backup og meta

လက်သည်းခြေသည်းလေးတွေကို ဂရုစိုက်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်သည်းခြေသည်းလေးတွေကို ဂရုစိုက်ပါ

    မိန်းကလေးတစ်ယောက်ကို အလှတိုးစေမယ့် စွဲဆောင်မှု တစ်မျိုးရှိပါတယ်။ ဒါကတော့ သန့်ရှင်းသပ်ရပ်နေတဲ့ လက်သည်းခြေသည်းလေးတွေ ပါ။ မျက်နှာလှတာထက် လက်လေးတွေခြေထောက်လေးတွေလှတာကိုမှ သဘောကျတတ်သူတွေလည်း ရှိကြတယ်လေ။ ဒီတော့ လက်ညှိုးညွှန်တိုင်း တစ်ခုခုကိုထောက်ပြပြောဆိုတိုင်း လက်သည်းလေးတွေလှပြီး လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း လှပသပ်ရပ်တဲ့ ခြေသည်းလေးတွေကြောင့် စွဲဆောင်မှုရှိနေစေချင်တယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်နော်။

    ခြေသည်းလက်သည်းလေးတွေက မကျန်းမာဘူးဆိုတာရှိလား…….

    ခန္ဓါကိုယ်မှာ ရှိတဲ့ အစိတ်အပိုင်းတိုင်းက နာမကျန်းဖြစ်တတ်ပါတယ်။ ဒီလိုပါပဲ။ ခြေသည်းလက်သည်းလေးတွေလည်း ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။ နေ့စဉ်ထိတွေ့နေတဲ့ အရာတွေ၊ လက်သည်းနီတွေစတဲ့ အရာတွေကြောင့်နဲ့ ပတ်ဝန်းကျင်က မှိုပိုးတွေဘက်တီးရီးယား တွေကြောင့်ခြေသည်းလက်သည်းလေးတွေ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။

    လက်သည်းခြေသည်းမကျန်းမာဘူးဆိုတဲ့ လက္ခဏာတွေက

    • လက်သည်းခြေသည်းတွေ အရောင်က ပန်းသွေးရောင်မဟုတ်ဘဲ ပြာနေတာ၊ ညိုနေတာ
    • လက်သည်းမှာ အဖြူစက်လေးတွေဖြစ်နေတာ
    • အစင်းကြောင်းလေးတွေပေါ်နေတာ
    • လက်သည်းတွေ ကြွပ်ဆတ်နေတာ
    • လက်သည်းခြေသည်းတွေ မှိုပိုးဝင်တာ
    • လက်သည်းခြေသည်းတွေ ပဲ့တာတွေက လက်သည်းခြေသည်းလေးတွေ မကျန်းမာဘူးဆိုတဲ့ လက္ခဏာပါ။

    လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့……..

    လက်သည်းခြေသည်းလေးတွေ ကျန်းမာစေဖို့ အစားအသောက်နဲ့ ဂရုစိုက်လို့ ရသလို ခြေသည်းလက်သည်းလေးတွေကို အဆီ တစ်ခုခု လိမ်းပေးပြီး တိုက်ရိုက်စောင့်ရှောက်မှု လုပ်ပေးလို့လည်း ရပါတယ်။

    ဒါတွေသုံးပေးပါ…

    သံလွင်ဆီ

    အာဟာရဖြည့်ပေးတဲ့အဆီတစ်မျိုးပါ။ လက်သည်းတွေကို ကျန်းမာတောက်ပစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓါတ်လည်းထိန်းပေးနိုင်ပါတယ်။

    လက်သည်းလေးတွေကိုသေချာလေးသန့်စင်လိုက်ပါ။ပြီးရင် အပူပေးထားတဲ့ သံလွင်ဆီခပ်နွေးနွေးလေးကို ဇလုံတစ်ခုထဲထည့်ပြီး လက်သည်းလေးတွေမြုပ်တဲ့အထိစိမ်ထားလိုက်ပါ။ ၁၅ မိနစ်လောက်စိမ်ပေးပါ။ပြီးရင် တဘက်စလေးသုံးပြီး လက်သည်းတစ်ချောင်းချင်းစီကိုသေချာလေးတိုက်ပေးပါ။

    သံပုရာရည်

    အကောင်းဆုံးသော လက်သည်းသန့်ဆေး တစ်ခုပေါ့။ လက်သည်းတွေမှာ ကပ်ငြိနေတဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မှာပါ။

    သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို မုန့်ဖုတ်ဆော်ဒါ အနည်းငယ်၊ ရေအနည်းငယ်တို့နဲ့ ရောစပ်ပြီး ဇလုံတစ်ခုထဲမှာ မွှေလိုက်ပါ။ ပြီးရင် လက်သည်းတွေပေါ်မှာ ၁၀ မိနစ်လောက် လူးထားပေးပါ။ ပြီးရင် သွားပွတ်တံလေးနဲ့ တိုက်ပေးပါ။ ပြီးရင်တော့ လက်ချောင်းလေးတွေကို သံပုရာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ၊ ပင်လယ်ဆား အနည်းငယ်နဲ့ ရေနွေးတို့ ရောစပ်ထားတဲ့ ရေထဲကို ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက် စိမ်ပေးပါ။

    Rose water

    အသားအရေအတွက်တင် မဟုတ်ဘဲ လက်သည်းခြေသည်းလေးတွေ အတွက်ပါ အထောက်အကူ ပြုပေးပါတယ်။ ဘက်တီးရီးယားတွေကို သေစေနိုင်သလို အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ လက်သည်းလေးတွေကို သန့်စင်ပြီးတိုင်း Rose Waterလေး သေချာလူးပေးပါ။

    သခွားသီး

    လက်သည်းတွေအတွက် သင့်တော်တဲ့ သဘာဝပစ္စည်းလေး တစ်ခုပေါ့။ သခွားသီးကို ပါးပါးလေးလှီးပြီး လက်သည်းလေးတွေပေါ်မှာ ကပ်ထားပေးပါ။ အရည်စွတ်ပေးလို့လည်း ရပါတယ်။ နှစ်ပတ်လောက်ထိ နေ့စဉ်ဆက်တိုက် လုပ်ပေးပါ။ သိသာတဲ့ ရလဒ်ကိုတွေ့ရမှာပါ။

    ဗီတာမင် E

    ဗီတာမင် E ကလက်သည်းတွေကျန်းမာဖို့ လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လက်သည်းတွေကိုသွေးလည်ပတ်မှု‌ကောင်းစေပြီး လက်သည်းတွေကိုအောက်ဆီဂျင် ရရှိစေဖို့ အထောက်အပံ့ပေးပါတယ်။ ဗီတာမင် E ပါဝင်အောင်စားသုံးပေးလို့ရသလို။ လက်သည်းမှာ တိုက်ရိုက်လိမ်းပေးဖို့လည်းရပါတယ်။ သန့်စင်ထားတဲ့ လက်သည်းလေးတွေပေါ်မှာ ဗီတာမင် E ကိုပုံမှန်လိမ်းပေးပါ။ ညအိပ်ရာမဝင်ခင်လူးအိပ်ပေးတာမျိုးလည်းရပါတယ်။

    ဒါတွေစားပေးပါ…..

    ထောပတ်သီး –လက်သည်းတွေအတွက် သင့်တော်တဲ့ ဓါတ်စာလို့ဆိုရပါမယ်။ လက်သည်းတွေ ကြွပ်ဆတ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလို လက်သည်းရဲ့ အရောင်အသွေးတောက်ပမှုအတွက်လည်း အားဖြည့်ပေးပါတယ်။ လက်သည်းခြောက်သွေ့မှုကင်းပြီး ပန်းရောင်သွေးသန်းစေဖို့ထောပတ်သီးကို စားပေးလို့ရသလို လက်သည်းပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။

    ငါး – ငါးကခြေသည်းလက်သည်းလေးတွေနဲ့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ငါးမှာပါဝင်တဲ့ ပရိုတင်းဓါတ်တစ်မျိုးကခြေသည်းလက်သည်းတွေကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေနိုင်တာပါ။ ဒါကြောင့် ဆယ်လ်မွန်ငါး၊တူနာငါး၊ ပုဇွန်၊ ဂဏန်းလိုမျိုး ပင်လယ်စာတွေကို တစ်ပတ် ၃ ကြိမ်လောက်စားပေးပါ။ အသားထက် ငါးများများစားပေးပါ။

    ဥအမျိုးမျိုး – ဥအမျိုးမျိုးမှာ အရိုး နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့ အာဟာရဓါတ်တွေနဲ့ ဗီတာမင်တို့ပါဝင်နေပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ ဗီတာမင် B12၊ ဗီတာမင် A နဲ့ ဗီတာမင် E၊ သံဓါတ် နဲ့ ဘိုင်အိုတင်လိုမျိုး ဗီတာမင်တွေကခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ခြေသည်းလက်သည်းတွေကျိုးတာ၊ အက်တာမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ Sulfur ကခြေသည်းလက်သည်းတွေကျန်းမာဖို့ အကျိုးရှိတဲ့ အာဟာရဓါတ်တစ်မျိုးပါ။

    ပဲအမျိုးမျိုး – ပဲတွေမှာလည်း ခြေသည်းလက်သည်းတွေ ကျန်းမာဖို့ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်တဲ့ ဘိုင်အိုတင် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတင်မကသေးပါဘူး ပဲကိုစားသုံးပေးမယ်ဆိုရင် ပရိုတင်း၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင် B၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်၊copper၊phosphorous နဲ့ ဗီတာမင် K တို့ပါဝင်ပါတယ်။ ဒါကြောင့် လက်သည်းတွေ ကျိုးပဲ့လွယ်မှုကင်းဝေးစေဖို့ဆိုရင်နေ့စဉ်စားသုံးမှုထဲမှာ ပဲတစ်မျိုးမျိုးကို ထည့်သွင်းစားသုံးပေးပါ။

    ကွေကာအုတ် ကွေကာအုတ်မှာ အရိုးနဲ့ ခြေသည်းလက်သည်းတွေ ကျန်းမာစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Copper နဲ့ ဇင့် ဓါတ်တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ဒါတွေတင်မကသေးပါဘူး အုတ်ဂျုံမှာ ဗီတာမင် B၊ မဂ္ဂနိစ်၊ ဆီလီကွန်တို့ပါဝင်နေတာကြောင့် ကျန်းမာသန်စွမ်းတဲ့ခြေသည်းလက်သည်းလေးတွေပိုင်ဆိုင်စေဖို့အတွက် စားသုံးပေးသင့်ပါတယ်။

    နေကြာစေ့ -နေကြာစေ့မှာ မဂ္ဂနီဆီယမ်ပါဝင်နေသလို သတ္တုဓါတ်တွေပါဝင်နေတာကြောင့် အရိုးနု၊တွယ်ဆက်တစ်ရှုးနဲ့ခြေသည်းလက်သည်းတွေအတွက်တော်တော်လေးအထောက်အကူပြုပေးပါတယ်။ ဗီတာမင် E ပါဝင်နေတာကြောင့်ခြေသည်းလက်သည်းလေးတွေကို အာဟာရပြည့်ဝပြေီး ကျန်းမာလျပနေစေမှာပါ။

    ဖရုံစေ့ – စားလို့လည်းကောင်းသလို ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်။ အသားအရေ၊ခြေသည်းလက်သည်း၊ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဝါးစားလိုက်ရင် မွမွလေးနဲ့အရသာရှိတဲ့ ဖရုံစေ့မှာ ဇင့် ပါဝင်နေတာကြောင့် အသားအရေနဲ့ နှုတ်ခမ်းသားခြောက်သွေ့တာ၊ လက်သည်းမှာ အဖြူစက်လေးတွေဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ်။

    နာနတ်သီးအရသာရှိတဲ့ နာနတ်သီးမှာ ဗီတာမင် C နဲ့ အာဟာရဓါတ်တော်တော်များများပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကို စုပ်ယူရာမှာ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ပေးပါတယ်။ ခန္ဓါကိုယ်က ပရိုတင်းများများရလေလေ လက်သည်းခြေသည်းတွေ က ကျန်းမာသန်စွမ်းလေလေပါ။

    ဟင်းနုနွယ် – သံဓာတ် ပါဝင်မှုများတဲ့ အစားအစာတစ်မျိုးပေါ့၊ အပင်ကနေရရှိတဲ့ ပရိုတင်းဓါတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သံဓါတ်ကခြေသည်းလက်သည်းတွေကို ကျန်းမာသန်စွမ်းစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်စဉ်တွေ အထောက်အပံ့ပေးပါတယ်။ နောက်ထပ်အားသာချက်တစ်ခုက ဟင်းနုနွယ်မှာ ဗီတာမင် E၊ မဂ္ဂနီဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့ ပါဝင်နေတာကြောင့် ကျန်းမာတဲ့ ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်လိုသူတွေ အနေနဲ့ မဖြစ်မနေ စားသုံးပေးသင့်တဲ့ စားစရာ တစ်ခုပါ။

    အခုပြောခဲ့တာလေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင် ခြေသည်းလက်သည်းတွေ ကွဲအက်တာ၊ ကျိုးတာ၊ခြေသည်းမှိုစွဲတာလိုမျိုးပြဿနာတွေကင်းဝေးပြီး ကျန်းမာသန်စွမ်းလှပတဲ့ ခြေသည်းလက်သည်းလေးတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement