လူနာက ဗိုက်အောင့် လို့ ဆရာရေလို့ ပြောပြီဆိုရင် ဆရာဝန်ခမျာ ရောဂါပေါင်းစုံကို စဉ်းစားရပါတယ်။ ဗိုက်အောင့်တယ်ဆိုတာက ရောဂါမျိုးစုံရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်သမျှရောဂါတွေက ဗိုက်အောင့်တာနဲ့ လာတတ်ပါတယ်။ ခက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကိုယ်တွင်းအင်္ဂါတွေမှ အများကြီး။ ဒါတင်ပဲလားဆိုတော့ အူလမ်းကြောင်းနဲ့ မဆိုင်တဲ့ အဆုတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ ဝမ်းဗိုက်ထဲက သွေးကြောပေါက်တဲ့ ပြဿနာတွေမှာလည်း ဗိုက်အောင့်နိုင်ပါသေးတယ်။ ဒါကြောင့် ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ ဆိုတာက အရေးကြီးပါတယ်။
သာမန်လေထိုးလေအောင့်ကစလို့ နှလုံးရောဂါတွေထိ ဗိုက်အောင့်နေတာဆိုတော့ ဆရာဝန်အနေနဲ့လည်း ရောဂါရှာရခက်ပါတယ်။ လူနာအနေနဲ့လည်း ဗိုက်အောင့်ရင် ဆေးရုံသွားဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆိုရင်တော့ အရေးပေါ်ကို ချက်ချင်းသွားပြီး ကုရမယ်။ ဘယ်လိုဆိုရင်တော့ စောင့်ကြည့်ကြမယ်ဆိုတာကို ပြောပြပေးပါ့မယ်။
ဘယ်လိုလူတွေ ဗိုက်အောင့် ရင် သတိထားသင့်လဲ။
လူတိုင်း ဗိုက်အောင့်ဖူးပါတယ်။ ဒါပေမယ့် ဒီလိုလူတွေ ဗိုက်အောင့်ရင်တော့ သတိထားရပါမယ်။
- ကိုယ်ဝန်ဆောင်တွေ
- ဝမ်းဗိုက်ခွဲစိတ်ပြီး ဒါမှမဟုတ် မှန်ပြောင်းကြည့်ပြီး တစ်ပတ်အတွင်းမှာ ဗိုက်အောင့်တာမျိုး ဖြစ်ခဲ့ရင်
- အူဖြတ်ဆက်လုပ်ထားတာ၊ အူအပေါက်ဖောက်ထားတဲ့ လူနာဖြစ်နေရင်
- ဝမ်းဗိုက်ကို ပြင်းပြင်းထန်ထန် ထိခိုက်ပြီးမှ ဗိုက်အောင့်လာရင်
- ဝမ်းဗိုက်မှာ အညိုအမည်းစွဲပြီး ပိုပိုကြီးလာရင်
ဒါဆိုရင်တော့ ဗိုက်အောင့်တာ မကြာသေးဘူးဆိုရင်တောင် ဆေးရုံသွားသင့်ပါတယ်။
ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ။
တစ်ခါတလေမှာ ဗိုက်အောင့်တာ သက်သက် မဟုတ်ဘဲ တခြားလက္ခဏာတွေနဲ့ တွဲနေနိုင်ပါတယ်။ အောက်က လက္ခဏာတွေနဲ့ တွဲနေရင် အရေးပေါ်ဌာနကို အမြန်ဆုံး သွားသင့်ပါတယ်။
- ဝမ်းဗိုက်က ကျောက်ပြင်လို မာတင်းတင်း ဖြစ်နေရင်
- အထိမခံနိုင်အောင် နာနေရင်
- ချောင်းဆိုးသွေးပါ ဒါမှမဟုတ် ကော်ဖီရောင်၊ သွေးရောင် အန်ရင်
- ဆက်တိုက် အန်နေရင်
- သွေးဝမ်းသွားရင်
- ရင်ဘတ်အောင့်တာ ဒါမှမဟုတ် တစ်ခုခုနဲ့ ဖိထားသလို ခံစားရရင်
- အသက်ရှူရခက်လာရင်
- ခေါင်းမူးရင်
- သတိလစ်သလို ဖြစ်လာရင်
- ဝမ်းလုံးဝ မသွား၊ လေလုံးဝမလည်ဘဲ အန်ပဲ အန်နေရင်
- လည်ပင်းကြော၊ ပုခုံးနဲ့ နောက်ကျောမှာ အောင့်နေရင်
ဒီလက္ခဏာတွေတော့ မရှိဘူး။ ဗိုက်အောင့်တာ တစ်ခုတည်းပဲ။ ဒါပေမယ့် ဗိုက်အောင့်တာက ပိုပိုပြီး ဆိုးလာတယ်၊ နာတဲ့နေရာက ပိုပိုပြီး ကြီးလာတယ်ဆိုရင်လည်း သတိထားရမှာပါ။
အရေးပေါ် မဟုတ်ပေမယ့် ဆေးရုံ သွားသင့်တဲ့ အချိန်တွေက
အပေါ်က လက္ခဏာတွေ ရှိနေရင်တော့ ညသန်းခေါင်ပဲ ဖြစ်နေပါစေ။ ဆေးရုံကို ရောက်အောင် သွားရမှာပါ။ နောက်ကျရင် အသက်အန္တရာယ် ရှိနိုင်လို့ပါ။ ဒါကြောင့် အရေးပေါ် အခြေအနေလို့ ခေါ်တာပါ။
အရေးပေါ် မဟုတ်ပေမယ့် ‘အရေးကြီး’ တဲ့ အခြေအနေဆိုတာကတော့ တစ်ရက် ၂ရက်အတွင်း ဆေးရုံဆေးခန်း သွားပြသင့်တဲ့ အခြေအနေပါ။ ချက်ချင်းကြီး အရေးပေါ် ဌာန သွားစရာ မလိုပေမယ့် ရက်ပိုင်းအတွင်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေကတော့ ဗိုက်အောင့်တာအပြင်
- ဆီးပူတာ၊ ဆီးခဏခဏ သွားချင်တာ
- ဆီးထဲမှာ သွေးစလေးတွေ ပါလာတာ
- အစာစားတဲ့အခါ ဗိုက်အောင့်တာ၊ ပျို့အန်ချင်တာ
- ၅ရက်နဲ့အထက် ဝမ်းလျှောတာ
- အဖျားနဲ့ ၁၀၀နဲ့ အထက်
- ၃ရက်နဲ့အထက် ဖျားတာ
- သိသိသာသာကို အစာစားချင်စိတ်ပျောက်သွားတာ
- ဗိုက်အောင့်တာ ၂ရက်လောက် ရှိပေမယ့် မသက်သာတာ
- ဝမ်းထဲမှာ သွေးစလေးတွေ ပါလာတာ
- ရာသီသွေးထဲမှာ အရင်လတွေနဲ့ မတူဘဲ သွေးတုံးသွေးခဲတွေ ပိုပါလာတာ၊ ပိုကြီးတာ၊ ရာသီရက် ပိုကြာတာ
ဒါဆိုရင်တော့ ရက်ပိုင်းအတွင်းမှာ ဆရာဝန်နဲ့ ပြကြည့်ပြီး ရောဂါအဖြေ ရှာသင့်ပါတယ်။
သာမန် ဗိုက်အောင့် တာမျိုးဆို ဘယ်လိုလုပ်သင့်သလဲ။
ကိုယ်ခံစားနေရတဲ့ ဗိုက်အောင့်တာက အပေါ်က ပြောခဲ့တဲ့အချက်တွေထဲမှာ မပါဘူး။ ဆိုလိုတာက အရေးပေါ်လည်း မဟုတ်၊ အရေးကြီးလည်း မဟုတ်။ ဒါပေမယ့် ဗိုက်တော့ အောင့်နေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ သာမန် ဗိုက်အောင့်တာကတော့ နာရီပိုင်းလောက် နေရင် သူ့အလိုလို ပြန်ကောင်းသွားကြပါတယ်။ အများစုကလည်း
- အစာမကြေတာ
- လေအောင့်တာ
- အစားများပြီး လေပွတာ
- မတည့်တာတွေ စားမိတာ
- Stomach fluလို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် အထက်လန် အောက်လျှောပြီး ဗိုက်အောင့်တာ စတဲ့ အန္တရာယ်မရှိတာမျိုးပဲ ဖြစ်တတ်ပါတယ်။
သူတို့တွေကတော့ အောက်က လေလည်ရင်ဖြစ်ဖြစ်၊ အပေါ်က လေတက်ရင်ဖြစ်ဖြစ် သက်သာသွားကြပါတယ်။ Stomach flu ဆိုရင်လည်း ကိုယ်ထဲက ဗိုင်းရပ်စ်တွေ ကုန်သွားရင် သက်သာသွားပါတယ်။
ဒီလို အန္တရာယ်မရှိတဲ့ ဗိုက်အောင့်ခြင်းတွေကို သက်သာချင်တယ်ဆိုရင်
- နာရီပိုင်းလောက် အစားရှောင်ပြီး ရေပဲ သောက်ပါ။ ဆာတာ အောင့်တာ မဟုတ်ရင် အစားစားတာကို ခဏရှောင်ထားပါ။ နာရီပိုင်းလောက်ပါပဲ။
- BRAT diet လိုမျိုး အမျှင်ဓာတ်နည်းနည်း၊ ကြေလွယ်တဲ့ အစားအစာကို စားပါ။
- အူလမ်းကြောင်းကို အလုပ်ပိုစေတဲ့ အဆီများတဲ့ အစားအစာတွေ၊ အကြော်တွေ၊ အစပ်တွေ၊ အရက်နဲ့ ကဖင်းတွေကို ရှောင်ထားပါ။
- လေဆေး၊ အစာကြေဆေးတွေ သောက်ပေးပါ။
- ဝမ်းသွားကြည့်ပါ။ ဒါမှမဟုတ် လေလည်ကြည့်ပါ။
- နာတဲ့နေရာကို ရေနွေးအိတ်ကပ်ပါ။ နာရီဝက်လောက် ကပ်လိုက်၊ နားလိုက် လုပ်ပေးပါ။ အပူမလောင်အောင် အောက်က အဝတ်ခံကပ်ပါ။
ဒီနည်းတွေနဲ့ တစ်ရက်၊ နှစ်ရက်လောက် စောင့်ကြည့်ပြီး မသက်သာရင် ဆေးခန်းသွားပါ။
ဗိုက်အောင့်တာက အရေးပေါ်လား၊ အရေးကြီးလား မသိဘူး။ အပေါ်က ပြောထားတာတွေနဲ့လည်း မတူဘူး။ အောင့်တော့ အောင့်နေတာပဲဆိုရင်တော့ နီးစပ်ရာ ဆရာဝန်ဆီ သွားပါ။ စစ်ဆေး မေးမြန်းမှုကို ခံယူပြီး လမ်းညွှန်တဲ့အတိုင်း လိုက်နာဖို့ အကြံပေးချင်ပါတယ်။
[embed-health-tool-bmr]