backup og meta

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

    အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက HIV အပါအဝင် အခြားသော ကူးစက်ရောဂါများစွာကို ပျော်ပျော်ပါးပါးကြီး ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် လိင်ဆက်ဆံရင် (အထူးသဖြင့် ကိုယ်ဝန်မရချင်တဲ့ အခါမျိုး၊ ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမျိုးမှာပေါ့) ကွန်ဒုံးသုံးရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ သုံးလည်းသုံးကြပါတယ်။ ကွန်ဒုံးဟာ ရာနှုန်းပြည့်စိတ်ချရတယ် မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုနေရင်း ကွန်ဒုံး ပေါက်ပြဲခြင်းစတဲ့ အခက်အခဲလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီအခက်အခဲတွေထဲကမှ ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာပါ။

    မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

    မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့

    ၁။ လမ်းခုလတ်မှာ ပေါက်သွား၊ပြဲသွားရင် ဘယ်လိုလုပ်မလဲ

    ကောင်းခန်းရောက်နေတုန်း ကွန်ဒုံးပေါက်သွားပြီလို့ ခံစားလိုက်မိရင် တချို့တချို့သော ဆရာသမားတွေဟာ အရှိန်ပျက်မခံဘဲ ဆက်လက်ချီတက်ကြပါတယ်။ ဒါဟာ အင်မတန်မှကို ကြောက်ဖို့ကောင်းသလို၊အင်မတန်လည်း မှားယွင်းတဲ့ အမူအကျင့်ပါ။ ဘယ်လို အနေအထားမျိုးပဲ ရောက်နေရောက်နေ ကွန်ဒုံးပေါက်သွားပြီလို့ ထင်ရင် လုပ်လက်စကိစ္စကို ချက်ချင်းရပ်ပါ။ ကွန်ဒုံးအသစ်တစ်ခုနဲ့ လဲလှယ်အသုံးပြုပါ။ ဒါဟာ အင်မတန်ရိုးရှင်းလွယ်ကူပါတယ်။ သတိတစ်ချက်ကြောင့် တစ်သက်အမှား မဖြစ်ပါစေနဲ့။

    ၂။ ကွန်ဒုံးပေါက်နေကြောင်းကို ကိစ္စပြီးမြောက်ချိန်မှ သိရင် ဘယ်လိုလုပ်ရမလဲ

    အိမ်သာထဲ အမြန်ဝင်ပြီး တတ်နိုင်သမျှ ဆီးများများသွားပစ်ပါ။ ဒီလို သွားခြင်းအားဖြင့် ပိုးမွှားတွေ အထိုက်အလျောက် အပြင်ထွက်သွားနိုင်ပါတယ်။ သင့်အဖော်ကိုလည်း ဆီးသွားခိုင်းပါ။ မိန်းမကိုယ်ထဲ သုက်ရည်တချို့တစ်ဝက် ဝင်သွားရင်လည်း ရေများများနဲ့ မြန်မြန်ဆေးထုတ်ပါ။ တစ်ချက်သိထားရမှာက ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဝန်ရှိလာခြင်း ဒါမှမဟုတ် လိင်မှတဆင့် ရောဂါကူးစက်ခြင်းတွေကို ကာကွယ်ပေးနိုင်လိမ့်မယ်လို့ တထစ်ချ ပြောနေတာ မဟုတ်ပါဘူး။ ဘာမှ မထူးတော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘဲ နေတာထက်တော့ အကျိုးရှိကောင်း ရှိပါလိမ့်မယ်။

    ၃။ ကိုယ်ဝန်ရှိမှာ ကြောက်တယ်

    ကိစ္စလည်း ပြီးမြောက်သွားပြီ။ ကွန်ဒုံးလည်း ပေါက်သွား၊ပြဲသွားတာမို့ သုက်ရည်တချို့တဝက်လည်း မိန်းမကိုယ်ထဲ ဝင်သွားတယ်။ သင့်လိင်ဆက်ဆံဖော် အမျိုးသမီးအနေနဲ့လည်း သားဆက်ခြားနည်းလမ်းတစ်မျိုးမျိုး မသုံးထားဘူး။ ကိုယ်ဝန်လည်း မလိုချင်ဘူးဆိုရင် လုပ်ရမယ့်တစ်ခုတည်းသော အရာကတော့ အရေးပေါ်ပဋိသန္ဓေတားဆေး သုံးစွဲတာပါပဲ။ ဒီဆေးတွေကို ဆေးဆိုင်အတော်များများမှာ ဝယ်လို့ရပြီး သောက်ရလည်း လွယ်ကူပါတယ်။

    မှတ်ထားရမယ့် အချက်သုံးချက် ရှိပါတယ်။ ပထမအချက် – ဒီဆေးတွေဟာ အကာအကွယ်မယ့် လိင်ဆက်ဆံအပြီး ၇၂နာရီအတွင်း သောက်မှ အာနိသင်အပြည့်အဝ ပြတာဖြစ်ပြီး စောစောသောက်လေ အာနိသင်များလေပါပဲ။ ဒုတိယအချက် – ဒီဆေးတွေဟာ ကိုယ်ဝန်ကို ရာနှုန်းပြည့်တားဆီးပေးနိုင်ခြင်း မရှိပါဘူး (ကိုယ်ဝန်ကို ရာနှုန်းပြည့်တားဆီးပေးနိုင်တဲ့ သားဆက်ခြားနည်းလည်း မရှိသေးပါဘူး)။ တတိယအချက် – နာမည်ကိုက အရေးပေါ် ပဋိသန္ဓေတားဆေးပါ။ ခဏခဏ အရေးပေါ်နေလို့ မရပါဘူး။ ဒါကို သဘောပေါက်ရပါမယ်။ ဒါ့အပြင် ပဋိသန္ဓေတားဆေးတွေဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း လုံးဝ (လုံးဝ) မရှိပါဘူး။

    ၄။ HIV ပိုးကူးမှာ ကြောက်တယ်

    ဟုတ်ပါတယ်။ ကိုယ်ဝန်ထက် ကြောက်ဖို့ကောင်းတာက ဒီရောဂါပါ။ လိင်ဆက်ဆံတုန်း ကွန်ဒုံးပေါက်သွားတဲ့အတွက် HIV ကူးမှာ ကြောက်နေပြီဆိုရင် နီးစပ်ရာ ဆေးရုံဆေးခန်းဆီ အမြန်ဆုံးသွားရောက်ပြီး post-exposure prophylaxis လို့ခေါ်တဲ့ ကာကွယ်ဆေးတွေကို သောက်ဖို့လိုမလို ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဒီဆေးတွေဟာလည်း ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်တာမျိုး မဟုတ်ပါဘူး။

    ပြီးတော့ သင့်အနေနဲ့ တစ်နေ့ကို တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ဆေးသောက်ရမှာဖြစ်ပြီး နှစ်ဆယ့်ရှစ်ရက်လောက် ဆက်တိုက်သောက်ရလေ့ရှိပါတယ်။ ဆေးသောက်ဖို့ လိုမလိုဆိုတာကိုတော့ သင့်ဆရာဝန်က ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေလည်း ပြင်းထန်တာမို့ သင့်အနေနဲ့ ဆေးဒဏ်ကို ခံနိုင်ရည်ရှိမရှိ၊ ရောဂါကူးစက်နိုင်ချေ များမများကို ကြိုတင်ဆန်းစစ်ဖို့ လိုအပ်လို့ပါ။

    ၅။ သွေးစစ်ပါ

    အခုချက်ချင်း အိပ်ရာထဲကထပြေးပြီး သွေးသွားစစ်ဖို့ မလိုပေမယ့် စစ်တော့စစ်ရပါမယ်။ တစ်ခါသုံး test kit လေးတွေ သုံးပြီး အိမ်မှာစစ်တာမျိုးက အဖြေမတိကျတတ်တဲ့အတွက် ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းတစ်ခုခုဆီ သွားတာ ပိုကောင်းပါတယ်။ ရက်အနည်းငယ်ကြာလို့ အဖြေသိရတဲ့အခါ သင့်ဆီမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုခု ရှိနေပြီဆိုရင်တော့ သင့်အဖော်ကို အမြန်ဆုံး အသိပေးရပါမယ်။ တကယ်လို့ အားလုံးအဆင်ပြေတယ်။ ဘာရောဂါမှ မရှိဘူးဆိုရင်လည်း နောက်ထပ် ခြောက်လကြာတဲ့အခါ သွေးထပ်စစ်ရပါဦးမယ်။ အားလုံးသိကြတဲ့ window period ကြောင့်ပါ။

    ၆။ သင့်ကွန်ဒုံးကို အလေးထားပါ

    အခုတစ်ခါတော့ ပေါက်သွား၊ပြဲသွားခဲ့ပြီ။ နောက်အကြိမ်တွေ ထပ်မပေါက်အောင် ဘယ်လိုကာကွယ်ရမလဲ။ ကွန်ဒုံးကို မှန်မှန်ကန်ကန် သိမ်းဆည်းဖို့၊ နည်းစနစ်တကျ ဝတ်ဆင်အသုံးပြုဖို့ အထူးလိုအပ်ပါတယ်။

    ဒါ့အပြင် ကွန်ဒုံးအရွယ်အစားကိုလည်း မှန်ကန်စွာ ရွေးချယ်တတ်ရပါမယ်။ ကွန်ဒုံးအရွယ်ကြီးနေရင် ကျွတ်ထွက်နိုင်သလို သေးလွန်းကျပ်လွန်းရင်လည်း ပေါက်ပြဲသွားနိုင်ပြန်ပါတယ်။

    နောက်တစ်ချက်က ကွန်ဒုံးရဲ့ သက်တမ်းကုန်ဆုံးရက်ကို ဂရုပြုဖို့ လိုပါတယ်။ ကွန်ဒုံးတွေဟာ ကြာလေ ပေါက်ပြဲလွယ်လေ ဖြစ်တာမို့ သက်တမ်းကြာပြီဖြစ်တဲ့ ကွန်ဒုံး၊ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို ရှောင်ရပါမယ်။

    ဒါ့အပြင် ပူလွန်းတဲ့ နေရာတွေမှာ ကွန်ဒုံးကို မသိမ်းရပါဘူး (ဥပမာ ပိုက်ဆံအိတ်ထဲ၊ဘောင်းဘီအိတ်ထဲ စသဖြင့်)။ အေးပြီးခြောက်သွေ့တဲ့နေရာမှာပဲ ထားသင့်ပါတယ်။

    ၇။ ချောဆီကို ဂရုတစိုက်ရွေးချယ်ပါ

    အကယ်၍ သင်ဟာ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးကိုသာမက ချောဆီကိုပါ အသုံးပြုတတ်သူတစ်ဦးဆိုရင်တော့ ချောဆီအမျိုးအစားကို ဂရုပြုရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။ အဆီဓာတ်ကို အခြေခံတဲ့ ချောဆီအစား ရေဓာတ်အခြေခံပြုလုပ်ထားတဲ့ ကွန်ဒုံးတွေကိုပဲ ရွေးချယ်ရပါမယ်။

    ၈။ ကွန်ဒုံးစွပ်တဲ့အခါ နည်းစနစ်မှန်မှန် စွပ်ပါ

    ဒါကတော့ လူတိုင်းသိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် လူတိုင်းသိနေတဲ့ လွယ်လွယ်အရာလေးတွေကပဲ ဒုက္ခပေးသွားတတ်တာ များပါတယ်။

    ဒါကြောင့် ကွန်ဒုံးစွပ်တဲ့အခါ ဘူးမှာ ဖော်ပြထားတဲ့ နည်းလမ်းအတိုင်း စနစ်တကျ စွပ်ဖို့ သတိပြုပါ။ ကွန်ဒုံးအိတ်ကို ပါးစပ်နဲ့ကိုက်ဖောက်တာမျိုး၊အသုံးမပြုခင် ကြိုတင်ပြီး ဖြည်ထားလိုက်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

    ပျော်ပျော်ရွှင်ရွှင် ချစ်ချစ်ခင်ခင် ချစ်တင်းနှောရင်း ကွန်ဒုံးပေါက်ပြဲသွားတဲ့အခါ ဘာတွေ ဆက်လုပ်ရမယ်ဆိုတာရယ်၊နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်အောင် ဘာတွေ ဆောင်သင့်၊ ရှောင်သင့်တယ်ဆိုတာရယ်ကို မျှဝေပေးခဲ့တာဖြစ်ပါတယ်။

    တချို့အချက်လေးတွေက အရေးမကြီးဘူးထင်ရပေမယ့် အမှိုက်ကစ ပြဿာဒ်မီးလောင်ဖြစ်သွားတတ်တဲ့အတွက် အထူးသတိပြုဖို့ လိုအပ်ပါကြောင်း။

    မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement