Vit B1 (thiamine): သိုင်ယာမင်း က ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ မရှိမဖြစ်တဲ့ ဓာတ်ပစ္စည်းပါပဲ။ အဓိကအားဖြင့် စားလိုက်တဲ့ အစာအာဟာရကနေ စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်ရာမှာ ကူညီပေးတာပါ။ ဝက်သား၊ နေကြာစေ့နဲ့ နှံစားသီးနှံတွေမှာ သဘာဝ သိုင်ယာမင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။
Vit B2 (riboflavin): ရိုင်ဘိုဖလေဗင် ကလည်း သိုင်ယာမင်းလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ ဒါ့အပြင် သူ့မှာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အရွယ်တင်စေတယ်။ အာရုံကြောဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေမယ်။ ကိုယ်တွင်း ဇီဝအဆိပ်အတောက်မဖြစ်အောင် ဟန့်တားပေးနိုင်တယ်။ သူ့ကိုတော့ ကလီစာ ၊ မှိုအမျိုးမျိုးနဲ့ အမဲသား မှာ သဘာဝ အတိုင်း ကြွယ်ဝစွာ တွေ့ရပါတယ်။
Vit B3 (niacin): နိုင်အာဆင် ကတော့ ဆဲလ်တွေအချင်းချင်းချိတ်ဆက်ရေးအတွက်၊ ဇီဝဖြစ်စဥ်တွေ ပုံမှန်လည်ပတ်နေဖို့အတွက် အရေးပါတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အခြေခံအကျဆုံး DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်တဲ့နေရာမှာလည်း ပါဝင်ကူညီပေးပါတယ်။ အသားဖြူစေတဲ့ ဂုဏ်သတ္တိရှိတာကြောင့် အလှအပရေးရာ ပစ္စည်းတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိတာတွေ့ရပါတယ်။ ပဲနီလေး၊ တူနာငါးနဲ့ အသည်းအမြစ်တွေမှာ နိုင်အာဆင်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။
Vit B5 (pantothenic acid): ပန်တိုသန်းနစ် အက်စစ် ကလည်း အပေါ်က တခြား ဗီတာမင် ဘီ တွေလိုပဲ ခန္ဓာကိုယ် ဇီဝဖြစ်စဥ်တွေမှာ အကူအညီပေးပါတယ်။ သူက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းဓာတ်တွေ နဲ့ အဆီဓာတ်တွေ ထုတ်လုပ်ရာမှာ အခရာကျပါတယ်။ အသည်းအမြစ်၊ ငါး၊ ဒိန်ချဉ် နဲ့ထောပတ်သီး များများစားပေးရင် ပန်တိုသန်းနစ်အက်စစ် ဓာတ်ကို သဘာဝအတိုင်းရနိုင်ပါတယ်။
Vit B6 (pyridoxine): ပိုင်ရီဒေါက်ဇင်း ကတော့ ခန္ဓာကိုယ်အတွက် အသားဓာတ်၊ သွေးနီဥနဲ့ အာရုံကြောဆက်သွယ်ရေးဟော်မုန်းဓာတ်တွေ ထုတ်လုပ်တဲ့နေရာမှာ ပါဝင်ကူညီပေးပါတယ်။ စားတော်ပဲ ၊ ဆော်လ်မွန်ငါးနဲ့ အာလူးတွေစားပေးရင် ကို ဆေးသောက်စရာမလိုဘဲ ပိုင်ရီဒေါက်ဆင်းဓာတ် ရနေမှာပါ။
Vit B7 (biotin): ဘိုင်အိုတင်ကတော့ ကစီနဲ့ အဆီ ချေဖျက်စုပ်ယူအသုံးချရေး ဇီဝဖြစ်စဥ်အတွက် မရှိမဖြစ် လိုတဲ့ အပြင် ကိုယ်တွင်းမျိုးရိုးဗီဇပုံဖော်ရေး လုပ်ငန်းကိုလည်း ထိန်းညှိပေးပါသေးတယ်။ အချဥ်ဖောက်ထားတဲ့ အစားအစာတွေ၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေ၊ ဆော်လ်မွန်ငါးနဲ့ အသည်းအမြစ်တွေမှာ ကြွယ်ဝစွာတွေ့နိုင်ပါတယ်။
Vit B9 (folate): ဖောလိတ် (ဖောလစ်အက်စစ် ပါပဲ တကယ်တော့) ကိုတော့ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကြီးထွားသန်မာဖို့နဲ့ ကြွက်သားတည်ဆောက်ရေး၊ သွေးဆဲလ် တည်ဆောက်ရေး ဇီဝဖြစ်စဥ်တွေအတွက်လိုပါတယ်။ သူ့ကိုတော့ အရွက်စိမ်းတွေနဲ့ ပဲတွေမှာ တွေ့ရပါတယ်။
Vit B12 (cobalamin): B12 လို့ လူသိများတဲ့ ကိုဘယ်လမင်းကတော့ အာရုံကြောအဖွဲ့အစည်းတစ်ခုလုံးအတွက် မရှိမဖြစ်အလိုအပ်ဆုံး ဇာတ်လိုက်ပါပဲ။ သွေးနီဥ ထုတ်လုပ်ဖို ရော၊ DNA/ RNA စတဲ့ ဗီဇဒြပ်စုတွေ ထုတ်လုပ်ပြုပြင်ရာမှာရော အရေးအပါဆုံး ဗီတာမင်ဘီအုပ်စုဝင်ပါ။ သူ့ထူးခြားချက်က သက်သက်လွတ်အစားအစာတွေမှာ သူ့ကို မတွေ့နိုင်တာပါပဲ။ အသား၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာပဲ တွေ့နိုင်တဲ့ အတွက် သတ်သတ်လွတ်သမားတွေ အနေနဲ့ B12ကိုအမြဲ ဖြည့်စွက်သောက်သုံးသင့်ပါတယ်။ ( cobalamin ကို Methylcobalamin ခေါ် သဘာဝ အတိုင်းတွေ့ရတဲ့ပုံစံနဲ့ Cyanocobalamin ခေါ် လူတို့ဓာတ်ခွဲထုတ်လုပ်ထားတဲ့ပုံစံ ဆိုပြီး နှစ်မျိုးရှိပါသေးတယ်။ ဘယ်လိုကွာခြားတယ်ဆိုတာ နောက်မှ အသေးစိတ်ရေးပေးပါမယ်)
အာရုံကြောအားဆေးအများစုကတော့ ဒီဓာတ်တွေ အကုန်မထည့်ပါဘူး။ B1 B6 နဲ့ B12 လောက်ပဲပါတာများပါတယ်။ ဗီတာမင် ဘီ အုပ်စုဝင်တွေက အဆီမှာ မပျော်ဘဲ ရေမှာပဲပျော်ဝင်တဲ့သတ္တိရှိတာကြောင့် ခန္ဓာကိုယ်က သိုလှောင်မထားနိုင်ပါဘူး။ ဆိုလိုတာက သာမန်လူ တစ်ယောက်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ အစားအစာတွေကို နေ့စဥ် ထမင်းဝိုင်းမှာပါအောင် သတိထားစားသွားပေးမယ်ဆိုရင် နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဘီ အုပ်စု ပမာဏကို လုံလုံလောက်လောက်ရနေမှာမို့ ထပ်ဖြည့်သောက်စရာ မလိုလှပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။