backup og meta

မနက်တိုင်းမှာ ဝမ်းပုံမှန်သွား စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်တိုင်းမှာ ဝမ်းပုံမှန်သွား စေဖို့

    မနက်မိုးလင်းရင် ဝမ်းပုံမှန်သွား တတ်တဲ့ သူတွေကို အားကျနေမိပြီလား။ သူတို့ကို ကြည့်လိုက်ရင် မနက်မိုးလင်း အိပ်ရာက နိုးတာနဲ့ အိမ်သာသွားတာက အကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ကိုယ်ကရော ဒီလို အကျင့်ဖြစ်အောင်လုပ်လို့မရဘူးလား။

    ဝမ်းပုံမှန်သွား တယ်ဆိုတာ

    လူတိုင်းက နေ့တိုင်း ဝမ်းသွားချင်မှ သွားတာပါ။ တချို့က တစ်ရက်ခြားလောက် သွားတာရှိသလို တချို့က တစ်ရက်ကို ၂ခါ သွားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ပတ်ကို အနည်းဆုံး ဝမ်း ၃ခါ သွားတယ်။ ဝမ်းချုပ်တာ၊ ဝမ်းမာတာမျိုး မရှိဘူးဆိုရင် ဒါကို ဝမ်းပုံမှန်သွားတယ်လို့ပဲ သတ်မှတ်ပါတယ်။ နေ့တိုင်းသွားစရာ မလိုပါဘူး။

    ဒါပေမယ့် လူအများစု အထူးသဖြင့် အာရှသားတွေက ဝမ်းသွားတာနဲ့ ပတ်သက်ရင် အစွဲကြီးကြပါတယ်။ နေ့တိုင်း ဝမ်းသွားချင်ကြပါတယ်။ ဝမ်းသွားမှ အပုပ်တွေကင်းတယ်၊ သန့်သွားတယ်ဆိုတဲ့ အစွဲက သူတို့ဆီမှာ ရှိပါတယ်။ ဒါကြောင့် နေ့တိုင်း ဝမ်းသွားဖို့ ကြိုးစားကြပါတယ်။

    အထူးသဖြင့်တော့ မနက်ပိုင်းမှာ ဝမ်းသွားလိုက်ရရင် ဗိုက်ထဲမှာ ပေါ့သွားပြီး အလုပ်တစ်ခုပြီးသွားသလို ပေါ့ပါးသွားကြပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ ဝမ်းသွားအောင် ကြိုးစားကြပါတယ်။ ဒီလိုနဲ့ မလိုအပ်ဘဲ ဝမ်းပျော့ဆေးတွေ၊ ဝမ်းနှုတ်ဆေးတွေ သောက်တဲ့အထိ ဖြစ်သွားကြပါတယ်။

    တကယ်တော့ မနက်ပိုင်းမှာ ဝမ်းသွားဖို့က ဆေးတွေသောက်ဖို့ထိ မလိုပါဘူး။ အောက်ပါနည်းလမ်းတွေနဲ့ အရင်စမ်းသပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

    မနက်တိုင်းမှာ ဝမ်းပုံမှန်သွား စေဖို့

    • အချိန်ပေးပါ။

    အရေးကြီးဆုံးက အချိန်ပါပဲ။ တချို့ က မနက်ကို ဝမ်းသွားတတ်တဲ့ အကျင့်ရှိပေမယ့် ရုံးနောက်ကျမှာစိုးလို့ အောင့်အီးပြီး အိမ်ကနေ ထွက်သွားလိုက်ရတာမျိုးတွေ ရှိပါတယ်။ ကြာလာတော့ ဝမ်းအကျင့်ပျက်ပြီး ဝမ်းချုပ်တာပါ ဖြစ်လာပါတယ်။ ဒါကြောင့် အေးအေးလူလူ အိမ်သာတက်ဖို့ ၁၀မိနစ်- ၁၅မိနစ်လောက် ဖယ်ထားပါ။

    အိပ်ရာက နိုးတာနဲ့ ရေတစ်ဖန်ခွက်လောက် သောက်လိုက်ပါ။ အူထဲမှာ တင်းသွားတဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းစေသလို ဝမ်းကိုလည်း ပျော့စေပါတယ်။

    • လေ့ကျင့်ခန်း လုပ်ပါ။

    အထူးသဖြင့် ဝမ်းဗိုက်ကို အားစိုက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အူတွေကို လှုံ့ဆော်ပေးတဲ့အတွက် ဝမ်းသွားစေပါတယ်။ ဝမ်းချုပ်တတ်တဲ့သူတွေဆိုရင် သူတို့အတွက် သီးသန့်သတ်မှတ်ထားတဲ့ ယောဂလေ့ကျင့်ခန်း ၂-၃ခုလောက် ပုံမှန်လုပ်ပေးနိုင်ပါတယ်။ (ယောဂလုပ်နည်းကို အင်တာနက်တို့ youtubeတို့မှာ ရှာနိုင်ပါတယ်။ Yoga for constipation လို့ရိုက်ရှာကြည့်ပါ။)

    တချို့က အိမ်သာမသွားရင် အစားမစားဘူးလို့ ဆုံးဖြတ်ထားကြပါတယ်။ အဟောင်းသွားမှ အသစ်လာမယ်ပေါ့။ တချို့ကျတော့လည်း နဂိုတည်းက မနက်စာ စားတဲ့ အလေ့အကျင့် မရှိတာပါ။ မနက်စာစားတဲ့အခါ အူထဲကို အစာတွေ ရောက်လာတဲ့အတွက် အူက စပြီး လှုပ်ရှားရပါတယ်။ ဒီလှုပ်ရှားမှုက အစာဟောင်းတွေကို ထွက်စေပါတယ်။ ဆိုလိုတာက ဝမ်းသွားဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။

    ဘိုထိုင်အိမ်သာနဲ့ မြန်မာထိုင်အိမ်သာ ယှဉ်ရင် မြန်မာထိုင်အိမ်သာက ဝမ်းသွားရလွယ်စေပါတယ်။ မြန်မာထိုင်အိမ်သာမှာ ထိုင်တဲ့ပုံစံက အူလမ်းကြောင်းကို ဖြောင့်စေတဲ့အတွက် အားမစိုက်ရဘဲ ဝမ်းသွားရလွယ်စေပါတယ်။

    အသက်ကြီးတဲ့သူ၊ အဝလွန်တဲ့သူ၊ ဒူးမကောင်းတဲ့သူ၊ အိမ်သာ ဘိုထိုင်အိမ်သာပဲ ရှိတဲ့သူတွေကတော့ ခြေထောက်အောက်မှာ ခွေးခြေလေး ခုထားပါ။ ဒါဆို မြန်မာထိုင် အိမ်သာနဲ့ ခပ်ဆင်ဆင်လေး တူသွားပါပြီ။

    • ဝမ်းဗိုက်ကို နှိပ်နယ်ပေးပါ။

    အားနဲ့ ဖိနှိပ်စရာ မလိုပါဘူး။ ဝမ်းဗိုက်ကို အသာအယာပွတ်သပ်ပေးလို့လည်း ရပါတယ်။ အိမ်သာတက်နေရင်းနဲ့ ဝမ်းဗိုက်ကို နှိပ်နယ်ပေးမယ်ဆိုရင် Gastro-colic reflex ဖြစ်လာပြီး အူလှုပ်ရှားမှု ကောင်းစေတာကြောင့် ဝမ်းသွားရလွယ်စေပါတယ်။

    • နေ့စဉ် ကြိုးစားကြည့်ပါ။

    တစ်ရက်တည်းနဲ့တော့ ရချင်မှ ရမှာပါ။ နောက်ရက်တွေလည်း ဆက်ကြိုးစားကြည့်ပါ။ တတ်နိုင်သလောက် အချိန်မှန်ထပေးပါ။ ဒါမှ ခန္ဓာကိုယ်က မှတ်ထားပြီး နောက်ပိုင်းကျရင် သူ့အချိန်ရောက်တာနဲ့ အလိုလို ဝမ်းသွားချင်လာမှာပါ။

    မနက်ပိုင်းမှာ ဝမ်းမသွားရင် ဘယ်လိုလုပ်မလဲ။

    အပေါ်မှာ ပြောခဲ့သလိုပဲ။ မဖြစ်မနေ မနက်မှာမှ သွားဖို့ မလိုပါဘူး။ တချို့တွေက ညမှ သွားတာလည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အကျင့်တူချင်မှ တူမှာပါ။ ဝမ်းပုံမှန်သွား နေတယ်။ ဝမ်းချုပ်တာ၊ တခြားဝမ်းနဲ့ ပတ်သတ်တဲ့ ပြဿနာ မရှိဘူးဆိုရင် စိတ်ပူစရာ မလိုပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement