စိတ်ပြဿနာတွေ မှာ ပတ်ဝန်းကျင်၊ အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ ရုပ်ပိုင်းတုံ့ပြန်မှုတွေနဲ့ အကျင့်စရိုက် အခြေနေ (၅)မျိုးဆက်စပ်ဖြစ်ပေါ်တယ်ဆိုတာကို ကျနော်တို့သိပြီးပြီ။ ဒီတစ်ခါတော့ ဒီဆက်စပ်ဖြစ်ပေါ်မှုမှာ ဘယ်အရာက အခရာကျလဲဆိုတာကို မြင်အောင်ကြည့်ကြမယ်။
စိတ်ပြဿနာတွေ ရဲ့ အဓိကဗီလိန်
ဖြစ်စဉ် – ဖေ့ဘွတ်ပေါ်မှာ ကိုယ်နဲ့မကြာခဏ စကားပြောပြီး အပြန်လှန်စနောက်လေ့ရှိတဲ့ အသိတစ်ယောက်က ဒီရက်ပိုင်းမှာ ကိုယ်နဲ့စကားမပြောဘူး။ ကိုယ့်ပုံတွေစာတွေလည်း reaction, comment မပေးဘူး။
“ငါနဲ့လည်းစကားမပြောဘူး၊ ငါ့စာတွေပုံတွေလည်း အဖတ်မလုပ်ဘူး။ ငါ့အကြောင်းကို တစ်ယောက်ယောက်ကများ မကောင်းပြောထားလို့လား။”
“အမယ် အကောင်းချည်းကနေ ငါ့ကိုအဖတ်မလုပ်ဘူး။ သူအဖတ်မလုပ်ရင် ငါကရော လုပ်စရာလား။ အရေးအရာလုပ်လို့။”
“ငါ့သူငယ်ချင်း အဆင်မှပြေရဲ့လားမသိဘူး။ စကားတောင်သိပ်မပြောဖြစ်ဘူး၊ အလုပ်များရှုပ်နေလား တစ်ခုခုများပြဿနာဖြစ်နေလို့လားမသိဘူး။”
ဖြစ်စဉ်တစ်ခုတည်းအပေါ်မှာ ပေါ်လာတဲ့အတွေးတွေ မတူဘူး။ ပထမအတွေးက ကိုယ့်အကြောင်းတစ်ယောက်ယောက်များ မကောင်းပြောနေတာလားဆိုတဲ့အပေါ်မှာဖြစ်လာပြီး စိတ်မလုံခြုံမှု၊ ဝမ်းနည်းမှုတွေဖြစ်စေတယ်။ ဒုတိယအတွေးက ကိုယ့်ကိုချိုးနှိမ်တယ် အရေးမလုပ်ဘူးဆိုတဲ့အတွေးကလာပြီး ဒေါသဖြစ်တယ်။ တတိယအတွေးမှာတော့ စိုးရိမ်စိတ်၊ ဂရုစိုက်တဲ့စိတ်တွေဖြစ်တယ်။ မတူညီတဲ့အတွေးတွေကနေ မတူညီတဲ့စိတ်ခံစားချက်တွေဖြစ်ပြီး သူတို့က နောက်ဆက်တွဲ ရုပ်ပိုင်းတုံ့ပြန်မှုတွေနဲ့ အကျင့်စရိုက်တွေဆက်ဖြစ်တယ်။ ဒေါသနဲ့ အန်ဖရန့်ပစ်လိုက်တာမျိုး၊ ဘလော့ပစ်လိုက်တာမျိုးတွေဖြစ်ပြီး အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ဒီသူငယ်ချင်းနဲ့အဆက်သွယ်ပြတ်၊ မုန်းတီးသွားတာမျိုးထိတောင်ဖြစ်နိုင်သေးတယ်။ ဘာအကြောင်းမှရယ်မဟုတ်ဘဲ အတွေးတွေက ပုံဖော်သွားတာပဲ။
ရုပ
အတွေးတစ်ခုဖြစ်လာတဲ့အခါ ဒီအတွေးက ခံစားချက်တွေဆက်ဖြစ်ပေါ်လာစေတယ်။ ခံစားချက်ဖြစ်လာတဲ့အခါ နောက်ထပ်အတွေးတွေဟာ ဒီခံစားချက်ကို အားဖြည့်ပေးတော့တာပဲ။ ဥပမာ လူတစ်ယောက်ပေါ်ဒေါသထွက်ပြီဆိုရင် သူလုပ်ခဲ့တဲ့အမှားတွေကို ပြန်သတိရလာတာမျိုး၊ ဝမ်းနည်းလာတဲ့အခါ ကိုယ့်ဘဝရဲ့ဝမ်းနည်းစရာတွေကိုပဲ တွေးမိတာမျိုးပေါ့။ ကိုယ့်အတွေးတွေက စိတ်ခံစားချက်တွေဖြစ်၊ အဲဒီစိတ်ခံစားချက်က အတွေးတွေဆက်ဖြစ်နဲ့ တဖြည်းဖြည်း စိတ်ခံစားချက်တွေပိုပြင်းထန်လာလေ အတွေးတွေက ပိုအစွန်းရောက်လာလေပဲ။ ကိုယ့်ရဲ့အတွေးတွေက မှားတယ်လို့ မဆိုလိုဘူး။ ဒါပေမယ့် အတွေးတွေက ပြင်းထန်တဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာကို သဘောပေါက်လာရင် ကိုယ့်ရဲ့စိတ်ခံစားချက်တွေ ပြင်းထန်နေချိန်မှာ ကိုယ့်ရဲ့အတွေးတွေဟာလည်း မမှန်နိုင်တော့ဘူးဆိုတာကို သတိထားရမယ်။ ဒါက အတွေးတွေနဲ့ စိတ်အခြေနေတွေကို ကောင်းတဲ့အပြောင်းအလဲရအောင် ထိန်းကျောင်းဖို့ ပထမအဆင့်ပဲ။
အပေါ်က အဖြစ်ပျက်ကိုပဲ ပြန်စဉ်းစားကြည့်ရအောင်။ အကောင်းချည်းကနေ ငါ့ကိုအဖတ်မလုပ်ဘူး။ သူအဖတ်မလုပ်ရင် ငါလည်း အဖတ်မလုပ်ဘူးဆိုတဲ့အတွေးမျိုးဆိုပါတော့။ အဲဒီအတွေးကနေ ဒေါသဖြစ်လာတယ်။ ဒေါသဖြစ်တော့ ဒါတွေဆက်လုပ်တယ်။
သူက ငါ့ကျအဖတ်မလုပ်ဘူး။ သူ့ဘာသာကျ စာတွေတင်တယ်၊ ပုံတွေတင်တယ် (ကိုယ့်ရဲ့ ဒေါသကို အားဖြည့်တယ်)။
သူ့ရဲ့အောက်မှာ တခြားသူတွေပေးထားတဲ့ ကွန်မန့်တွေကို ရီပလိုင်းမလုပ်ဘူး။ ဒါပေမယ့် ဒါလည်း ချေနေတာဖြစ်မှာပဲ (အခြေနေမှန်ကိုမြင်ပေမယ့် ကိုယ့်အတွေးဘက်ကိုပဲတွေးလိုက်တယ်)။
ငါကလည်း ဒီလိုမျိုးတွေတင်မိနေတော့ သူ့ကိုများပြောသလား၊ အထင်လွဲသွားလားမသိဘူး။ ရှုပ်ပါတယ်လေ၊ အန်ဖရန့်လိုက်မယ်။ (ကိုယ်ထင်ထားတဲ့အတွေး မှန်ကန်ကြောင်း ကောက်ချက်ချတယ်)။
ဒီလိုနဲ့ အတွေးတစ်ခုနဲ့ ခံစားချက်တစ်ခုဖြစ်လာတဲ့အခါ နောက်ဆက်တွဲခံစားချက်နဲ့ လုပ်ရပ်တွေက အဲဒီခံစားချက်ကိုပဲ အားဖြည့်ရင်း ဖြစ်ရပ်အမှန်တွေကို ဂရုမစိုက်နိုင်တော့ဘူး။ ကိုယ်စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန် အတွေးတွေမမှန်ကန်နိုင်ဘူး၊ ဒီအမြင်တွေဟာ ဓမ္မဓိဌာန်ကျမနေဘူး ဆိုတာကို သတိပြုမိဖို့က ကိုယ့်စိတ်ကို ပြင်ဆင်ကုစားဖို့အတွက် အဓိကကျတယ်။ ကိုယ့်မှာ ပြဿနာရှိနေမှန်းသိခြင်းက ဒီပြဿနာကိုဖြေရှင်းဖို့ လမ်းစပဲ။
ဒီနေ့ရဲ့ သင်ခန်းစာကတော့ စိတ်ခံစားချက်တွေဖြစ်လာတဲ့အခါ အဲဒီစိတ်ခံစားချက်တွေကို သတိပြုကြည့်ပါ၊ အဲဒီစိတ်ခံစားချက်တွေကို ဘယ်အတွေးတွေက ဖြစ်စေလဲဆိုတာကို ဆင်ခြင်ကြည့်ပါ။ ကိုယ့်အတွေးတွေဟာ ဓမ္မဓိဌာန်ကျနေလား တကယ်မှန်ကန်ရဲ့လားဆိုတာကို သုံးသပ်ကြည့်ပါ။ အတွေးရယ်၊ ခံစားချက်ရယ်၊ နောက်ဆက်တွဲ တုံ့ပြန်မှုတွေရယ် ဆက်စပ်ဖြစ်ပေါ်ပုံလာတာကို သဘောပေါက်လာလိမ့်မယ်။
[embed-health-tool-bmi]