brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

နည်းစနစ်မှန်မှန် ရေသောက် ကြမယ် ……. ရေသောက်တာများ ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များ တွေးနေလား။ လူတိုင်းက ရေသောက် တတ်တာ သိပေမယ့် နည်းစနစ်မှန်မှန် ရေသောက်တတ်ရဲ့လားဆိုတာကတော့ မသေချာဘူးလေနော်။ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကိုရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။

ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ်

  • မှတ်ဉာဏ်ကောင်းစေတယ်
  • အသားအရေစိုပြည်လှပစေတယ်
  • ကိုယ်အလေးချိန်ကျစေတယ်
  • ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ်
  • အရေပြားပြဿနာကင်းစေနိုင်တယ်
  • ကိုယ်ခံအားစနစ်ေကာင်းစေနိုင်တယ်
  • အစာခြေစနစ်ကျန်းမာစေနိုင်တယ်
  • သွေးသန့်စေနိုင်တယ်
  • ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ်
  • ကျောက်ကပ်သန့်စင်စေနိုင်တယ်
  • သွေးသန့်စေနိုင်တယ်
  • သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ်
  • ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်
  • ကိုယ်အပူချိန်ကျစေနိုင်တယ်
  • နှလုံးကျန်းမာစေနိုင်တယ်
  • ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ်
  • စိတ်ခံစားမှုကောင်းစေနိုင်တယ်။
  • နည်းစနစ်မှန်မှန် ရေသောက် ကြမယ်

    နည်းစနစ်မှန်မှန် ရေသောက်ကြမယ် ဆိုရင်

    • မနက်အိပ်ရာထရင်ရေတစ်ခွက်သောက်ပါ

    မနက်နိုးနိုးချင်းမှာရေတစ်ခွက်သောက်ပါ။ ကိုယ်တွင်းအင်္ဂါတွေကို အကောင်းဆုံးလည်ပတ်စေဖို့ပါ။ မနက်စာမစားခင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာလည်းရောက်ပါတယ်။

    • အစားမစားခင်ရေတစ်ခွက်သောက်ပါ

    အစားမစားခင် နာရီဝက် အလိုလောက်မှာ ရေတစ်ခွက် သောက်ပါ။ ဒါမှ အစာခြေစနစ် ကျန်းမာမှာပါ။ တစ်ခွက် ထက်တော့ ပို မသောက်မိဖို့ သတိထားပါ။ အစားမစား နိုင်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ အစားစားပြီးချိန်မှာလည်း ရေ တစ်ခွက်ထက် ပိုမသောက်ပါနဲ့။ အစာခြေအက်ဆစ် အားပျော့သွားပြီး အစာမကြေတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ အကောင်းဆုံး ကတော့ အူနံရံတွေက အာဟာရတွေကို အပြည့်အဝ စုပ်ယူနိုင်စေဖို့ အတွက် ထမင်း စားပြီး တစ်နာရီကြာမှ ရေသောက်တာ အကောင်းဆုံးပါ။

    • ရေမချိုးခင် ရေတစ်ခွက်သောက်ပါ

    ရေမချိုးခင် ရေ တစ်ခွက် သောက်ပေးရ ပါမယ်။ ဒါကတော့ သွေးပေါင်ချိန်ကို ထိန်းညှိဖို့ အတွက်ပါ။ ရေ မချိုးခင် ရေ တစ်ခွက် သောက်ပေးတာက သွေးတိုး ကျစေနိုင်ပါတယ်နော်။

    • မအိပ်ခင်ရေတစ်ခွက်သောက်ပါ

    ညအိပ်ရာ မဝင်ခင်မှာ ရေ တစ်ခွက် သောက်ပေးပါ။ ညအိပ်နေစဉ် ရေဓါတ် ဆုံရှုံးမှုကို ကာကွယ်ဖို့ အတွက်ပါ။ ည မအိပ်ခင် ရေ တစ်ခွက်သောက်တာက လေဖြတ် တာကို ကာကွယ်ပေးနိုင်သလို ရုတ်တရက် နှလုံးရပ်တာ ဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေ နိုင်ပါတယ်နော်။

    ကိုယ်ဝန်ဆောင် မိခင်တွေ၊ အားကစားသမားတွေ၊ ကာယအား သုံးပြီး အလုပ်လုပ် နေရသူတွေ၊ ချွေးထွက် များနေသူတွေ၊ နို့တိုက် မိခင်တွေကတော့ ရေကို အခြားသူတွေထက် ပိုသောက်ဖို့ လိုအပ်ပါမယ်။ ဒါမှ ခန္ဓါကိုယ်မှာ ရေဓါတ် မျှတပြီး ကျန်းမာ လန်းဆန်း နေမှာပါ။ နည်းစနစ်မှန်မှန်လေး ရေသောက်လို့ ခန္ဓာကိုယ် ကျန်းမာရေးကို စောင့်ရှောက် ရအောင်လား Hello ဆရာဝန် ပရိသတ်ကြီးရေ……………

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 22/06/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။