backup og meta

အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ

အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ

အမျိုးသမီးတော်တော်များများက ကိုယ်ဝန်မတားတတ်ကြဘူး၊ ဘယ်နေ့မှာ နေရင် ကလေးရမရ မသိကြဘူးလို့ ပြောရင် မယုံမရှိပါနဲ့။ ရည်းစားနဲ့ အတူနေမိလို့ပဲဖြစ်ဖြစ်၊ အိမ်ထောင်ကျပြီးလို့ပဲ ဖြစ်ဖြစ် သူတို့ ကိုယ်ဝန်မရအောင် မတားတတ်ကြပါဘူး။ အတူနေခြင်း မနေခြင်းဟာ ကိုယ်ပိုင်ဆန္ဒဖြစ်သလို မလိုချင်ဘဲ ကိုယ်ဝန်မရသွားအောင်လည်း အပြည့်အဝ တားပိုင်ခွင့်ရှိပါတယ်။

ဒီနေရာမှာ အရေးပေါ်တားဆေးက စကားပြောလာပါပြီ။ ခုခေတ်မှာ နည်းနည်းပါးပါး နားလည်လာကြတော့ အတူနေပြီးလို့ ကိုယ်ဝန်မလိုချင်ရင် ဆေးသောက်ရမယ်ဆိုတာလောက်တော့ နားလည်လာကြပါပြီ။ ဒီမှာ ဆေးသွားဝယ်တဲ့အခါကျတော့ ဘာအခက်အခဲတွေ ကြုံရသလဲဆိုတော့ လူကို နှိမ်သလိုလို ကြည့်တာပါပဲ။

ဆေးလာဝယ်တဲ့သူတွေထဲမှာ လက်မထပ်ခင် နှစ်ဦးသဘောတူ အတူနေတာလည်း ပါမယ်။ ပုံမှန် သုံးနေကြ တားဆေးသောက်ဖို့ မေ့သွားလို့ ဒါမှမဟုတ် ကွန်ဒုံးပေါက်သွားလို့ အရေးပေါ်တားဆေး လိုတဲ့သူလည်း ပါမယ်။ ဆိုလိုတာက အရေးပေါ်တားဆေးလာဝယ်တဲ့သူကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်နေတဲ့အတွက် ဝယ်ရပြုရ အဆင်ပြေမှာ မဟုတ်ပါဘူး။

အရေးပေါ်တားဆေးရဲ့ လိုရင်းက မလိုချင်တဲ့ ကိုယ်ဝန်မရအောင် တားဖို့ပါ။ ဒီလို အခက်အခဲတွေရှိနေတဲ့အပြင် ခုဆက်ပြောမယ့် သတင်းအမှားတွေကြောင့်လည်း အရေးပေါ်တားဆေးကို သုံးဖို့ အဟန့်အတား ဖြစ်လာပါတယ်။

အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ

  • အရေးပေါ်တားဆေး စွဲသောက်ရင် မြုံတတ်တယ်။

တစ်ခါက ကင်ညာနိုင်ငံမှာ လွှင့်သွားတဲ့ BBCက သတင်းတစ်ပုဒ်မှာ အရေးပေါ်တားဆေးတွေက ရေရှည်မှာ မြုံတတ်တယ်။ တခြားတားဆေးတွေလိုပဲ သွေးခဲတာ၊ ကင်ဆာတွေ ဖြစ်နေနိုင်တယ်ဆိုပြီး ပါလာပါတယ်။ ပိုဆိုးတာက ဒီသတင်းက တော်တော်ပြန့်သွားတာပါ။ နဂိုတည်းကမှ တားဆေးဆို လက်တွန့်နေတဲ့ နိုင်ငံမှာ ဒီသတင်းထွက်လာတာက သားဆက်ခြား ကျန်းမာရေးတို့၊ မလိုချင်တဲ့ ကိုယ်ဝန်တားဆီးရေးတို့ကို အများကြီး ထိခိုက်စေပါတယ်။

WHOကတော့ ဒါဟာ ခိုင်မာတဲ့ သတင်းမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် ခုထက်ထိ တချို့မှာ ဒီအစွဲတွေ ရှိနေပါသေးတယ်။ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲ တားပေးတာပါ။ ကလေးမရစေတာမျိုး မဟုတ်ပါဘူး။ သူပြောသလို သွေးခဲတာတွေ၊ ကင်ဆာတွေလည်း မဖြစ်စေပါဘူး။ သားအိမ်ကိုလည်း မထိခိုက်ပါဘူး။

သွေးခဲတတ်ပါတယ်ဆိုတဲ့ သမားရိုးကျ တားဆေးကတ်တွေတောင် နှစ်နဲ့ချီပြီးသောက်မှ ဖြစ်တာပါ။ ပြီးတော့ ဆရာဝန်တွေကလည်း သွေးခဲနိုင်ခြေရှိတဲ့ အမျိုးသမီးတွေကို တခြားနည်းနဲ့ သားဆက်ခြားခိုင်းပါတယ်။

ဒါဆို ဆရာဝန်တွေက ဘာဖြစ်လို့ အရေးပေါ်တားဆေးကို ခဏခဏ မသုံးခိုင်းတာလဲလို့ မေးစရာရှိပါတယ်။ အရေးပေါ်တားဆေးက အရေးပေါ်အခြေအနေမှာပဲ သုံးလို့ကောင်းတာပါ။ သူ့ရဲ့ သန္ဓေတားနိုင်စွမ်းက တခြား တားဆေးတွေထက် နည်းပါတယ်။

ဒါကြောင့် ခဏခဏအရေးပေါ်နေရင် အဆင်မပြေပါဘူး။ ခဏခဏအရေးပေါ်နေမယ်ဆိုရင်တော့ နှစ်ရှည်ခံတဲ့ တားဆေးသုံးတာက ပိုကောင်းပါတယ်။

တချို့က ကိုယ်ဝန်ရပြီးမှ ဖျက်ဆေးဆိုပြီး သောက်လာကြတယ်။ ဘာလဲဆိုတော့ အရေးပေါ်တားဆေးတွေ၊ တချို့ကလည်း ရာသီရက်ကျော်နေမှ အတူနေတုန်းက အရေးပေါ်တားဆေးသောက်လိုက်တယ်။ ခုရာသီက နောက်ကျနေတော့ မတော်တဆများ ကလေးရှိနေရင် ကလေးကို ထိခိုက်နိုင်လားဆိုပြီး လာမေးကြတယ်။

အရေးပေါ်တားဆေးက ကိုယ်ဝန်မရအောင်ဘဲ တားပေးတာပါ။ ရပြီးသားကိုယ်ဝန်ကို မပျက်စေပါဘူး။ ကိုယ်ဝန်ရှိတာကို မသိဘဲ သောက်လိုက်ရင်လည်း ကလေးကို ထိခိုက်သွားတယ်ဆိုတာမျိုး လေ့လာချက်တွေ ခုထက်ထိတော့ မရှိသေးပါဘူး။

  • ၃ရက်ကျော်သွားရင် အရေးပေါ်တားဆေး သောက်မရတော့ဘူး။

အရေးပေါ်တားဆေးက သဘောက စောစောသောက်လေ အာနိသင်ထိရောက်လေပါပဲ။ သောက်ဆေးအများစုကတော့ ၃ရက်အတွင်း သောက်ရပါတယ်။ ၅ရက်အထိ သောက်လို့ရတဲ့ ဆေးတွေလည်း ရှိပါတယ်။

ဒီတော့ ၃ရက်ကျော်သွားလို့လည်း စိတ်မပျက်ပါနဲ့။ ၅ရက်အထိ သောက်လို့ရတဲ့ ဆေးကို ဝယ်ရင်ဝယ် ဒါမှမဟုတ် သားအိမ်ထဲထည့်တဲ့ ပစ္စည်းကို သုံးပါ။ သူတို့တွေကတော့ ၅ရက်အထိ သုံးလို့ရသေးတာကြောင့် ၃ရက်ကျော်သွားလည်း  အားမလျှော့ပါနဲ့။

  • အရေးပေါ်တားဆေးသောက်ရင် ဆေးဒဏ်တွေ ခံရမှာ

အရေးပေါ်တားဆေးက သောက်ပြီးရင် ပျို့တာ၊ အန်တာ၊ ဗိုက်ထဲမအီမသာဖြစ်တာ၊ ရာသီရက်နောက်ကျတာ ဖြစ်တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ဆေးသောက်တဲ့ လူတိုင်း ဖြစ်ကို ဖြစ်ရမယ် မဟုတ်ပါဘူး။ ပြီးတော့ ဒါက အပရိကပဲဖြစ်ပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်တာထက်စာရင် အများကြီး သက်သာပါသေးတယ်။

ဒါတွေကတော့ အရေးပေါ်တားဆေးနဲ့ ပတ်သတ်တဲ့ အတွေ့ရများတဲ့ သတင်းအမှားတွေပါပဲ။ အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သတင်းအမှားများ ကြောင့် တားဆေးသောက်ရမှာ ကြောက်ရွံ့ပြီး မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ခဲ့ရင်၊ ဒီကိုယ်ဝန်ကို ဖျက်ချခဲ့ရင် ပိုပြီး အန္တရာယ်များပါတယ်။ ဒါကြောင့် သတင်းအမှားတွေကို မယုံကြပါနဲ့၊ သိချင်တာရှိရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့ အကြံပေးလိုပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.who.int/bulletin/volumes/88/4/10-077446/en/

https://www.drugs.com/slideshow/emergency-contraception-1121

ယခုပုံစံ

14/02/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရေးပေါ်ကိုယ်ဝန်တားဆေးများဟာ ကိုယ်ဝန်ကို ဘယ်လိုတားဆီးပေးသလဲ

အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


14/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement