backup og meta

ဘာကြောင့် ခဏခဏ ဗိုက်ဆာနေတာလဲ


Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် ခဏခဏ ဗိုက်ဆာနေတာလဲ

    လူ့ခန္တာကိုယ်ဆိုတာမျိုးက အစားအစာတွေကို စွမ်းအင်အဖြစ် အသုံးချနေတဲ့ အရာတစ်ခုပါ။ ပုံမှန် အစာစားသုံးမှုဟာ အသက်ရှင်သန်နေထိုင်ဖို့အတွက် လိုအပ်တဲ့ လောင်စာတွေကို ဖြည့်တင်းပေးတာဖြစ်ပါတယ်။

    အစားအစာဆိုတဲ့ ခန္တာကိုယ်အတွက် လောင်စာတွေကို လျှော့ချစားသောက်တာက ကောင်းမွန်တဲ့ အပြုအမူမဟုတ်သလို အလွန်အမင်း လွန်လွန်ကျွံကျွံစားနေမိတာကလည်း သင့်လျော်မှန်ကန်တဲ့ အပြုအမူမျိုးမဟုတ်ပါဘူး။

    ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာ အစာစားပြီး နာရီအနည်းငယ်အတွင်းမှာတင် ဗိုက်ပြန်ဆာလာတာမျိုး၊ အစာစားချင်စိတ် အလွန်အမင်းဖြစ်လာတာမျိုးတွေ ကြုံရနေတတ်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ သင့်မှာ ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ချို့ရှိနေပြီဖြစ်ပြီးတော့ ဂရုစိုက်ဖို့ လိုအပ်နေပြီဆိုတဲ့ အဓိပ္ပါယ်ပါ။

    မကြာခန ဗိုက်ဆာတတ်ခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်နိုင်ချေ အကြောင်းတရား အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်နွယ်နေတတ်ပါတယ်။ ဘယ်လိုအကြောင်းတရားမျိုးတွေလဲဆိုတာကို ဆန်းစစ်ကြည့်ရအောင်။

    အစာစားချင်စိတ် ခဏခဏ ပေါ်လာအောင် တွန်းအားပေးသည့် အကြောင်းအရင်းများ

    လုံလောက်စွာ မအိပ်စက်ခြင်း – အိပ်ရေးပျက်တာကြောင့်လည်း မလိုအပ်ပဲ ဗိုက်ပိုဆာအောင် တွန်းအားပေးပါတယ်။ အိပ်စက်မှုနည်းလမ်းဟာ လူ့ကျန်းမာရေးအတွက် အထူးအရေးပါပါတယ်။ သင့်လျော် မှန်ကန်စွာ မအိပ်စက်ရင် ဗိုက်ပိုဆာတာအပြင် နာတာရှည်အဖျားအပါအဝင် တခြားကျန်းမာရေး ပြဿနာတွေပါ ရင်ဆိုင်ရနိုင်ပါတယ်။

    Diet ကြောင့် အဆီပမာဏ လျှော့ချသွားခြင်း – အစားအသောက်တွေ ရှောင်ပြီး ကိုယ်အလေးချိန် လျှော့ချနေတာကြောင့် ကိုယ်တွင်း အဆီပမာဏကို အလွန်အကျွံလျော့ကျသွားတဲ့အခါမျိုးမှာ ဗိုက်ပိုဆာတတ်ပါတယ်။ လုံလောက်တဲ့ အဆီပမာဏရှိနေခြင်းဟာ ကိုယ်တွင်းမှာ ပြည့်ဝနေတယ်ဆိုတဲ့ ခံစားချက်မျိုးကို ရစေနိုင်ပြီး အစာအိမ်ကို အချိန်အတော်ကြာ တည်ငြိမ်အောင် ထိမ်းသိမ်းပေးနိုင်ပါတယ်။

    ရေလုံလောက်စွာမသောက်ခြင်း – လူတစ်ယောက်အတွက် ရေဓာတ် ပုံမှန်ဖြည့်တင်းပေးနေနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ ရေသောက်သုံးမှုနည်းပါးရင်လည်း ဗိုက်အလွန်အကျွံဆာတတ်ပါတယ်။ ရေငတ်တဲ့အခါမျိုးမှာ ဗိုက်ပိုဆာစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချတဲ့အခါမျိုးတွေမှာ အစာမစားခင် ရေအရင်သောက်ဖို့ လမ်းညွှန်ကြတာဖြစ်ပါတယ်။

    အစာစားချိန် ပုံမှန်မရှိခြင်း – ဒီကနေ့ခေတ် လူနေမှုစတိုင်တွေမှာ အလုပ်များနေတယ်၊ မအားဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အစားအစာကို အဆင်ပြေသလို စားသောက်ကြလေ့ရှိပါတယ်။ ပုံမှန်ချိန်မထားပဲ အစားစားလေ့စားထရှိသူတွေဟာ ပုံမှန်မဟုတ်တဲ့ ဗိုက်ဆာမှုတွေ ပိုဖြစ်နိုင်ပါတယ်။

    လေ့ကျင့်ခန်း အလွန်အကျွံလုပ်မိနေခြင်း – တစ်ချို့လူတွေက ကိုယ်အလေးချိန် လျော့ချဖို့ ရည်ရွယ်ချက်နဲ့ လေ့ကျင့်ခန်းတွေ အလွန်အကျွံပြုလုပ်တတ်ကြပါတယ်။ လေ့ကျင့်ခန်း အလွန်အမင်းပြုလုပ်တဲ့အခါမှာ ခန္တာကိုယ်အတွင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် အချိန်ကြာလတာနဲ့အမျှ တစ်ကိုယ်လုံး မောပန်းနွမ်းနယ်လာပြီး ဇီဝကမ္မလုပ်ဆောင်ချက်တွေကို အလွန်အမင်း လျှင်မြန်လာစေတာမို့ အစာစားချင်စိတ်ကိုလည်း မြင့်တင်ပေးတတ်တာကို သတိထားဖို့ လိုပါတယ်။

    အရက်အလွန်အကျွံ သောက်သုံးမိနေခြင်း – အရက်များများသောက်ရင် အမြည်းများများစားမိမယ်ဆိုတာကို မှီဝဲနေကြလူတွေတိုင်း နားလည်ထားကြပါတယ်။ ဒါက ဆာလို့ပဲဖြစ်ဖြစ် မဆာပဲဖြစ်ဖြစ် စားမိနေတာမျိုးပါ။ တစ်ခါတစ်ခါဆိုရင် ကိုယ်တစ်နေ့လုံး စားထားတဲ့ ပမာဏထက် ပိုများတဲ့ အစားအစာမျိုးကို သောက်ရင်းစားရင်း မထင်မှတ်ပဲ စားလိုက်မိတာမျိုးတောင် ရှိတတ်ပါသေးတယ်။

    ဖျော်ရည်များ အလွန်အကျွံ သောက်သုံးခြင်း – အရည်နဲ့ အဖတ်တို့အကြားမှာ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်စွမ်းက အလွန်ကွာခြားပါတယ်။ ဖျော်ရည်လို၊ အချိုရည်လို အရည်မျိုးတွေကို များများသောက်ပေးတာဟာ အဖတ်စားတာထက် ပိုပြီး ဗိုက်ဆာစေလေ့ရှိပါတယ်။

    စိတ်ဖိစီးမှုများခြင်း – စိတ်ဖိစီးမှုများနေသူတွေဟာ ပိုပြီးဗိုက်ဆာလွယ်ကြပါတယ်။ စိတ်ညစ်ညစ်နဲ့ အစားတွေ အရမ်းကာရော စားနေမိတာမျိုးဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ cortisol ဟိုမုန်းပမာဏ မြင့်တတ်လာတတ်ပြီး အဲဒီဟိုမုန်းဟာ အစာစားချင်စိတ်ကို တွန်းအားပေးတတ်တဲ့ ဟိုမုန်းတစ်မျိုးဖြစ်ပါတယ်။

    အစားမြန်မြန်စားတတ်တဲ့ အကျင့်ရှိခြင်း – အစာစားတာ မြန်တာဟာ ဂုဏ်ယူစရာကိစ္စမဟုတ်ပါဘူး။ တစ်ချို့က အစာစားတာမြန်တာကို ဂုဏ်ယူစရာတစ်ခုလို ပြောတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို မြန်မြန်စားတာကြောင့် အစာမကျေဖြစ်နိုင်သလို ဗိုက်ခဏခဏဆာတာမျိုးလည်း ဖြစ်လာမှာဖြစ်ပါတယ်။

    ပရိုတိန်း လုံလောက်စွာ မဖြည့်တင်းခြင်း – ပရိုတိန်းဓာတ်ကို လုံလောက်စွာ ဖြည့်တင်းနိုင်ခြင်း ရှိ၊ မရှိဆိုတဲ့ အချက်ဟာ အစာစားချင်စိတ်နဲ့ တိုက်ရိုက် ဆက်နွယ်နေတတ်ပါတယ်။ ပရိုတိန်းဓာတ်ဟာ ဆာလောင်မှုကို လျှော့ချပေးနိုင်တဲ့ ဓာတ်သတ္တိတစ်မျိုးဖြစ်တာကြောင့်ပါပဲ။

    ကာဘိုဟိုက်ဒြိတ်များတဲ့ အစာ စားသုံးမှုများနေခြင်း – အဖြူရောင် အဆင်းရှိတဲ့ အစေ့အနှံတွေနဲ့ ဖန်တီးထားတဲ့ အစားအစာကို များများစားပေးတာက ကာဘိုဟိုက်ဒြိတ်ဓာတ် မြင့်တက်အောင် တွန်းအားပေးပါတယ်။ ပေါင်မုန့်တို့၊ ပါစတာတို့လိုအစားအစာမျိုးတွေပေါ့။ နောက်ပြီး ဆိုဒါ၊ သကြားလုံး၊ သကြားဓာတ်ပါတဲ့ အစာတွေမှာလည်း ကာဘိုဟိုက်ဒြိတ်များပါတယ်။

    Diet ကြောင့် ဖိုက်ဘာဓာတ် နည်းပါးလာခြင်း – ခန္တာကိုယ်အတွင်းမှာ ဖိုက်ဘာဓာတ် (Fiber) နည်းပါးနေရင် မကြာခဏ ဗိုက်ဆာစေပါတယ်။ ဖိုက်ဘာဓာတ်ဟာ အစာအိမ်အတွင်းမှာ ဟာလာဟင်းလင်းဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကို နည်းပါးစေတဲ့ အရာပါ။ Diet အလွန်အကျွံလုပ်တဲ့အခါမှာ အာဟာရပြည့်ဝအောင် မစားသောက်မိတာကြောင့် ဖိုက်ဘာဓာတ်နည်းပါးပြီး ဗိုက်အလွန်အကျွံဆာလာနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ ၊ ရောဂါရှာဖွေ အတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement