လိုင်ချီးသီးလေးတွေမြင်လိုက်တာနဲ့ စားချင်မိတယ်၊ ချိုမွှေးနေတဲ့ အနံ့လေးရလိုက်ရင် စားချင်စိတ်က ထိန်းမရတော့ဘူးလေ။ အမြင်လေးလည်းလှ စားလို့လည်းအရသာရှိတဲ့ လိုင်ချီးသီးလေးတွေက ကျန်းမာရေးကို ဘယ်လိုများ အထောက်အကူပြုပေးလဲသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။
လိုင်ချီးသီး
လိုင်ချီးသီးက ကျန်းမာရေးအတွက် အကျိုးများတဲ့ အသီးတစ်မျိုးပါ။ ကိုယ်အလေးချိန်ကျ စေနိုင်သလို အသားအရေကိုကျန်းမာစေနိုင်ပြီးသွေးလည်ပတ်မှုကောင်းစေပါတယ်။ အစာကြေ စေပြီး ကင်ဆာကာကွယ်ပေးရုံမက၊ သွေးပေါင်ချိန်ထိန်းညှိပေးပြီး ကိုယ်ခံအားစနစ်ကိုလည်းကောင်းမွန်စေနိုင်ပါတယ်။ ဒီလို အကျိုးအာနိသင်များတဲ့ လိုင်ချီးသီးလေးရဲ့ သိပ္ပံနာမည်လေးကLitchi chinensisပါ။ လိုင်ချီးသီးအပင်က အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာပေါက်ရောက်ကြပြီး မျိုးရင်းကတော့ တရုတ်နိုင်ငံပါ။ အာရှနိုင်ငံအများစုမှာလည်း ပေါက်ရောက်ကြပါတယ်။ အရှေ့တောင်အာရှ၊ တရုတ်၊ တရုတ်၊ အိန္ဒိယ နဲ့ တောင်အာဖရိက နိုင်ငွတွေမှာ ပေါက်ရောက်ကြပါတယ်။ လိုင်ချီးသီးက အခွံအနီရောင်လေးနဲ့ အတွင်းသားကဖြူဖြူလေးပါ။ စားလိုက်ရင် အရည်ရွှမ်းပြီး ချိုပါတယ်။
ဘယ်လိုအာဟာရဓါတ်တွေပါဝင်နေလဲ
လိုင်ချီးသီးဟာ အဓိကအားဖြင့်ရေဓါတ်နဲ့ ကာဗိုဟိုက်ဒရိတ်တို့ပါဝင်နေတာပါ။ ဒါတွေအပြင် လိုင်ချီးသီးမှာ အခြားအာဟာရဓါတ်တွေအနေနဲ့
- ကယ်လ်လိုရီ – ၆၆ ဂရမ်
- ပရိုတင်း (အသားဓါတ်) – ဝ.၈ ဂရမ်
- ကာဗိုဟိုက်ဒရိတ် – ၁၆.၅ ဂရမ်
- သကြားဓါတ် – ၁၅.၂ ဂရမ်
- အမျှင်ဓါတ် – ၁.၃ ဂရမ်
- အဆီဓါတ် – ဝ.၄ ဂရမ်ပါဝင်နေပါတယ်။ ဒါတွေအပြင် ဗီတာမင် စီ(ဗီတာမင် C)၊ကော့ပါး၊ ပိုတက်ဆီယမ်တို့ပါဝင်နေပါတယ်။
ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက
အစာကြေစေနိုင်တယ်
အမျှင်ဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်ကျန်းမာစေနိုင်ပြီး ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။ အူကြွက်သားတွေလှုပ်ရှားမှုကောင်းစေပြီး အူထဲမှာ အစာတွေ သယ်ပို့မှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဝမ်းချုပ်သူတွေ စားပေးသင့်တဲ့ အသီးလေးတစ်မျိုးပေါ့။
ကိုယ်ခံအား ကောင်းစေနိုင်တယ်
ဗီတာမင် စီ (ဗီတာမင် C) ပါဝင်နေတာကြောင့် ကိုယ်ခံအားကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။သွေးဖြူဥဆဲလ်တွေကို လှုံ့ဆော်ပေးပြီး ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး တည်ဆောက်ပေးပါတယ်။
ကင်ဆာကာကွယ်ပေးနိုင်တယ်
ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်လုပ်ဆောင်ပေးတဲ့polyphenolic ပါဝင်တာကြောင့်အသည်းကင်ဆာအပါအဝင် အခြားသောကင်ဆာရောဂါဖြစ်နိုင်ခြေတွေကိုပါလျှော့ချပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ ပွားတာကိုလည်း ဟန့်တားပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ရော ကုသမှုခံယူနေစဉ် ဓါတ်စာ အနေနဲ့ပါ စားပေးလို့ရပါတယ်။ အူမကြီးကင်ဆာသမားတွေအတွက်လည်း အဆင်ပြေပါတယ်။
သိမြင်မှုစွမ်းရည် ကောင်းမွန်စေနိုင်တယ်
အာရုံကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အာရုံကြောတွေထိခိုက်တာမျိုးကို ကာကွယ်ပေးနိုင်သလို အယ်လ်ဇိုင်းမားရောဂြါဖစ်နိုင်ခြေကိုလည်လျှော့ချပေးနိုင်ပါတယ်။ အာရုံကြောထိခိုက်သူတွေလည်း စားသုံးပေးလို့ သင့်တော်ပါတယ်နော်။
သွေးပေါင်ချိန်ထိန်းညှိပေးတယ်
ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်တွင်းအရည်ဓါတ်ကို ထိန်းညှိပေးပြီး ဆိုဒီယမ်ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ကိုယ်တွင်းအရည်ဓါတ်များတာကက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေရုံတင်မဟုတ်ဘဲသွေးတိုးတာမျိုးမဖြစ်အောင် ထိန်းညှိပေးပါတယ်။သွေးကြောတွေကိုပြေလျော့စေပြီး နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။သွေးတိုးတတ်သူတွေ စားပေးသင့်ပါတယ်။
တုပ်ကွေးကာကွယ်ပေးတယ်
လိုက်ချီးသီးမှာphenolicဒြပ်ပေါင်းပါဝင်တာကြောင့် ကျန်းမာရေးကို အများကြီးအထောက်အကူပြုပေးပါတယ်။ ကိုယ်တွင်းသွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်လျှော့ချနိုင်သလို အရေပြားကိုလည်း ခရမ်းလွန်ရောင်ခြည် ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင် စီ (ဗီတာမင် C) တို့ပါဝင်တာကြောင့် ခန္ဓါကိုယ်ကို အအေးမိတုပ်ကွေးဗိုင်းရပ်စ်တွေအန္တရာယ်ကနေကာကွယ်ပေးပါတယ်။
သွေးစီးဆင်းမှုကောင်းစေပါတယ်
ဘယ်သူတွေမစားသင့်ဘူးလဲ
လိုင်ချီးသီးက ကျန်းမာရေးအာနိသင်များတယ်ဆိုတာနဲ့ လူတိုင်းနဲ့ တည့်တယ်လို့တော့ မဆိုသာပါဘူး။ လိုင်ချီးက အချိုဓါတ်များသလို အပူစာဆိုလည်း ဟုတ်ပါတယ်။ ဒါကြောင့် ဆီးချိုရှိသူတွေနဲ့ ကိုယ်ဝန်ဆောင်မေမေနဲ့ ကလေးငယ်တွေတို့က နည်းနည်းလောက်ပဲ စားသင့်ပါတယ်။ လိုင်ချီးသီးကို အလွန်အကျွံစားမယ်ဆိုရင် အဖျားတက်တာ၊ လည်ချောင်းနာတာ၊ နှာခေါင်းသွေးလျှံတာမျိုးတွေဖြစ်နိုင်ပါတယ်နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။