backup og meta

ကလေးအာဟာရနဲ့ ပက်သက်လို့မေမေတို့ အမေးများတဲ့ မေးခွန်းတွေ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးအာဟာရနဲ့ ပက်သက်လို့မေမေတို့ အမေးများတဲ့ မေးခွန်းတွေ။  ။

    ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ မေမေတိုင်း တစ်ဘက်ကမ်းခတ်တော်နေကြတာ မဟုတ်ပါဘူး။ သူတို့ မသဲကွဲတဲ့အချက်တွေ မရှင်းတဲ့အချက်တွေ အများကြီးရှိပါသေးတယ်။ ဒီဆောင်းပါေးလးထဲမှာ မေမေတို့ အမေးများတဲ့ မေးခွန်းတွေအတွက် အဖြေလေးတွေ ဖြေပေးထားပါတယ်။

    Q .ကလေးကို ဘယ်အရွယ်မှာ ရေစတိုက်လို့ရသလဲ။ ။

    ကလေးအသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းတိုက်ရမှာဖြစ်တဲ့ အတွက် ရေတိုက်လို့မရပါဘူး။ ကလေးအသက် ၆လကျော် ဖြည့်စွက်စာစားတဲ့ အချိန်ရောက်မှသာ ရေတိုက်လို့ရမှာပါ။

    Q .ကလေး ဝမ်းမှန်အောင် ဘာတွေကျွေးရမလဲ။ ။

    ဖြည့်စွက်စာ စားချိန်ဆို ကလေးတွေအသီးအရွက်ထက် အသားပိုစားကြပါတယ်။ ဒါကြောင့် အမျှင်ဓါတ်ေတွမရတော့ဘဲ ကလေးတွေဝမ်းချုပ်ကြတာဖြစ်ပါတယ်။ ကလေးဝမ်းမှန်စေဖို့အတွက်ဆို အသီးအရွက်များများကျွေးပါ။ အသီးဖျော်ရည်လုပ်တိုက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ ဝမ်းသွားချင်ရင် ချုပ်မထားသင့်ကြောင်း ပြောပြပါ။ ကလေးက မိခင်နို့်သောက်နေတဲ့သူဆိုရင်တော့ မေမေတို့ အသီးအရွက်များများ စားပေးပါ။

    Q .ကလေးထွားဖို့ အားဆေးတိုက်ဖို့လိုလား ။ ။

    ကလေးရဲ့ နေ့စဉ်စားတဲ့ အစားအသောက်တွေဟာ အာဟာရြပည့်ဝမျှတနေမယ်၊ ကလေးကလည်း အစားကြေးများ မနေဘူးဆိုရင် ကလေးထွားဖို့ အားဆေးတိုက်စရာ မလိုပါဘူး။

    Q .ကလေးကို အမေနို့တိုက်လိုက် နို့မှုန့်တိုက်လိုက် လုပ်လို့ရလား။ ။

    ကလေး အသက် ၆ လအတွင်းမှာ မိခင်နို့တစ်မျိုးတည်း တိုက်တာကသာ အကောင်းဆုံးပါ။ ဖြည့်စွက်စာစကျွေးတဲ့ အချိန်ရောက်မှသာ ဖြည့်စွက်စာလည်းကျွေး၊ မိခင်နို့လည်းတိုက်၊ နို့မှုန့်လည်းတိုက်ပါ။ ဒါမှ ကလေးအူက ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

    Q .ကလေးကို ဘယ်အရွယ်မှာ နွားနို့စတိုက်လို့ ရမလဲ။ ။

    ကလေးက အသက် ၁ နှစ်အရွယ်ဆိုရင် တစ်နေ့ကို နွားနို့ ၈အောင် စကနေ ၁၂အောင်စ တိုက်ပေးရုံနဲ့ လုံလောက်ပါတယ်။ နွားနို့ တစ်နေ့ကို တစ်ခွက် ကနေ ၁ ခွက်ခွဲလောက်ဆိုရင် ကလေးအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် Dကိုရရှိစေမှာပါ။ ကလေးက အသက် ၂ နှစ်ဆိုရင်တော့ တစ်နေ့ကို နွားနို့ ၁၆အောင်စ နှစ်ခွက်တိုက်ပေးရင်လုံလောက်ပါတယ်။ ကလေးက နှစ်နှစ်ကျော်ပြီဆိုရင်တော့ နွားနို့ကို တစ်နေ့ကို ၄ ခွက်လောက်အထိတိုက်ပေးလို့ရပါတယ်။ ဒါ့အပြင်နို့ထွက်ပစ္စည်းတွေကျွးပေးလို့လည်းရပါတယ်။

    Q .ကလေးတွေကို ငါးကြီးဆီ ဘယ်အရွယ်မှာ စတိုက်ရမလဲ။ ။

    ကလေးအသက်ဘယ်လောက်ဆို ငါးကြီးဆီ တိုက်မှရမယ်ဆိုတဲ့ ကန့်သတ်ချက်တော့ မရှိပါဘူး။ ကလေး အသက် ၆ လအထိကမိခင်နို့တစ်မျိုးတည်း တိုက်ရမယ်ဆိုတာကတော့ အားလုံးအသိပါ။ ဒီတော့ဖြည့်စွက်စာကျွေးတဲ့ အရွယ်မှာ ကိုယ့်ကလေးက ငါးတွေ မစားတဲ့သူ၊ EPA နဲ့ DHA တို့ပါတဲ့ အာဟာရနို့မှုန့်တွေ မသောက်ဘူးဆိုရင်တော့ ကလေးကို ငါးကြီးဆီတိုက်ဖို့လိုပါတယ်။ အတိုချုပ်ပြောရရင် ငါးကြီးဆီ တိုက်သင့်တဲ့ အရွယ်ဆိုတာ အတိအကျ သတ်မှတ်ထားတာမရှိပါဘူး။ ကိုယ့်ကလေးက ငါးမစားဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ငါးကြီးဆီ တိုက်သင့်ရင်တိုက်ရပါမယ်။

    Q . ငါးကြီးဆီ ဘယ်လောက်ပမာဏ ကလေးတွေကို တိုက်ရမှာလဲ။ ။

    ကလေးတစ်ယောက်သောက်သင့်တဲ့ ငါးကြီးဆီ ပမာဏကို ငါးကြီးဆီတွေမှာပါတဲ့ EPA နဲ့ DHA ပမာဏနဲ့ ဆုံးဖြတ်ပါတယ်။

    • အသက်၄ နှစ်မှ ၈နှစ်ကလေး ။ ။ EPA နဲ့ DHA နှစ်ခုပေါင်းပမာဏ၁၀၀၀ မီလီဂရမ်- ၁၅၀၀ မီလီဂရမ်လိုပါတယ်။
    • အသက်၈ နှစ်အထက်ကလေး ။ ။ EPA နဲ့ DHA နှစ်ခုပေါင်းပမာဏ၂၀၀၀ မီလီဂရမ်- ၂၅၀၀ မီလီဂရမ်လိုပါတယ်။

    သဘောကတော့ ကိုယ်ငါးကြီးဆီဝယ်ပြီဆိုရင် ငါးကြီးဆီဘူးနောက်မှာပါတဲ့ EPA နဲ့ DHA ပမာဏနှစ်ခုကို တစ်ချက်ပေါင်းပြီး ကိုယ့်ကလေး အသက်နဲ့ ပြန်ချိန်ဆပါ ။ ငါးကြီးဆီတော်တော်များများကတော့ လိုအပ်တဲ့ ပမာဏတွေ ချိန်ပြီး ထုတ်ထားတာဖြစ်ပါတယ်။ လူကြီးဆို ဘယ်နှစ်လုံး ကလေးဆို ဘယ်နှစ်လုံးဆို သောက်ရမလဲဆိုတာက ကိုယ်ဝယ်သောက်တဲ့ ငါးကြီးဆီ တံဆိပ်ပေါ်မူတည်ပါတယ်။ ။

    Q .ကလေးကိုကျွေးဖို့ မသင့်တော်တဲ့အစားအစာတွေက ဘာတွေလဲ။ ။

    ပီကေ၊ ပျားရည်၊ ရယ်ဒီမိတ်အသားတွေ၊ အကင်တွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေနဲ့ ကလေးနဲ့ ဓါတ်မတည့်တဲ့ အစားအသောက်တွေဟာ ကလေးကို မကျွေးသင့်တဲ့ အစားအသောက်တွေပါ။

    Q .ကလေးအာဟာရမပြည့်ဝဘူးဆိုတာကို ဘယ်လိုသိနိုင်သလဲ။ ။

    ကလေးက ဖျားနာလွယ်မယ်၊ ခဏခဏဝမ်းပျက်ဝမ်းလျှောဖြစ်မယ်၊ သူများတွေထက်ညှက်နေမယ်၊ အာရုံလည်း မစူးစိုက်နိုင်ဘူး၊ ဆိုရင် အာဟာရမပြည့်ဝတာဖြစ်နိုင်ပါတယ်။

    Q .ကလေးဉာဏ်ကောင်းအောင် ဘာတွေကျွေးရမလဲ။ ။

    ကိုယ့်ကလေးကို ဉာဏ်ကောင်းစေချင်ရင် ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရတွေ ဖြစ်တဲ့

    သံဓါတ် ။ ။ အသား၊ အသည်းအမြစ်၊ ငါး၊ တို့ဟူး၊ အစေ့အဆန်တွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်

    ဗီတာမင် B ။ ။ အသား၊ ငါး၊ ကြက်သား၊ အခွံမာသီး၊ နို့ထွက်ပစ္စည်း၊ ဥနဲ့ ပဲအမျိုးမျိုး

    ဖောလစ်အက်ဆစ် (Folic Acid) ။ ။ မိခင်နို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ ပဲ၊ ဂျုံ၊ ကောက်ပဲသီးနှံ

    အိုင်အိုဒင်းဓါတ် ။ ။ မိခင်နို့၊ ပင်လယ်စာ၊အိုင်အိုဒင်းဆား

    DHA, Omega – 3, Omega – 6 ။ ။ DHA, Omega 3, Omega 6 တို့ပါတဲ့ အဆီများတဲ့ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အာဟာရနို့မှုန့်တွေ၊ ငါးကြီးဆီတွေကျွေးရပါမယ်

    Q .ကလေးကို ဘယ်လိုနို့မှုန့်တွေဝယ်တိုက်ရမလဲ။ ။

    • နွားနို့ကို အခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
    • ဆိတ်နို့ကိုအခြေခံပြီးထုတ်ထားတဲ့နို့မှုန့်
    • hydrolysed protein ကိုအခြေခံပြီးထုတ်ထားတဲ့ နို့မှုန့်
    • ပဲနို့ကို အခြေခံပြီးထုတ်ထားတဲ့နို့မှုန့် တို့တိုက်လို့ရပါတယ်။ ကိုယ်ဝယ်တိုက်တဲ့ နို့မှုန့်တွေမှာ ကလေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓါတ်၊ omega3omega 6 နဲ့ DHA တို့ မဖြစ်မနေပါဖို့တော့ လိုအပ်တယ်နော်။

    ကဲ ဒီလောက်ဆို ကလေးကို ကျွေးမွေးပြုစုတာနဲ့ ပက်သက်လို့ မေမေတို့ရှင်းသလောက်ဖြစ်သွားပြီလို့ထင်ပါတယ်။ ကလေးအာဟာရနဲ့ ပက်သက်လို့ သိပ်မသိကြသေးတဲ့ မေမေတို့တစ်နေရာတည်းမှာဖတ်နိုင်စေဖို့ အတွက် ရည်ရွယ်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement