တစ်နေ့တာလုံးမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါ အိမ်ပြန်ရောက်ပြီဆိုရင် ဆံပင်ကို ခပ်မြင့်မြင့်လေးစည်း ဒါမှမဟုတ် ခပ်မြင့်မြင့်လေးထုံးပြီး ရေချိုး အနားယူပြီး ဒီအတိုင်း အိပ်ရာဝင်လိုက်တယ်ဆိုတဲ့ လေဒီလေးတွေ ရှိလား။
ထွက်မှာ သေချာပြီလား။
မျက်နှာကို ဆံပင်တွေ ထိမိရင် ဝက်ခြံ ဖြစ်မှာလည်း စိုးတယ်။ ဆံပင်တွေနဲ့ လုံးထွေးပြီးလည်း မအိပ်ချင်လို့ပါ။ မနက်နိုးလာရင် ဆံပင်တွေ ရှုပ်ပွနေမှာကို မကြိုက်ဘူးလေဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ ဆံပင်ကို အိပ်ရာမဝင်ခင်မှာ စည်းပြီးမှ အိပ်တယ်၊ ထုံးပြီးမှ အိပ်တယ် ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကြည့်ဖို့ လိုနေပါပြီ။
ညဘက် အိပ်တဲ့အခါ ဆံပင်စည်း မအိပ်သင့်ပါဘူး။ ဒီလိုပြောရတာက ဆံပင်ကို တင်းနေအောင် စည်းတာက ရေရှည်မှာ ဆိုးကျိုး များလို့ပါ။ နေ့ခင်းဘက်မှာ ကိုယ်တိုင်က ဆံပင်ချ ထားရတာကို မကြိုက်တာကြောင့်ဖြစ်ဖြစ်၊ အလုပ်ခွင် လိုအပ်ချက်ကြောင့်ဖြစ်ဖြစ် ဆံပင်ကို ခပ်တင်းတင်း စည်းနှောင်ထားတာက ဆံသား နဲ့ ဦးရေပြား ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ညအိပ်တဲ့အခါ ဆံပင်ကို ဖြန့်ချပြီး အိပ်တာက အသင့်တော်ဆုံးပါ။ ဆံပင်တွေကို လေဝင်လေထွက် ကောင်းစေသလို ဆံပင်ကျွတ်တာ၊ ဆံပင်အမြစ်တွေ ထိခိုက်တာ၊ ဦးရေပြား သွေးစီးဆင်းမှုကို ထိခိုက်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေး နိုင်တာကြောင့်ပါ။ ဆံပင်တွေ ကျိုးပျက်တာ၊ ပြတ်ထွက်တာတွေ မဖြစ်စေဖို့လည်း အထောက်အကူ ပေးနိုင်မှာပါ။
ဆံပင်ကို ချပြီး မအိပ်ချင်ဘူးဆိုရင်တော့ ဆံပင်ကို ခပ်ဖွဖွလေး စည်းထားတာမျိုး၊ ကျစ်ဆံမြီး ကျစ်အိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ ဆံပင်ကို စည်းတယ်ဆိုတဲ့ နေရာမှာလည်း သားရေကြိုးတွေ၊ သတ္တုကြိုးတွေနဲ့ စည်းမယ့်အစား အဝတ်စထဲမှာ သားရေကြိုး ခပ်ပျော့ပျော့လေး ထည့်လုပ်ထားတာမျိုး နဲ့ စည်းပေးပါ။ အပွင့်အခက်တွေ၊ ကျောက်တွေ ကပ်ထားတာမျိုး မဟုတ်ဘဲ ရှင်းရှင်းလေး ဖြစ်တာမျိုး နဲ့ ခပ်လျော့လျော့လေး စည်းပေးပါ။
နောက်ဆုံး သတိထားရမှာ တစ်ချက်က ညအိပ်ရာမဝင်ခင်မှာ ဆံပင်ကို အာဟာရ ဖြည့်ပေးနိုင်မယ့် အဆီတစ်မျိုးမျိုးကို ခပ်ပါးပါးလိမ်းလို့ ဆံပင်ကို သေချာလေး ဖြီးသင် ပေးဖို့ပါ။
ဒီလိုလုပ်ပေးတာက ဆံသားကို ကျန်းမာစေနိုင်သလို ဦးရေပြားကိုလည်း သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေတာကြောင့် ဆံသားနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်ကြတဲ့ ဆံပင်ကျွတ်တာ၊ ဆံပင်အရှည်နှေးတာ၊ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဗောက်ထတာ လိုမျိုး ပြဿနာတွေကို ကင်းစေမှာပါ။
ညအိပ်တဲ့အခါ ခန္ဓာကိုယ် သက်သောင့်သက်သာဖြစ်ပြီး ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အဝတ်အစားကို ချည်သား ပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ရသလို ဆံသားကိုလည်း လေဝင်လေထွက် ကောင်းစေဖို့ ဖြန့်ထားတာ၊ ခပ်ဖွဖွလေး စည်းပေးတာ၊ ကျစ်ဆံမြီး ကျစ်တာတွေ လုပ်ပေးပါ။
ဒါမှ ကောင်းမွန်ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိပြီး အသားအရေရော စိတ်ကျန်းမာ ကိုယ်ကျန်းမာမှာ ဖြစ်သလို ဆံသားလည်း ကျန်းမာ လှပမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
5 Things You Should Never Do to Your Hair Before Bed https://www.byrdie.com/hair-before-bed Accessed Date 20 May 2020
Should I leave my hair open or tie it up while I sleep? https://www.thehealthsite.com/beauty/should-you-tie-your-hair-or-leave-it-open-at-night-b1115-345057/ Accessed Date 20 May 2020
7 Ways To Protect Your Hair While You’re Sleeping To Avoid Unnecessary Breakage https://www.bustle.com/articles/151873-7-ways-to-protect-your-hair-while-youre-sleeping-to-avoid-unnecessary-breakage Accessed Date 20 May 2020
Why you should never sleep with your hair in a ponytail https://www.insider.com/why-you-should-never-sleep-with-your-hair-in-a-ponytail-2018-3 Accessed Date 20 May 2020