backup og meta

အပူဒဏ်ကြောင့် ကျိုးကြေသွားတဲ့ ဆံသားတွေကို ပြုပြင်ဖို့ဆိုရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူဒဏ်ကြောင့် ကျိုးကြေသွားတဲ့ ဆံသားတွေကို ပြုပြင်ဖို့ဆိုရင်

    ဒီဘက်ခေတ်မှာ ဆံသားကို အပူပေးပြီး ဖြောင့်လိုက်၊ ကောက်လိုက် လုပ်တာတွေ သိပ်ကို များလာပြီနော်။ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေပါ အလှအပကို လိုက်စားလာတဲ့ ခေတ်ကို ရောက်လာပြီလေ။ ဆံသားနဲ့ ဦးရေပြားဆိုတာ အရမ်းကို နူးညံ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တာကြောင့် မကြာခဏဆိုသလို အပူပေးနေမယ်ဆိုရင်တော့ ပျက်စီးကျိုးကြေလာမှာ၊ ဦးရေပြားက ခြောက်သွေ့လာမှာ အသေအချာပဲပေါ့။

    မကြာခဏ အပူပေးလို့ ဆံသားပျက်စီးတဲ့အခါ ဘာတွေလုပ်တတ်လဲ။

    ဆံသားကို မကြာခဏ အပူပေးတဲ့အခါ ဦးရေပြားမှာ ရှိတဲ့ မွေးညှင်းပေါက်တွေဟာ ခြောက်သွေ့လာပြီး အာဟာရဓာတ်နဲ့ အဆီတွေဟာ ခမ်းခြောက်လာပါတယ်။ အဲ့ဒီအခါ ဆံသားတွေ ခြောက်လာမယ်၊ ကိုင်လိုက်ရင် ကြွပ်ဆတ်ဆတ် ဖြစ်လာမယ်၊ ဆံပင်နှစ်ခွဖြစ်မယ်၊ ဆံပင်အချင်းချင်း ငြိပြီး အထုံးလိုမျိုး ဖြစ်လာမယ်၊ ကျိုးကြေပြီး ဆံပင်တွေ အများကြီး ကျွတ်လာမယ်။ ဒါက သဘာဝပါပဲ။ အဲ့လို ဖြစ်လာပြီဆိုရင် လူတော်တော်များများက ဆံပင်ပြေးညှပ်တာမျိုး လုပ်တတ်ပါတယ်။ အကယ်လို့ ကိုယ်က ဆံပင်ရှည်ထားချင်တယ်၊ ခဏခဏ ဆံပင်ညှပ်ဆိုင်သွားပြီး ညှပ်တာမျိုး မလုပ်ချင်ဘူး ဆိုရင်တော့ ကိုယ့်ရဲ့ ဆံပင်ကို ဘယ်လို ပြုပြင်လို့ ရမလဲဆိုတာ သေချာသိထားဖို့ လိုပါတယ်။

    ဆံသားအတွက် ပြုပြင်ထိန်းသိမ်းနည်း အဖြာဖြာ

    ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ ကိုယ့်ရဲ့ ဆံပင်က ဖြောင့်တာလား၊ ကောက်တာလား၊ ဘယ်လောက်ထိ ပျက်စီးနေလဲဆိုတာပေါ် မူတည်ပြီး လိုအပ်သလို ပြောင်းလဲလို့ ရပါတယ်။

    ၁။ ဆံပင်အကောက်လေးတွေအတွက်

    ကောက်နေတဲ့ ဆံသားရဲ့ တည်ဆောက်ပုံဟာ အဖြောင့်တွေထက် ပိုရှုပ်ထွေးတဲ့အတွက် ဆံသား ပျက်စီးတဲ့အခါ ခံရတဲ့ ဒုက္ခက ပိုများနိုင်ပါတယ်။ နဂိုအကောက်အတိုင်းကိုမှ မဖြတ်မညှပ်ဘဲ ပြုပြင်ပေးဖို့ဆိုရင် အဓိကအနေနဲ့ ဦးရေပြားကို အစိုဓာတ်နဲ့ သေချာထိန်းပေးဖို့ လိုအပ်ပါတယ်။

    ဒီအတွက် ခေါင်းကို နေ့တိုင်းမလျှော်ပါနဲ့။ ရက်အနည်းငယ် ခြားပြီးမှ တစ်ကြိမ်စီ ခေါင်းလျှော်ပါ။ တစ်ပတ်ကို ၂ကြိမ်ခန့်၊ ခေါင်းလျှော်တဲ့အခါမှာလည်း ဆံသားထက် ဦးရေပြားနဲ့ ဆံသားအမြစ်တွေကို သေချာနှိပ်နယ်ပေးပါ။ ပျော့ဆေးကိုတော့ မဖြစ်မနေ သုံးပေးရပါမယ်။ အဓိက Shea Butter သို့မဟုတ် သဘာဝအဆီ တစ်မျိုးမျိုး၊ ရှားစောင်းလက်ပပ် ပါဝင်တဲ့ ဆံပင်ပျော့ဆေးကို အသုံးပြုပေးပါ။

    ၂။ ဖြောင့်စင်းနေတဲ့ ဆံသားလေးတွေအတွက်

    ဆံပင်အဖြောင့် ပိုင်ရှင်တွေ ဆံသားပျက်စီးတဲ့အခါ ဆံပင်ခြောက်ပြီး ကြမ်းတာ၊ ကြွပ်ဆတ်ဆတ် ဖြစ်တာ ဖြစ်တာ ပိုသိသာပါတယ်။ ဆံပင်အဖျားတွေမှာလည်း နှစ်ခွဖြစ်လာသလို အဖြောင့်အတိုင်း မဟုတ်တော့ဘဲ အနည်းငယ် ကောက်လာတတ်ပါတယ်။

    ဒါကို ပြုပြင်ဖို့အတွက် တစ်ရက်ခြား တစ်ကြိမ်လောက် ခေါင်းလျှော်ပေးပါ၊ ပျော့ဆေးကို အသုံးပြုပါ။ လုံးဝခြောက်အောင် မသုတ်ဘဲ အနည်းငယ် စိုတဲ့အတိုင်း ထားထားပြီး လေနဲ့ အခြောက်ခံပါ။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ် ပျားရည်၊ ဒိန်ချဉ်၊ သံလွင်ဆီတို့ကို သမအောင် ရောမွှေပြီး ဆံသားရော ဦးရေပြားကို သေချာလိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးသွားရင် ရေနဲ့ ပြောင်စင်အောင် ဆေးချပါ။

    ၃။ ဆေးဆိုး၊ အရောင်ချွတ်ထားတဲ့ ဆံပင်လေးတွေ

    ဒါကတော့ အပူပေးတာကြောင့် မဟုတ်ဘဲ ချွတ်ဆေး၊ ဆိုးဆေးတွေမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းကြောင့် ဆံသားပျက်စီးတဲ့ သူတွေအတွက်ပဲ ဖြစ်ပါတယ်။ အဓိက ဆံပင်ချွတ်ပြီး၊ ဆေးဆိုးပြီးတဲ့အချိန်မှာပဲ ဆံပင်ညှပ်ဆိုင်မှာ ပေါင်းဆေးနဲ့ ဆံသား ပျက်စီးမှု နည်းစေဖို့ သေချာ ပေါင်းတင်ပေးရမှာ ဖြစ်ပါတယ်။

    အိမ်မှာ လုပ်လို့ ရတဲ့ နည်းလမ်းတွေကတော့ ဆံပင်ကို နေ့တိုင်း မလျှော်ပါနဲ့၊ ဆံသား အရောင်ကို မှိန်ကျသွားတာမျိုး မဖြစ်စေဖို့ အရောင်တင်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဆံသား ပြန်မကောင်းမချင်း အနည်းဆုံး တစ်လမှ ၃လအထိ ဆံပင် ဖြောင့်တာ၊ ကောက်တာတွေကို ရှောင်ပေးပါ။ ခေါင်းလျှော်ပြီးတဲ့အခါ ရှားစောင်းလက်ပပ် ပါဝင်တဲ့ စပရေးနဲ့ ခေါင်းကို ဖျန်းပြီး လိမ်းပေးပါ။

    နောက်ထပ် ဘယ်လို ဂရုစိုက်ပေးနိုင်မလဲ။

    ခုပြောပြမယ့် နည်းလမ်းကတော့ အပူပေးတာကြောင့် ဖြစ်စေ၊ ဆံပင် ဆေးဆိုးတာကြောင့်ဖြစ်စေ ဆံသား ပျက်စီးမှုကို နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်ဖို့နဲ့၊ နဂိုပုံစံအတိုင်း ဆံသား ပြန်လည်ကျန်းမာလာစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အဓိကအနေနဲ့ ဘာတွေလုပ်ရမလဲ ဆိုရင်

    ၁။ ခေါင်းလျှော်တဲ့အခါ ရေအေးကိုပဲ အသုံးပြုပါ။ ရေပူကို လုံးဝ မသုံးပါနဲ့။

    ၂။ ဆံပင်ကို တတ်နိုင်သလောက် လေသလပ်ပြီးတော့ပဲ အခြောက်ခံပါ။

    ၃။ ဆံပင်ကို ရေခြောက်အောင် သုတ်တဲ့အခါ ကြမ်းကြမ်း ပွတ်ဆွဲပြီး မသုတ်ပါနဲ့။ ဆံသား ကျိုးကြေပျက်စီးမှု ပိုဖြစ်စေနိုင်ပါတယ်။

    ၄။ အခြောက်ခံစက်ကို ခေါင်းတည့်တည့်ကနေ အသုံးမပြုပါနဲ့။ ဘေးတစောင်း အနေအထားကနေ အနည်းဆုံး ၅လက်မခန့် ခွာပြီး အသုံးပြုပေးပါ။

    ၅။ ခေါင်းကို မလိုအပ်ဘဲ ခဏခဏ မလျှော်ပါနဲ့။

    ၆။ ဆံပင်ညှပ်ပေးတဲ့ ပညာရှင်ကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲ၊ ဘယ်လို ပစ္စည်းတွေ အသုံးပြုပြီး ထိန်းသိမ်းလို့ ရမလဲဆိုတာကို သေချာမေးပါ။

    ၇။ ဘယ်လိုမှ ပြုပြင်လို့ မရအောင် ပျက်စီးနေတဲ့ အခြေအနေမျိုးမှာ ကျွမ်းကျင် ပညာရှင်တစ်ဦးဦးနဲ့ တိုင်ပင်ပြသပြီး ကုသမှုခံယူပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement