လူတစ်ယောက်ကျန်းမာတက်ကြွနေဖို့ အရေးကြီးတာက စိတ်ကျန်းမာဖို့ပါ။ အသိဉာဏ်ပျောက်နေမှ စိတ်ကျန်းမာရေးမကောင်းတာမဟုတ်ပါဘူး။ တစ်ခါ တလေ ကိုယ်တိုင်တောင်မသိလိုက်ဘဲ စိတ်ဖိစီးနေတာ၊ စိတ်ဓာတ်ကျနေတာတွေကလည်း စိတ်ကျန်းမာရေး အားနည်းနေတာပါပဲ။ ဒီလိုအခါမျိုးမှာလည်း ခန္ဓာကိုယ် နေမကောင်းရင် ကုစားသလိုပဲ စိတ်ကိုလည်း ကုစားဖို့လည်း လိုပါမယ်။ ကုစားဖို့ကလည်း လက္ခဏာတွေသိဦးမှဆိုတော့ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်များကျနေလား ဆန်းစစ်ကြည့်လိုက်နော်။
စိတ်ဓာတ်ကျနေပြီလား ဘယ်လိုသိနိုင်မလဲ…………
နေ့စဉ်အလုပ်တွေကို ပုံမှန်လှုပ်ရှားနေနိုင်တယ်ဆိုတိုင်း စိတ်ရောကိုယ်ပါကျန်းမာနေတယ်လို့ မဆိုနိုင်ပါဘူး။ တကယ်လို့ ကိုယ့်မှာ အခုလိုလက္ခဏာတွေ တွေ့နေရပြီဆိုရင် သင် စိတ်ဓာတ်ကျနေပါပြီ။
ဘဝမှာ ပျော်စရာမရှိတော့ဘူးလို့ ခံစားနေရပြီ – စိတ်ဓာတ်ကျနေသူတစ်ယောက်အဖို့ ဘာကမှ သူ့ကိုမပျော်ရွှင်စေနိုင်တော့ပါဘူး။ အရမ်းသဘောကျရတဲ့ အရာတွေကတောင်မှ စိတ်ချမ်းသာမှုမပေးနိုင်ဘူးလို့ခံစားလာရပြီဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။
အာရုံစိုက်ဖို့ ခက်သထက်ခက်လာပြီ – အလုပ်မှာဖြစ်ဖြစ် ဘာပဲလုပ်လုပ် အာရုံစူးစိုက်လို့မရဘူး။ အာရုံစူးစိုက်မှုက ခက်သထက်ခက်လာနေပြီဆိုရင် ခဏလောက် အနားပေးလိုက်ပါ။ စိတ်ဓာတ်ကျမှု အစပျိုးတော့မယ့် အခြေအနေဖြစ်နေပါပြီ။
မျှော်လင့်ချက်မဲ့နေပြီ – ဘာလုပ်လုပ်အောင်မြင်မှာ မဟုတ်ပါဘူး။ အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမှန်းလဲမသိတော့ဘူးဆိုပြီး ဖြစ်လာပြီဆိုရင်တော့ သေချာတာ စိတ်ဓာတ်ကျနေပြီ။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းသွားပြီ – စိတ်ဓာတ်ကျလာတဲ့အခါ အရင်ဆုံးဖြစ်တတ်တာတစ်ချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးသွားတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာပြီဆိုရင် စိတ်ပြေလက်ပျောက် အနားယူဖို့ပြောပါရစေ။
အိပ်မပျော်တဲ့ညတွေ ဆက်လာပြီ – တစ်ညတစ်ညအိပ်ပျော်ဖို့ခက်လာပြီ။ ညနက်တဲ့အထိ အကြောင်းအရင်းရေရေရာရာမရှိဘဲ အိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင်တော့ စိတ်ဓာတ်ကျနေပါပြီ။ စိတ်ဓာတ်ကျရခြင်းကို အဖြေရှာပေတော့။
အိပ်ရေးမဝဘူး ဖြစ်နေပြီ– တစ်ချိန်လုံးအိပ်ချင်နေမယ်။ ဘယ်လောက်အိပ်အိပ် အိပ်ရေးဝတယ်လို့ရယ်မရှိဘူး။ အိပ်နေချိန်လေးပဲ ဘဝကြီးမှာ စိတ်ချမ်းသာတယ်လိုပ တွေးနေမိပြီဆိုရင် သေချာတာက စိတ်ဓာတ်ကျနေတာပါ။
အားမရှိဘူးဖြစ်နေပြီ – အမြဲလိုလို အားမရှိဘူးဖြစ်နေမယ်။ အိပ်ရာထဲကကို မထချင်ဘူးဖြစ်နေမယ်။ အချိန်တိုင်း ဘာမဟုတ်တာလေးနဲ့ကို ပင်ပန်းနေပြီဆိုရင်တော့ အကြီးအကျယ် စိတ်ဓာတ်ကျနေပါပြီ။
အစားစားချင်စိတ် မရှိဘူဖြစ်နေပြီ – ဘာစားစား အရသာမရှိဘူး။ အရမ်းကြိုက်တဲ့ စားစရာတွေကိုတောင် မစားချင်တော့ဘူး။ ဘာမှကို မစားချင်တော့ဘူးဆိုရင် သေချာတယ် သင် စိတ်ဓာတ်ကျနေပြီ။
အစားကို စိတ်ဖြေစရာအဖြစ် တွေးနေပြီ – ငါလေး သနားပါတယ်။ ဘာမှကို အဆင်မပြေဘူး။ အစားကပဲ ငါ့အပေါ်ကောင်းတယ်။ စားလိုက်သီးမယ်လိုပတွေးပြီး အစားတွေကို လိုတာထက်ပိုစားမိနေပြီလား။ အစားတွေကို မဆာဘဲစားတာက စိတ်ဓာတ်ကျမှုရဲ့ လက္ခဏာတစ်ရပ်ပါ။
အမြဲလိုလို နာကျင်ကိုက်ခဲတတ်လာပြီ – ခေါင်းထဲကပဲကိုက်နေသလို၊ နေရထိုင်ရမသက်မသာဖြစ်နေမယ်၊ ခန္ဓာကိုယ်အဆစ်တွေ၊ ကြွက်သားတွေနာကျင်ကိုက်ခဲမယ်။ အကြောင်းအရင်း ရေရေရာရာမရှိဘဲ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ စိတ်ဓာတ်ကျမှု အစပြုလို့ ခရီးတော်တော်ရောက်နေပါပြီ။
ဘာတွေကများ စိတ်ဓာတ်ကျစေတာလဲ…………
စိတ်ဓာတ်ကျစေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနိုင်ပါတယ်။
မျိုးရိုးလိုက်တာ – မိသားစုထဲမှာ စိတ်ဓာတ်ကျသူတစ်ယောက်ရှိတာနဲ့ စိတ်ဓာတ်ကျမယ်လို့ အတိအကျမဆိုသာပေမယ့် ဖြစ်နိုင်ခြေရှိတာတော့ အသေအချာပါ။
ဘဝအခြေအနေ – ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကြုံကြိုက်တဲ့အခါမျိုးမှာလည်း စိတ်ဓာတ်ကျနိုင်ပါတယ်။ အလုပ်ပြုတ်တာ၊ ငွေကြေးပြဿနာရှိနေတာ၊ ချစ်ခင်ရသူတစ်ဦးဦးကို ဆုံးရှုံးတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။
ဟော်မုန်းအပြောင်းအလဲ – ကိုယ်ဝန်ဆောင်နေရချိန်၊ ကိုယ်ဝန် စရှိချိန်၊ သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းပြောင်းလဲမှုကြောင့် စိတ်ဓာတ်ကျနိုင်ပါတယ်။
နာမကျန်းဖြစ်နေတာ – ဖျားနာနေရင်တောင် စိတ်ဓာတ်ကျတတ်သေးတာလေ။ နာတာရှည်ရောဂါတစ်ခုခုကို ခံစားနေရသူတစ်ယောက်အဖိုပ စိတ်ဓာတ်ကျမှုကို ခံစားရမယ်ဆိုတာ ထွေထွေထူးထူးတောင်ပြောနေစရာမလိုအောင်ပါ။
အရက်သောက်တာ – အရက်သောက်တာ။ မူးယစ်ဆေးဝါး အသုံးပြုတာတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။
ဆေးဝါးတွေ – သွေးပေါင်ထိန်းညှိပေးဖို့ သောက်နေရတဲ့ ဆေးတွေ၊ ကင်ဆာရောဂါအတွက် သောက်နေရတဲ့ ဆေးတွေကြောင့်လည်း စိတ်ဓာတ်ကျနိုင်ပါတယ်။
စိတ်ဓာတ်ကျမှုကို တိုက်ထုတ်နိုင်မယ့် ဘဝနေထိုင်မှုပုံစံ
စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ဖို့ဆိုရင်
- အာဟာရပြည့်ဝအောင်စားပါ
- အိပ်ရေးဝဝအိပ်ပါ
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ
- စာအုပ်ကောင်းလေးတွေဖတ်ပါ
- သဘောကျတဲ့ ရုပ်ရှင်တွေကြည့်ပါ
- သီချင်းနားထောင်ပါ
- တရားထိုင်ပါ
- ကိုယ်အလေးချိန်ထိန်းပါ
- နေရောင်ခြည်နဲ့ထိတွေ့ပါ
- ဆေးလိပ် နဲ့ အရက်လျှော့ပါ
- မိသားစုကို အချိန်ပေးပါ
- ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းပါ။
စိတ်ဓာတ်ကျတာက မွေးထားရင်ကြီးထွားလာတတ်လို့ စိတ်ဓာတ်ကျနေပြီဆိုတာ သိတာနဲ့ ချက်ချင်း မောင်းထုတ်ဖို့သာပြင်ပေတော့။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]