backup og meta

အသည်းကောင်းမှ ကျန်းမာရေးကောင်းမည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကောင်းမှ ကျန်းမာရေးကောင်းမည်

    အသည်းကောင်းမှ ကျန်းမာရေးကောင်းမည် ….. ဒီလို ပြောရတာက အသည်းဆိုတာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရေးကြီးသော အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ အသည်းကနေ ကိုယ်ခန္ဓာအတွက် အလုပ်တွေအများကြီး လုပ်ပေးပါတယ်။ ဘာတွေလဲဆိုတော့

  • စားလိုက်လို့ ပိုလျှံနေတဲ့ ဂလူးကို့စ်( Glucose)တွေကို ဂလိုင်ကိုဂျင်( glycogen) အဖြစ်သိမ်းထားပေးပြီး လိုအပ်တဲ့ အခါမှ ဂလူးကို့စ်အဖြစ်ပြန်ထုတ်ပေးပါတယ်။
  • စားလိုက်တဲ့ အစားအစာတွေကနေရတဲ့ ဗီတာမင်တွေကို သိမ်းထားပေးပါတယ်။
  • စားလိုက်တဲ့ အစားအစာတွေကိုလည်း အသည်းကပဲ ဖြိုခွဲပြီး ကိုယ်ခန္ဓာက အသုံးပြုလို့ရတဲ့ စွမ်းအင်တွေ အဖြစ်ပြန်ထုတ်ပေးတယ်။
  • ထိခိုက်ဒဏ်ရာရလို့ သွေးထွက်ပြီဆိုရင်လည်း သွေးတိတ်အောင် albumin လို့ခေါ်တဲ့ ပရိုတင်း တစ်မျိုးကို အသည်းက ထုတ်ပေးရတယ်။
  • စားလိုက်တဲ့ အထဲမှာ အဆီများသွားရင် အဆီကိုချေဖို့ လိုအပ်တဲ့ သည်းခြေရည်တွေထွက်အောင်လည်း အသည်းက ကူညီပေးတယ်။
  • ( Immunoglibulin ) လို့ခေါ်တဲ့ ကိုယ်ခန္ဓာရဲ့ ခုခံအား မြင့်တက်ဖို့ လိုအပ်တဲ့ ဓာတ်တွေကိုလည်း အသည်းကပဲထုတ်ပေးတာပါ။
  • အရက်တွေသောက်မယ်၊ ဆေးတွေသောက်မယ်ဆို သူတို့ကနေရလာတဲ့ ဆိုးကျိုးဖြစ်စေတဲ့ အဆိပ်အတောက်တွေကို အသည်းကပဲ ဒိုင်ခံ သန့်စင်ပေးနေတာပါ။
  • ဒါတွေကတော့ ကိုယ်ခန္ဓာအတွက် အသည်းတာဝန်ယူ လုပ်ဆောင်ရတဲ့ အပိုင်းတွေပဲဖြစ်ပါတယ်။ ဒီလောက်အလုပ်များတဲ့ အသည်းလေး ကျန်းမာပါမှ သင့်ကိုယ်ခန္ဓာလည်း ကျန်းမာမှာပါ။ ဒါကြောင့် အသည်းကျန်းမာအောင် သင့်အနေနဲ့ ဂရုစိုက်သင့်ပါတယ်။ အသည်းလည်း သင့်ကျန်းမာရေး အတွက် သူ့ဘက်က တာဝန်ကျေသလို သင့်ဘက်ကလည်း အသည်း ကျန်းမာဖို့အတွက် လုပ်ဆောင်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ဘာတွေလဲ ဆိုတာကြည့်ရအောင်။ ။

    အသည်းကောင်းမှ ကျန်းမာရေးကောင်းမည်

    အသည်းကောင်းမှ ကျန်းမာရေးကောင်းမည် ဆိုတော့ ဘယ်အချက်တွေ လိုက်နာရမလဲဆိုတော့

    ၁။ အရက်ဖြတ်တာ (ဒါမှမဟုတ်) အရက်လျှော့သောက်တာမျိုး လုပ်နိုင်အောင် ကြိုးစားပါ။

    အရက်ဆိုတာကလည်း မကောင်းဘူးလို့ပြောလေ ပိုသောက်လို့ ကောင်းလေမလား။ အသည်းကို ဒုက္ခပေးတဲ့ နေရာမှာ သူက ထိပ်ဆုံးကပါပဲ။ သောက်လိုက်တဲ့ အရက်တွေကို အသည်းက တစ်ခါဖြိုခွဲရင် နည်းနည်းလေးပဲ ဖြိုခွဲနိုင်ပါတယ်။ ဒါ့အပြင်သောက်လိုက်တဲ့ အရက်ကို ဖြိုခွဲလို့ ထွက်လာတဲ့ ဓာတု ပစ္စည်းတွေက အသည်း ဆဲလ်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။

    ထိခိုက်သွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ်တွေ ပြန်ဖြစ်လာနိုင်သော်လည်း အရက်အလွန်အကျွံသောက်တဲ့ သက်တမ်းကြာလာရင်တော့ အသည်းဆဲလ်ထိခိုက်ခြင်းက ပြန်မကောင်းနိုင်တော့ဘူး။ နောက်ပိုင်းမှာတော့ ကုသဖို့ ခက်ခဲသော အသည်းခြောက်ခြင်းဖြစ်လာပါတော့တယ်။ ပျက်စီးသွားတဲ့ ဆဲလ်နေရာမှာ ဆဲလ် အသစ်တွေပြန်ဖြစ်ဖို့ အတွက် အသည်းက ကြိုးစားရင်း နောက်ပိုင်း ဆဲလ်တွေပိုပိုပွားလာပြီး အသည်းကင်ဆာတောင် ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသည်းလေးကိုကျန်းမာစေချင်ရင် အရက်ဖြတ်စေချင်ပါတယ်။

    ၂။ ဆေးလိပ်ဖြတ်ပါ။

    လေ့လာချက်များ အရ ဆေးလိပ်သောက်ခြင်းဟာ ကိုယ်တွင်းမှာ အဆိပ်အတောက်တွေကို စုစေပါတယ်။ ဒီအဆိပ်တွေကိုလည်း အသည်းကပဲ ဖယ်ရှားပေးရတာဖြစ်တဲ့အပြင် ဆေးလိပ်ကိုယ်တိုင်ကလည်း အသည်းကို ထိခိုက်စေတာကြောင့် ကိုယ်တွင်းမှာ အဆိပ်တွေပြန့်ကာ ကျန်းမားရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ဆေးလိပ်သောက်သူတစ်ယောက်ဆိုရင် ဆေးလိပ်ဖြတ်ဖို့ကိုလည်း ဆုံးဖြတ်သင့်ပါတယ်။

    ၃။ အသည်းရောင်အသားဝါ ပိုးကာကွယ်ဆေးတွေ ထိုးထားပါ။

    အသည်းရောင် အသားဝါ ပိုး (A,B,C,D,E )တို့ဟာ အသည်းကိုအဓိက ဒုက္ခပေးတဲ့ ရောဂါပိုးတွေပဲဖြစ်ပါတယ်။ သူတို့ထဲမှာမှ အသည်းရောင် အသားဝါပိုး Aနဲ့E က အစားအသောက်ကနေတစ်ဆင့် ကူးစက်တတ်ပြီး B နဲ့ Cကတော့ သွေးမှတစ်ဆင့်၊ လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်တတ်ပါတယ်။ အထူးသဖြင့် C ပိုးဟာဆိုရင် အသည်းကင်ဆာကို ဖြစ်နိုင်စေပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ အစားအသောက်တွေကို စားမယ်။ ကာကွယ်ဆေးတွေကြိုထိုးထားမယ်ဆိုရင် သင့်အတွက်ရော သင့်အသည်းအတွက်ရောကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်မှာပါ။

    ၄။ ဆေးများကို လက်လွတ်စပယ် မသောက်ပါနဲ့။

    တချို့သောဆေးများ အထူးသဖြင့် နေမကောင်းတာနဲ့ လူတိုင်းနီးပါး ပဲကြီးလှော်စားသလို ဝါးနေကြသော ပါရာစီတမော လိုမျိုးဆေးတွေက အသည်းကို ထိခိုက်စေတတ်ပါတယ်။ ဒါကြောင့် ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဘာသာ ဝယ်သောက်တာ၊ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း မသောက်တာ၊ ဆေးညွှန်းသေချာမပါတဲ့ တိုင်းရင်ဆေးတွေများများသောက်တာတွေကို ရှောင်သင့်ပါတယ်။

    ၅။ အဆီများတာတွေ လျှော့စားပြီး အမျှင်ဓာတ်များတဲ့ အသီးအရွက်တွေကိုစားပါ။

    သွေးတွင်းမှာ ကိုလက်စရော (cholesterol) နဲ့ မကောင်းတဲ့ အဆီတွေများနေခြင်းက အသည်းအဆီဖုံးခြင်းကို အဓိကဖြစ်စေတဲ့ အရာတစ်ခုပါ။ အသည်းအဆီဖုံးပြီးဆိုတာနဲ့ ပုံမှန်အတိုင်းလုပ်နေကျ အလုပ်တွေကို အသည်းက ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့်

    • ဆီကြော်မုန့်တွေ စားတာ၊
    • မလိုင်အပြည့်နဲ့ အဆီ မထုတ်ထားတဲ့ နို့သောက်တာ၊
    • ဝက်သားဆိုရင် အဆီမှစားတာမျိုးတွေ မလုပ်သင့်ပါဘူး။

    စားလိုက်လို့ ပိုနေတဲ့ အဆီတွေကို အသည်းက သိမ်းထားပေးရတာဖြစ်တဲ့ အတွက် အဆီတွေ အသည်းမှာစုလာပြီး အသည်းအဆီဖုံးပါတော့တယ်။ ဒါကြောင့် အဆီများတာတွေ လျှော့စားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့

    • အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေစားမယ်၊
    • အသားဓါတ်ရဖို့ အတွက် ငါးပဲအမျိုးမျိုးစားပြီး
    • အဆီများတဲ့ အသားတွေ၊ ဆီကြော်မုန့်တွေ ရှောင်စားတာမျိုးတွေ လုပ်ပေးရပါမယ်။

    ၆။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ မှန်မှန်လုပ်ပါ။

    လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကိုယ်အလေးချိန်ကျဆင်းရုံသာမက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ကျန်းမာတဲ့ အသည်းတစ်ခုဖြစ်ဖို့လည်း လေ့ကျင့်ခန်းလုပ်ခြင်းက အရေးပါပါတယ်။ လေ့ကျင့်ခန်းလုပ်လိုက်တာကြောင့် ဟော်မုန်းတွေ ထွက်လာပြီး အသည်းမှာဖြစ်နေတဲ့ ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။

    ပြီးတော့ ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေတဲ့ အတွက် အဝလွန်ခြင်းကြောင့် အဖြစ်များတဲ့ အသည်း အဆီဖုံးခြင်းကို ပါ ကာကွယ်ပြီးသားဖြစ်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ လမ်လျှောက်တာဖြစ်ဖြစ်၊ ရေကူးတာဖြစ်ဖြစ်၊ စက်ဘီးစီးတာဖြစ်ဖြစ်၊ ပြေးတာဖြစ်ဖြစ်ပေါ့။

    ဒါတွေကတော့ အလုပ်အများဆုံး၊ အရေးအပါဆုံး ဖြစ်တဲ့ အသည်းလေးကျန်းမာအောင် လုပ်သင့်တဲ့ အရာများပဲဖြစ်ပါတယ်။ အသည်းဘက်ကလည်း သူလုပ်ရမယ့်အလုပ်တွေကို တာဝန်ကျေ သလို သင့်ဘက်ကလည်း အသည်းကျန်းမာရေး အတွက် ကိုယ်လုပ်ရမယ့် အပိုင်းတွေကို တာဝန်ကျေ ဖို့လိုတယ်နော်။ အသည်းတာဝန်ယူထားတဲ့ အပိုင်းတွေ အများကြီးရှိတော့ အသည်းကောင်းမှ ကျန်းမာရေးကောင်းမှာလေ။ ။

    ရေးသာသူ− Dr Thin Yadanar@ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement