backup og meta

စိတ်ပြဿနာများကို ကုစားခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ပြဿနာများကို ကုစားခြင်း

    စိတ်ပြဿနာများကို ကုစားခြင်း

    စိတ်ဟာ ရုပ်ကိုဆောင်တယ်။ စိတ်မကျန်းမာတဲ့သူဟာ ရုပ်မကျန်းမာမှုတွေပါ ဆက်ဖြစ်ပေါ်စေတယ်။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ တခြားပြစ်ချက်မရှိပါဘဲနဲ့ အမြဲတမ်းပင်ပန်းနေတာ၊ မလှုပ်ချင်မကိုင်ချင်အောင် နာကျင်ကိုက်ခဲနေတာမျိုးဖြစ်နိုင်တယ်။ စိတ်ပြဿနာတွေဟာ လူ့လောကထဲကနေထွက်ခွာသွားဖို့အတွက်တောင် အကြောင်းရင်းဖြစ်နေနိုင်တယ်။ မကုစားဘဲထားရင် ပျောက်မသွားဘဲ ရေရှည်မှာပိုဆိုးလာနိုင်တယ်။ ဒါကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးမှုများခြင်း အစရှိတဲ့စိတ်ပြဿနာတွေဟာ အလေးနက်ထားပြီး ကုသမှရမယ်။

    စိတ်ပြဿနာများကို ကုစားခြင်း

    စီးတီးမတ်မှာ ပိုက်ဆံရှင်းတဲ့အချိန် တန်းအရှည်ကြီးစီနေရတယ်ဆိုပါတော့။ သင်က ဘယ်လိုမျိုးဖြစ်မလဲ။

    – ဖုန်းလေးပွတ်လိုက်၊ စကားလေးပြောလိုက်နဲ့ အေးရာအေးကြောင်း ကိုယ့်အလှည့်ကိုယ်စောင့်နေမယ့်သူလား။

    – တန်းကလည်းရှည်လိုက်တာ၊ တန်းစီရတာ စိတ်ညစ်လိုက်တာ၊ ဘာလို့ ကောင်တာတွေက အပြည့်မဖွင့်ထားတာလဲ၊ လူများနေတာကိုမသိဘူးလားနဲ့ စိတ်တိုပြီး စောင့်နေမယ့်သူလား။တန်းစီနေရတဲ့အခြေနေချင်းတူတူမှာကို လူတွေရဲ့ စိတ်ခံစားချက်တွေနဲ့ ပြုမူပုံတွေကွဲတယ်။ တန်းအရှည်ကြီးကိုမြင်တဲ့အခါ ကိုယ်လုပ်စရာရှိတာလုပ်ရင်း စိတ်အခြေနေမပြောင်းမလဲရှိနေမယ့်သူတွေရှိသလို စိတ်တိုစိတ်ရှုပ်ပြီး သူများတွေကို အပြစ်တင်တာ၊ ကြားဖြတ်တာတွေလုပ်မယ့်သူတွေလည်းရှိတယ်။

    စိတ်တိုစိတ်ရှုပ်တယ်ဆိုတာက စိတ်ခံစားချက်ဖြစ်ပြီး သူများကို အပြစ်တင်တာ၊ ကြားဖြတ်တာတွေက အပြုအမူပေါ့။ ဒီလိုစိတ်ခံစားချက်နဲ့ အပြုအမူတွေကို အတွေးတွေက ပုံသွင်းတယ်။ ဒါကြောင့် စိတ်ပြဿနာတွေကို ကုစားတော့မယ်ဆိုရင် အတွေးတွေကို အရင်ကုစားရမယ်။
    တော်တော်များများက စိတ်နဲ့ဆက်စပ်နေတယ်။ ညဘက်အိပ်မပျော်ဘူးဆိုတဲ့ပြဿနာကိုစဉ်းစားကြည့်။ ဒါက အတွေးပေါင်းစုံတွေးတာကနေ ဝမ်းနည်းတာ၊ စိုးရိမ်တာ၊ စိတ်ဖိစီးတာစတဲ့ စိတ်ခံစားချက်တွေဖြစ်လာပြီး အိပ်မပျော်ဖြစ်စေတာမလား။အဖြစ်ပျက်တစ်ခုနဲ့ကြုံတွေ့တဲ့အခါ စိတ်ခံစားချက်တွေမပေါ်လာခင်မှာ အတွေးတွေက အရင်ပေါ်တယ်။
    တန်းစီရတယ်ဆိုတဲ့ အဖြစ်ပျက်တစ်ခုနဲ့ကြုံတွေ့တဲ့အခါ ငါတန်းစီတုန်း လုပ်စရာလေးတွေ လုပ်ထားလိုက်ဦးမယ်ဆိုတဲ့ ပေါ့ပေါ့ပါးပါးတွေးဖြစ်တဲ့သူက နောက်ဆက်တွဲဘာမှဆက်မဖြစ်ပေမယ့် တန်းစီရတာ ရှည်လိုက်တာ ဒီလူတွေတမင်ကောင်တာအပြည့်မဖွင့်တာ၊ ရေသာခိုနေတာဆိုတဲ့ အတွေးဖြစ်တဲ့သူတွေကတော့ နောက်ဆက်တွဲစိတ်တိုတယ်၊ စိတ်ရှုပ်တယ်။ အဲဒီကနေ ပူညံပူညံလုပ်မယ်၊ ကြားဖြတ်မယ်ဆိုတဲ့ အပြုအမူတွေ ဆက်ဖြစ်လာတယ်။

    စိတ်ပြဿနာများကို ကုစားခြင်း

    စိတ်ဓာတ်ကျတာ၊ စိတ်တိုတာ၊ ဝမ်းနည်းတာ၊ အထီးကျန်တယ်ခံစားရတာ၊ အားမလိုအားမရဖြစ်တာ အစရှိတဲ့စိတ်ခံစားချက်တွေအကုန်လုံးဟာ အခြေအနေတစ်ခုပေါ်မှာဖြစ်ပျက်လာတဲ့ အတွေးတွေကနေလာတယ်။ ကိုယ်နဲ့ အမြဲတမ်းစကားပြောနေကျ သူငယ်ချင်းတစ်ယောက်က အခုတလောမှာ ကိုယ်နဲ့စကားမပြောတော့ဘူးဆိုတဲ့အဖြစ်အပျက်ကို “သူအလုပ်များနေတာဖြစ်မယ်၊ အဆင်မှပြေရဲ့လားမသိဘူး” ဆိုတဲ့ အတွေးပေါ်သူအတွက်က သူငယ်ချင်းအတွက်စိုးရိမ်တာ၊ ဂရုစိုက်တာဆိုတဲ့ စိတ်ခံစားချက်တွေဖြစ်ပေါ်ပြီး ဖုန်းဆက်ရင်ဆက်မယ်၊ စကားသွားပြောရင် ပြောမယ်။ “ငါ့အကြောင်းတစ်ယောက်ယောက်ကများ မကောင်းပြောလိုက်လို့ စကားမပြောတော့တာလားမသိဘူး” ဆိုတာမျိုးဖြစ်တဲ့သူကျ ဒေါသထွက်တာ၊ စိတ်မလုံခြုံတာဆိုတဲ့ ခံစားချက်တွေဖြစ်ပြီး အန်ဖရန့်လုပ်လိုက်တာမျိုး၊ အခေါ်အပြောမလုပ်တော့တာမျိုးတွေ ဖြစ်လာနိုင်တယ်။

    စိတ်ခံစားချက်တွေကို ကုစားဖို့ဆိုရင် အဲဒီဖြစ်ပျက်လာတဲ့အခြေအနေတွေနဲ့ အတွေးတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်တယ်။ ဒါပေမယ့် အကောင်းမြင်စမ်းပါဆိုတာလောက်နဲ့တော့ မရဘူး။ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ကို စိတ်ဓာတ်မကျနဲ့ အကောင်းမြင်စမ်းပါဆိုတာက ပိုတောင်ဆိုးစေသေးတယ်။ အတိုဆုံးပြောရရင်တော့ အဖြစ်ပျက်ကို ပြောင်းလဲလို့ရရင် ပြောင်းလဲရမယ်၊ ကိုယ်မပြောင်းလဲနိုင်တဲ့အရာဆိုရင်တော့ အတွေးကိုပြောင်းလဲရမယ်။ ဥပမာ ကားကျပ်လို့ စိတ်တိုပြီးရုံးနောက်ကျရတဲ့ကိစ္စမှာ ကားမကျပ်တဲ့အချိန်သွားဖို့ လုပ်နိုင်ရင်လုပ်၊ မဟုတ်ရင်တော့ ကားကျပ်မှာပဲဆိုတာကို စိတ်ထဲမှာပြင်ဆင်ပြီး အတွေးတွေကို ပြောင်းရင်ပြောင်း၊ ဒါမှမဟုတ်ရင်တော့ ကားကျပ်လိုက် စိတ်တိုလိုက်နဲ့ တဖြည်းဖြည်းပိုဆိုးလာမှာပဲ။

    စိတ်ကိုကုစားဖို့အတွက် ချက်ခြင်းထိရောက်တယ်ဆိုတဲ့နည်းလမ်းတော့ မရှိဘူး။ ဒါပေမယ့် လူတွေက ချက်ခြင်းထိရောက်တဲ့နည်းလမ်းကို ပိုကြိုက်တယ်။ ဒါကြောင့် အိပ်ဆေးသောက်တာ၊ အရက်သောက်ဆေးသုံးပြီး High တာတွေလုပ်တယ်။ စိတ်မပျော်လို့ ဒါတွေလုပ်တိုင်း ရေရှည်မှာ ပိုဆိုးလာစေတယ်။ အတွေးတွေကို ပြောင်းလဲဖို့ ကြိုးစားနိုင်တဲ့နည်းလမ်းတွေရှိတယ်။ အဲဒါကို စိတ်ပညာမှာ Cognitive Behavioural Therapy လို့ခေါ်တယ်။ အခုနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုသတဲ့နေရာမှာ အရမ်းထိရောက်တဲ့ကုထုံးပါ။ ကျွန်တော် တဖြည်းဖြည်းလမ်းပြပေးမယ်၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကုစားဖို့ အတွေးတွေကို ပြောင်းလဲကြည့်ရအောင်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 18/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement