သည်ရောဂါတွေ အကြောင်း တစ်ခု စီ အသေးစိတ်ရှင်းပြဦးမှာပါ။ မရှင်းပြခင် ဒီလို
အဆစ်အမြစ်ရောင်ရမ်းတဲ့ လူနာတွေမှာ ရှိနေတတ်တဲ့ အငြင်းပွါးစရာ အယူအဆ အမှား တစ်ခုအကြောင်း အရင် ပြောပြချင်ပါတယ်။ အဲဒါကတော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင် ပိုဆိုးလာမယ်ဆိုတဲ့ အယူအဆပါ။ သည်ရောဂါရှိရင်ကို လေ့ကျင့်ခန်း လုပ်မရတော့ဘူး ဆိုတာက တကယ်တော့ အစွန်းရောက်တဲ့ အတွေးအခေါ်ပါပဲ။ ရောဂါ အခြေအနေသိပ်ဆိုးနေရင်တော့ ဆရာဝန်က နားကောင်းနားခိုင်းမှာပေါ့လေ။ တကယ်တော့ လေ့ကျင့်ခန်း မလုပ်ခြင်းက အဆစ်ရောင်တာကို ပိုဆိုးစေပြီး အဆစ်အမြစ်ပုံပျက်ကာ ရောဂါအခြေအနေကို ပိုပြီး ဆိုးလာစေနိုင်ပါတယ်။ ဆိုတော့ သည်နေရာမှာ အရေးကြီးတာက ဘယ်လိုလေ့ကျင့်ခန်းမျိုးကို လုပ်ဖို့ သင့်တော်သလဲဆိုတာပါပဲ။
၁။ အကွေးအဆန့်လေ့ကျင့်ခန်းတွေ
ဟန်ချက်ညီဖို့နဲ့ ကိုက်ခဲနာကျင်မှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိလာစေဖို့ အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခုပါပဲ။ ကုလားထိုင်မှာ ထိုင်နေရင်းနဲ့ကိုပဲ ဒူးကိုအကွေးအဆန့်လုပ်ပေးတာမျိုး၊ အိပ်နေရင်းနဲ့ ဒူးကို အကွေးအဆန့် ကစားပေးတာမျိုး ကနေစလို့ လက်ချောင်းတွေ၊ ခြေချောင်းတွေကို ဆုပ်လိုက်ဖြန့်လိုက်လုပ်ပေးတာ၊ လက်ကောက်ဝတ်အဆစ်လှည့်ပေးတာမျိုး အထိ ပါဝင်မှာပါ။
၂။ သွေးပူလေ့ကျင့်ခန်းတွေ
အကောင်းဆုံးလေ့ကျင့်ခန်းကတော့ လမ်းလျှောက်ပေးတာပါပဲ။နေ့တိုင်း ခပ် ဖြည်းဖြည်းလမ်းလျှောက်ပေးတာဟာ အဆစ်အမြစ်ရောင်ရမ်းမှုအတွက် အလွန်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံး တစ်ပတ်မှာ သုံးကြိမ်၊ မိနစ် ၃၀ခန့် ခပ်ဖြည်းဖြည်း လမ်းလျှောက်ပေးခြင်းက ခြေလက်များကို သန်မြန်အောင် ကူညီပေးနိုင်ပြီး ဒူးနဲ့ တင်ပါးအရိုးအဆစ်တွေမှာ ဖူးရောင်ခြင်းကို လျှော့ချပေးနိုင်ပါတယ်။ တခြားသွေးပူလေ့ကျင့်ခန်းတွေ အနေနဲ့တော့ ရိုးရိုး ခြေထောက်မြှောက်ခြင်း၊ ပေါ့ပေါ့ပါးပါး ခါးကိုင်းပြီး လက်နဲ့ ခြေချောင်းကို ထိခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်နိုင်ပါတယ်။ သည်လေ့ကျင့်ခန်းတွေက ဟန်ချက်ပိုထိန်းနိုင်လာစေပြီး အဆစ်လွဲစေမယ့် ဖြစ်နိုင်ခြေတွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်မယ့် မြေနေရာက မြေပြင်ညီဖြစ်နေဖို့လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။