brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

အသက်ကို ဉာဏ်စောင့်ပါတယ်နော်။ အခြေအနေနဲ့ ရာသီဥတုအလိုက် ကျန်းမာရေးကို စောင့်ရှောက်နိုင်မှ ရောဂါကင်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ နွေပူပူမှာ ဆီးချိုကြောင့် နေရထိုင်ရခက်တာမျိုး မဖြစ်စေဖို့ ဆီးချိုရှိသူတွေ ဘာတွေ စားသင့်လဲဆိုတာကိုပြောပြပါရစေနော်။

ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်မှုဖြစ်စေတဲ့ အစားအစာတွေ

အဓိကအားဖြင့်တော့သွေးတွင်းသကြားဓာတ်အပေါ်မှာ သက်ရောက်စေနိုင်တဲ့ အစားအစာအမျိုးအစား ၄ မျိုးရှိပါတယ်။ ဒါတွေကတော့

ကာဗိုဟိုက်ဒရိတ်က ပရိုတင်းနဲ့ အဆီဓာတ်တွေထက် သွေးတွင်းသကြားဓာတ်ကို မြန်မြန်မြင့်တက်စေနိုင်ပါတယ်။ ဒီအစားအစာအမျိုးအစားတွေက သွေးတွင်းသကြားဓာတ်ပေါ်မှာ သက်ရောက်မှုကြီးတဲ့ အုပ်စုတွေပေါ့။ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တို့က အစားစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်မြင့်တက်မှုကို လျှော့ချပေးနိုင်တဲ့ အာနိသင်ရှိကြပါတယ်။

ဒီတော့ ဘာလုပ်မလဲ။ အစားစားတဲ့အခါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး ဗိုက်ပြည့်တယ်လို့ ခံစားရစေဖို့ ကစီဓာတ်၊ အသားဓာတ် နဲ့ အဆီဓာတ်တို့ကို သမမျှတအောင် စားသုံးရပါမယ်။ ဒါပေမယ့် သတိထားရမှာတစ်ခုက ကျန်းမာတဲ့ ကစီဓာတ်ဖြစ်ဖို့နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေဖြစ်ဖို့တော့လိုပါမယ်နော်။

ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန်

နွေပူပူမှာ ဆီးချိုသမားတွေ ကျန်းမာနေစေဖို့ စားသောက်မှုပုံစံ လိုက်နာသင့်တဲ့ ဆီးချိုရှိသူတွေ အတွက် နွေရာသီစားသောက်နည်းလမ်းညွှန် ကတော့

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်

ခန္ဓာကိုယ်အတွက် ကစီဓာတ်က လိုအပ်ပါတယ်။ ဆီးချိုသမားတွေအတွက်လည်း လိုအပ်ပါတယ်။ ဒီတော့ သွေးချိုလည်းမတက် ခန္ဓာကိုယ်လည်း ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကစီဓာတ်ရရှိအောင် ဘာတွေစားမလဲ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ

အဆီကလည်း စားသုံးပေးသင့်တဲ့အရာတစ်ခုပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီဖြစ်ဖို့တော့လိုမှာပါ။ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေကတော့

  • ပင်လယ်ငါးအဆီ
  • အခွံမာသီးတွေနဲ့အစေ့အဆန်တွေကနေရတဲ့အဆီဓါတ်
  • ထောပတ်သီး
  • သံလွင်ဆီစစ်စစ်
  • နေကြာဆီ
  • စပျစ်သီးစေ့အဆီ တို့စားပေးလို့ရပါတယ်။

အနီရောင်အသား၊ပြုပြင်ထားတဲ့အသားတွေတွေမှာပါတဲ့ အဆီတွေ၊ ထောပတ်၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ အခြားအဆီများတဲ့ အစားအစာတွေကို မစားလေကောင်းလေပါနော်။

အငန်လျှော့စားပါ

ဆားတွေအများကြီးစားတာက သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးတာရဲ့ နောက်ဆက်တွဲက နှလုံးရောဂါခံစားရနိုင်ခြေကို တိုးစေနိုင်သလို လေဖြတ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။နွေပူပူမှာ ရေဓာတ်ဆုံးရှုံးမှုများမှာဆိုတော့ ဆားကို စားသင့်ပေမယ့် အများကြီးကတော့ မသင့်တော်ပါဘူး။

တစ်နေ့တာမှာ အများဆုံးအနေနဲ့ ဆားကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာပဲ စားပေးပါ။ ဟင်းတွေကို အငန်ကဲအောင် မချက်ပါနဲ့။ အငန်ကဲတဲ့ အသင့်စားအစားအစာတွေမစားပါနဲ့။ အသီးခြောက်တွေ၊ ငါးခြောက်၊ ဆားရည်စိမ်ထားတဲ့ အသီးအရွက်တွေ၊ ဆားဘဲဥ၊ အာလူးကြော်လိုမျိုး အငန်ကဲတာတွေ မစားပါနဲ့။ ဘာတွေစားမလဲဆိုတော့

  • ကြက်ရင်အုံသား
  • လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်
  • လတ်လတ်ဆတ်ဆတ်အသား
  • ပြောင်းဖူးပြုတ်လိုမျိုး အစားအစာတွေ စားပေးလို့ရပါတယ်။

သစ်သီးတွေ စားပေးပါ

နွေပူပူမှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်ပြီး လန်းဆန်းနေစေဖို့နဲ့ ကျန်းမာတဲ့ အမျှင်ဓာတ်ရရှိစေဖို့ သစ်သီးတွေ စားပေးလို့ရပါတယ်။ သစ်သီးစားတဲ့အခါ ရေဓာတ်ပြင် ဗီတာမင် စီ နဲ့ ဗီတာမင်အေတို့ကိုပါ ရရှိစေမှာဆိုတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဘာသစ်သီးတွေ စားလို့ရမလဲဆိုတော့

  • ဖရဲသီး
  • စတော်ဘယ်ရီ
  • ဘလူးဘယ်ရီ
  • သခွားမွှေး
  • သခွားသီး
  • မက်မွန်သီး
  • ပန်းသီး
  • ပန်းသစ်တော်သီး
  • သစ်တော်သီး
  • သင်္ဘောသီး
  • ခရမ်းချဉ်သီး တို့စားသုံးပေးလို့ရပါတယ်။

သွေးတွင်းသကြားဓာတ် ဆောင့်မတက်အောင် ထမင်းကြီးတွေနဲ့ ၂နာရီလောက် အချိန်ခွာစားပါ။

အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေ လျှော့စားပါ

ကစီဓာတ်နည်းနည်းပဲစားရတဲ့အခါ ခန္ဓာကိုယ်ကျန်းမာအောင်ဆိုပြီး ပရိုတင်းဓာတ်ကို အများကြီးစားမိနိုင်ပါတယ်။ မြင်သာအောင်ပြောပြရရင် ထမင်းလျှော့စားလိုက်ပြီး အသားတွေ ပိုစားတာမျိုးပါ။ ပရိုတင်းဓာတ်က လိုအပ်ပေမယ့် အနီရောင်အသားတွေနဲ့ ပြုပြင်ထားတဲ့ အသားတွေဆို စားမယ်ဆိုရင်တော့ နှလုံးရောဂါနဲ့ ကင်ဆာဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်နော်။ ထမင်းလျှော့စားရတာကြောင့် ခန္ဓာကိုယ်မှာ အာဟာရမပြည့်မှာစိုးရင် အနီရောင် အသားနဲ့ပြုပြင်ထားတဲ့ အသားတွေအစား ဒါလေးတွေပိုစားပေးပါ။

  • ပဲအမျိုးမျိုး
  • ဥအမျိုးမျိုး
  • ငါး
  • ကြက်သား
  • ကြက်ဆင်သား
  • ဆားမပါတဲ့ အခွံမာသီးလှော်တွေ
  • ဆယ်လ်မွန်ငါး
  • မက်ကာရယ်ငါးတို့ စားပေးပါနော်။

အချိုကဲတာတွေ မစားပါနဲ့

ဒါတွေအပြင်နောက်ထပ်ဂရုစိုက်ရမှာက အချိုများတဲ့အစားအစာတွေ မစားဖို့ပါ။ အချိုက လုံးဝမစားဖို့မဟုတ်ပေမယ့် အချိုကဲတာတွေ မစားသင့်ပါဘူး။ အချိုရည်တွေ မသောက်သင့်ပါဘူးနော်။ အားဖြည့်အချိုရည်တွေလည်း မသောက်သင့်ပါဘူးနော်။ ဒါဆို ဘာတွေသောက်ရမလဲ။ ဒါလေးတွေ သောက်ပေးလို့ရပါတယ်နော်။

  • သဘာဝသစ်သီးစစ်ကို ဖျော်ထားတဲ့ဖျော်ရည် (ဒါတောင် သွေးတွင်းသကြားဓာတ် တက်စေလို့ အများကြီး မသောက်သင့်ပါဘူး)
  • သကြားမပါတဲ့ နို့
  • အုန်းစိမ်းရည်
  • အချိုမပါတဲ့ လက်ဖက်ရည်
  • အချိုမပါတဲ့ ကော်ဖီ
  • ရေနွေးကြမ်းတို့ သောက်ပေးလို့ရပါတယ်။

ဒါတွေအပြင် ဂရုစိုက်ပေးရမှာက ရေပြည့်ပြည့်ဝဝသောက်ပေးဖို့နဲ့ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးဖို့ပါ။ ဆီးချိုရှိလည်း စိတ်မပူပါနဲ့။ အခုပြောခဲ့တဲ့အတိုင်း အာဟာရပြည့်အောင်စားသုံးလို့ ဆီးချိုရှိသူတွေ အနေနဲ့ နွေရာသီကို အကောင်းဆုံး ကျော်ဖြတ်လိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 17/03/2023 ဖြစ်ပါသည်။