backup og meta

အထူးစောင့်ရှောက်မှုလိုအပ်တဲ့ကလေးတွေကို ဘယ်လိုမျိုးဂရုစိုက်ပေးမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထူးစောင့်ရှောက်မှုလိုအပ်တဲ့ကလေးတွေကို ဘယ်လိုမျိုးဂရုစိုက်ပေးမလဲ

    ကလေးတိုင်းက မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ မိဘနေရာရောက်လာတဲ့အခါ သားသမီးထက်အရေးကြီးတာဘာမှမရှိသလိုကိုခံစားရမှာ အမှန်ပါပဲ။ သားသမီးတွေမှာ ထိခိုက်ခံစားရသမျှကို ကိုယ်တိုင်ထိခိုက်ခံစားရသလို ခံစားရစမြဲပါ။ သားသမီးတွေအတွက် အမြဲအဆင်သင့်ရှိနေတတ်တာကလည်း မိဘပါပဲ။ ပုံမှန်အခြေအနေမှာဆိုရင်တောင် ဒီလိုဆိုမှတော့ တကယ်လို့များ သားသမီးက အထူးဂရုစိုက်ရမယ့် ကလေးမျိုးလေးဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကရုဏာပိုပြီး အရိပ်တကြည့်ကြည့်လုပ်နေရမလဲနော်။

    အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးဆိုတာ

    ကလေးတိုင်းကတော့ အထူးဂရုစိုက်စောင့်ရှောက်မှုကို မလိုအပ်ကြပါဘူး။ ဒါပေမယ့် ကလေးကမွေးလာကတည်းကရောဂါတစ်ခုခုကိုခံစားလာရမယ်။ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းမှာဖြစ်စေ၊ သင်ယူမှုအပိုင်းမှာဖြစ်စေ အားနည်းမှုရှိနေမယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အားနည်းမှုရှိနေမယ်ဆိုခဲ့ရင်တော့ ကလေးက အထူးဂရုစိုက်စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ကလေးပါ။

    ကလေးက ဆီးချိုရောဂါအတက်ရောဂါမွေးရာပါ နှလုံးရောဂါလိုမျိုး ကုသဖို့မလွယ်တဲ့ရောဂါတစ်ခုခုကိုခံစားနေရတာ၊ အမြင်အာရုံအားနည်းတာ၊ အကြားအာရုံအားနည်းတာ၊ စကားပြောဆိုမှုစွမ်းရည်အားနည်းတာတွေအတွက် မိဘတွအနေနဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုပေးဖို့လိုအပ်မှာပါ။ ကလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးတာ၊ခြေလက်တွေမှာ ထိခိုက်မှုရှိနေခဲ့ရင်လည်း ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို အသေအချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။

    အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်မလဲ

    ဘဝဆိုတာကနေ့စဉ်နဲ့အမျှစိန်ခေါ်မှုအပြည့်ပါ။ သာမန်အခြေအနေနဲ့လူတွေအတွက်တောင် နေ့စဉ်ဘဝမှာ အဆင်မပြေတာတွေက အများသားပါ။ ဒီလိုအခြေအနေမျိုးမှာ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေအတွက်ကဘယ်လောက်တောင်စိန်ခေါ်မှုတွေများလိုက်မလဲနော်။ ဒီလိုအခြေအနေကို အကောင်းဆုံးဖြေရှင်းနိုင်ဖို့ မိဘတွေဘက်ကနေ အများကြီးကူညီဖေးမဖို့လိုမှာပါ။ ဒါမှ ကလေးက စိတ်ခွန်အားအပြည့်နဲ့နေ့ရက်တွေကို အကောင်းဆုံးဖြတ်သန်းနိုင်မှာပါ။

    ကလေးကို ကျန်းမာရေးဂရုစိုက်ပါ – အခြားကလေးတွေထက် ကျန်းမာရေးကို ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ရာသီဥတုအခြေအနေအလိုက် ကလေးကို လိုအပ်မယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို အမြဲမပြတ်လုပ်ဆောင်ပေးပါ။

    အိပ်စက်ချိန်ဂရုစိုက်ပါ – ကလေးကိုယ်ခံအားကောင်းစေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက်နေ့စဉ်ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိဖို့ လိုအပ်ပါမယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်ပုံမှန် အိပ်ချိန် ၈ နာရီရှိဖို့ ဂရုစိုက်ပါ။

    အာဟာရပြည့်ဝအောင် ကျွေးမွေးပါ – ကလေးကို အာဟာရဖြစ်စေမယ့် အစားအစာတွေကိုသေချာဂရုစိုက်ပြင်ဆင်ပေးပါ။ ကလေးက ဓာတ်မတည့်တဲ့ အစားအသောက်တွေရှိမယ်ဆိုရင်လည်း သေချာလေးဂရုစိုက်ပေးပါ။ နေ့စဉ်လုံလောက်ပြည့်ဝတဲ့ အာဟာရဓာတ်နဲ့ ရေဓာတ်ရရှိအောင် ဂရုစိုက်ပေးပါ။

    ကလေးကို သူငယ်ချင်းတွေရှိအောင် လုပ်ပေးပါ – ကလေးကလည်း အရွယ်ရောက်လာတာနဲ့အမျှ အတူကစားဖော်လိုအပ်မှာပါ။ ဒါကြောင့်ကလေးကို သူငယ်ချင်းတွေရှိအောင်လုပ်ပေးပါ။ သူငယ်ချင်းဆိုတဲ့နေရာမှာလည်း ကလေးအတွက် တကယ့်ကို အဆင်ပြေမယ့် သူငယ်ချင်းမျိုးဖြစ်ဖို့သေချာလေးဂရုစိုက်ပေးပါ။

    ကလေးကို အနိုင်ကျင့်မခံရအောင်ဂရုစိုက်ပါ – ကလေးကို ရွယ်တူကလေးတွေက အားနည်းချက်ကို စတာ၊နောက်တာမျိုး မဖြစ်စေဖို့နဲ့ ကလေးချင်းအနိုင်ကျင့်တာမျိုးမဖြစ်စေဖို့သေချာလေးဂရုစိုက်ပေးပါ။ ကလေးကို စိတ်ဒဏ်ရာရတာ၊ အထီးကျန်တာမျိုးမဖြစ်စေဖို့အတွက် ဒီအချက်လေးကို ဂရုစိုက်ပေးပါ။

    ကလးကို စိတ်ရှည်ပါ – ကလေးတွေကိုဂရုစိုက်တဲ့အခါ စိတ်ရှည်ဖို့က အတော့်ကိုလိုအပ်တဲ့အချက်တစ်ခုပါ။ ကလေးကို စိတ်ရှည်ရှည်ထားဂရုစိုက်ပေးမှုက ကလေးကို စိတ်ခွန်အားရရှိစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အစစအရာရာမှာ စိတ်ရှည်ရှည်လေးထားပေးပါနော်။

    နားထောင်ပေးပါ – ကလေးရဲ့ တစ်နေ့တာအတွင်းတွေ့ကြုံခဲ့ရသမျှကို စိတ်ရှည်ရှည်ထားနားထောင်ပေးပါ။ လိုအပ်တာတွေကို အကြံပေးဆွေးနွေးပါ။ ကလေးတွေရဲ့ ရင်ဖွင့်စရာက မိဘတွေပဲရှိတာပါ။ သူတို့အတွက် အားကိုးရာကလည်း မိဘတွေပဲဆိုတော့ သူတို့လေးတွေပြောပြချင်တာလေးတွေကို စိတ်ရှည်ရှည်ထားပြီးနားထောင်ပေးဖို့လည်းမမေ့ပါနဲ့။

    ကလေးနဲ့အတူလျှောက်သွားပါ – ကလေးကိုခေါ်ပြီး ပန်းခြံ၊ ငါးပြတိုက်လိုမျိုးနေရာတွေကိုလျှောက်သွားပါ။ ဈေးဝယ်စင်တာလိုမျိုးနေရာတွေကိုခေါ်သွားပြီး ကလေးကို အသစ်အဆန်းတွေခံစားခွင့်ပေးလိုက်ပါ။

    လိုအပ်မယ့် အကူအညီရယူပါ – ကလေးကို အကောင်းဆုံးပျိုးထောင်ပေးချင်တယ်ဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေ၊ ဆရာ၊ဆရာမတွေရဲ့ အကူအညီကို ရယူပြီး ကလေးကို လိုအပ်မယ့် အရာလေးတွေကိုလုပ်ဆောင်ပေးလိုက်ပါ။

    ဒီအချက်လေးတွေအတိုင်း ကလေးကို အကောင်းဆုံးပျိုးထောင်ပြီးနေ့ရက်တိုင်းမှာ အကောင်းဆုံးဖြတ်သန်းနိုင်အောင်ကူညီပေးလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement