့်တော်မှာပါ။ ကလေးကို အသားညှပ်ပေါင်မုန့်တွေပြင်ဆင်ပေးမယ့်အစား၊ပေါင်မုန့်နည်းည်း၊ ငါးနည်းနည်း၊ ဟင်းသီးဟင်းရွက်လေးတွေမျှတစွာပါဝင်အောင်ပြင်ဆင်ပေးပါ။
အစားစားရင်း တီဗွီပေးမကြည့်ပါနဲ့ –ကလေးကို စားရင်ပြီးရောဆိုပြီး အစားစားရင်း တီဗွီပေးကြည့်တာမျိုး မလုပ်ပါနဲ့။ စားနိုင်တဲ့ ပမာဏထက်ပိုစားမိတာမျိုးဖြစ်ပြီး အစာခြေစနစ်ဝန်ပိုစေနိုင်တာကြောင့်ပါ။ ဒါကြောင့် အစားစားတဲ့အခါ မိသားစုတွေဝိုင်းဖွဲ့စားသောက်တဲ့ အလေ့အထကိုမွေးမြူပြီး ကလေးကိုဖြည်းဖြည်းချင်းချင်းနဲ့ အစာကြေညက်အောင် ဝါးစားတတ်တဲ့အကျင့်ကို ပျိုးထောင်ပေးပါ။
အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ပြီး အစာခြေစနစ် အားနည်းတဲ့ သားသားမီးမီးတို့ကို ဂရုစိုက်ပြင်ဆင်ပေးလိုက်ပါနော်မေမေဖေဖေတို့ရေ…….
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]