backup og meta

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

    ချိစ်က နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ကယ်လ်ဆီယမ်ပရိုတင်းနဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါဆို ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလားလို့ မေမေတိုင်း သိချင်နေမယ် ထင်ပါတယ်။

    ဒီလို သိချင်နေတဲ့ ကိစ္စလေးကို ဒီ ဆောင်းပါးလေးကနေ အဖြေပေးသွားမှာမို့ အတူတူ ဖတ်ကြည့်ရအောင်လား မေမေတို့ရေ…………

    ဘေဘီလေးက ဘယ်အရွယ်မှာ ချိစ် စစားလို့ရလဲ……………

    မိဘ တော်တော်များများက ဘေဘီလေးက ဖြည့်စွက်စာ စစားပြီဆိုတဲ့ ၆ လ အရွယ်ကစလို့ ချိစ်ကို စကျွေးချင်ကြပါတယ်။ တကယ်ကတော့ မသင့်တော်သေးပါဘူး။ ၆ လမှာ ကလေးက မိခင်နို့အပြင် ဖြည့်စွက်စာကို စစားပြီဆိုတာ မှန်ပေမယ့် ချိစ်ကျွေးရလောက်တဲ့အထိ အပြည့်အဝ ဖွံ့ဖြိုးပြီလားဆိုတာ အတိအကျ ပြောဖို့ ခက်ပါမယ်။

    ဒီလိုပြောရတာက ချိစ်က နို့ထွက်ပစ္စည်း တစ်ခု ဖြစ်နေတာကြောင့်လည်း ပါပါတယ်။ နို့ကနေ ရတဲ့ ပရိုတင်းက အသက် ၁ နှစ်အောက် ကလေးတွေမှာ အစာအိမ် ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။ နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ဘေ​ဘီလေးဆိုရင်တော့ ချိစ်ကို မိတ်ဆက်တဲ့အခါ နို့သကြားဓာတ် မပါ( lactos free) ဆိုတာကို ရွေးပေးတာ အကောင်းဆုံး ဖြစ်မှာပါ။

    ကလေးကို အကောင်းဆုံးကတော့ ၈ လ ဒါမှမဟုတ် ၁ နှစ်ပြည့်ပြီးမှ ချိစ် စကျွေးသင့်ပါတယ်။ ကျွေးတဲ့အခါမှာလည်း နည်းနည်းချင်း စကျွေးပေးစေချင်ပါတယ်။ ကလေးက မကြိုက်ဘူး။ အန်မယ်အစာမကြေ ဖြစ်မယ်ဆိုရင်တော့ ဆက်မကျွေး ပါနဲ့။ အာဟာရ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကျွေးတာကလည်း နည်းလမ်းကောင်းတစ်ခုပါ။

    နောက်တစ်ချက် သတိထားရမှာက သကြား ပါဝင်မှု နည်းပြီး ဘေဘီလေးတွေအတွက် သီးသန့် ထုတ်ထားတာမျိုး ဖြစ်ဖို့ပါ။

    ဘေဘီလေးကို ချိစ်ကျွေးခြင်း နဲ့ ကျန်းမာရေး

    ချိစ်က အရသာရှိသလို အာဟာရလည်း ပြည့်ပါတယ်။ ဒီလို အာဟာရ ကြွယ်ဝပြီး ကလေး တော်တော်များများ ကြိုက်ကြတဲ့ ချိစ်ကို ကလေးကို ကျွေးမယ်ဆိုရင် ဘေဘီလေးမှာ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

  • ချိစ်က ကယ်လ်ဆီယမ် ကြွယ်ဝတာကြောင့် ဘေဘီလေးကို အရိုးနဲ့သွားတွေ သန်မာစေမှာပါ။
  • ပရိုတင်း နဲ့ဗီတာမင် D ကြွယ်ဝတာကြောင့် ခန္ဓာကိုယ် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။
  • ဗီတာမင် B12 ကြွယ်ဝတာကြောင့် အာရုံကြော နဲ့ သွေးဆဲလ်တွေ ကျန်းမာစေမှာပါ။
  • ပရိုတင်း ပြည့်ဝတာကြောင့် ကိုယ်ခံအား ကောင်းစေမှာပါ။
  • ကယ်လ်လိုရီ ပါဝင်တာကြောင့် ဘေဘီလေးကို အင်အား ပြည့်ဝစေမှာပါ။
  • သွားတွေကို ကျန်းမာစေပြီး သွားပိုး မစားစေဖို့လည်း ကူညီပေးပါသေးတယ်။
  • ဘေဘီလေး တစ်ယောက် စားသင့်တဲ့ ချိစ် ပမာဏ

    ဘေဘီလေး တစ်ယောက်ကို ချိစ် ဘယ်လောက် ပမာဏထိပဲ စားသင့်တယ်လို့ အတိအကျ သတ်မှတ်ထားတာ မရှိပါဘူး။ ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီးပဲ အဓိက ကွာခြား သွားတာပါ။ ဘေဘီလေးက ၈ လကနေ ၁ နှစ်အတွင်းဆိုရင်တော့ တစ်နေ့ကို ကော်ဖီခွက်ရဲ့ လေးပုံတစ်ပုံစာလောက် စားပေးလို့ ရပါတယ်။

    ဒီလိုကနေမာ အသက်ကလေးရလာရင် ခွက်တစ်ဝက်စာ စသဖြင့် ဖြည်းဖြည်းချင်း တိုးကျွေးသွားပါ။ ကလေးကို အလွန်အကျွံ မကျွေးမိစေဖို့လည်း သတိပြု စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement