လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဘာတွေ ဂရုစိုက်ရမလဲ! ဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ အစိုးမရတဲ့ ပူလိုက်အေးလိုက် မိုးရွာလိုက်ြဖစ်နေတဲ့ ရာသီဥတုဒဏ်အောက်မှာ အမှုမဲ့အမှတ်မဲ့ လှုပ်ရှားသွားလာရင်းကခေါင်းကိုက်သလို၊ ခြေလက်တွေကိုက်ခဲသလို၊ လည်ချောင်းထဲကနာသလိုတွေဖြစ်ဖူးလား။ တစ်ခါတလေများဆိုရင် နှာစေး၊နှာပိတ်၊ချောင်းဆိုးတာတွေတောင်ဖြစ်တတ်ပါသေးတယ်။ ခန္ဓါကိုယ်က ကျန်းမာနေပေမယ့် ညဘက်လေးအိပ်ရေးပျက်ရင်တောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ အခက်တွေ့တတ်တယ်ဆိုတော့နေထိုင်မကောင်းတဲ့အခါမျိုးဆိုရင် တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်စရာပါ။
အခုပြောခဲ့တာတွေ အထူးသဖြင့် လည်ချောင်းနာပြီဆိုရင်က နေထိုင်မကောင်းဖြစ်တော့မယ်ဆိုတာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီလိုပြဿနာတွေကြောင့် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာ အနှောင့်အယှက်မဖြစ်ချင်သူတွေအတွက် ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။
ဒီအချက်တွေကြောင့်လည်ချောင်းနာနိုင်ပါတယ်
လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းကတစ်ခုမကဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာကို အများဆုံးဖြစ်စေတဲ့ အချက်တွေကတော့ –
- တုပ်ကွေးဖြစ်တာ
- အအေးမိဖျားနာဖြစ်တာ
- ရေကျောက်ပေါက်တာ
- ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
- ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
- အသံကုန်ဟစ်ထားခဲ့တာ
- ဆေးလိပ်သောက်တာ
- Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။
လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့
လည်ချောင်းနာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အခြေအနေပါ။ လည်ချောင်းနာပြီဆိုရင် စားကောင်းတိုင်းလည်းမစားရသလို စကားပြောရင်ဖြစ်ဖြစ် ယုတ်စွအဆုံး တံထွေးမျိုချရင်တောင်တော်တော်လေးခက်ခဲပါတယ်။ ဒီဝေဒနာကို ထမ်းပိုးရင်း တစ်နေ့တာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာအတော်လေးတော့ခက်ခဲပါမယ်။ ဒီတော့ လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ဆိုရင် ဒါလေးတွေလုပ်ကြည့်ပါ။
- ပြည့်ပြည့်ဝဝအနားယူပေးပါ – အိပ်ရေးဝဝအိပ်စက်တာမျိုးလုပ်ပေးပါ။ဖြစ်နိုင်ရင် အလုပ်တွေခဏဖယ်ထားပြီးအေးအေးဆေးဆေးနားလိုက်ပါ။
- အရည်များများသောက်ပါ –သောက်ရေ၊ စွပ်ပြုတ်ကစလို့ သစ်သီးဖျော်ရည်အဆုံး ခန္ဓါကိုယ်အတွက်ရေဓါတ်ြဖည့်ပေးနိုင်မယ့် အရည်တွေသောက်သုံးပေးပါ။ ဒါပေမယ့် သကြားများတာတွေ၊ ကော်ဖီနဲ့ အရက်ဘီယာတို့ကတော့ အဆင်မပြေပါဘူး။
- ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – ပတ်ဝန်းကျင်က မမြင်ရတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ဖို့အတွက် ကိုယ်နေအိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပေးပါ။
- အစိုဓါတ်ထိန်းစက်ဖွင့်ထားပါ – ကိုယ်ရှိနေတဲ့ အခန်းထဲမှာ အစိုဓါတ်ရှိနေစေဖို့ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးလုပ်ပေးပါ။
- ရေနွေးနဲ့အာလုပ်ကျင်းပါ – လည်ချောင်းနာစေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့အတွက်ရေနွေးခပ်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးပါ။
- ခံတွင်းသန့်ဆေးရည်သုံးပါ – လည်ချောင်းနာတာကို အထိရောက်ဆုံးသက်သာပျောက်ကင်းစေပြီး နောက်ဆက်တွဲဖျားနာတာတွေမဖြစ်စေဖို့ဆိုရင်Mouth wash ကိုသုံးပြီး လည်ချောင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်ပါတယ်။
- ဆားရည်နဲ့အာလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပေါ့။ရေနွေးထဲမှာ ဆားထည့်ပြီး ပလုပ်ကျင်းပေးရုံပါ။
- ဆေးလိပ်ငွေ့လိုမျိုး ဓါတ်မတည့်မှုကိုဖြစ်စေတဲ့အရာတွေကိုရှောင်ပါ – လည်ချောင်းနာနေချိန်မှာဆေးလိပ်လုံးဝမသောက်ပါနဲ့။ တဆင့်ခံဆေးလိပ်ငွေ့ကိုလည်း တတ်နိုင်သမျှရှောင်ပါ။
- ငုံဆေးငုံပါ – လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ သွားရင်းလာရင်း ငုံထားလို့လည်းရပါတယ်။
- ပျားရည်စားပေးပါ – သဘာဝဆေးဖက်ဝင်ဖြစ်တဲ့ ပျားရည်စစ်စစ်ကိုသောက်ပေးမယ်ဆိုရင်လည်း လည်ချောင်းနာတာကို သက်သာစေမှာပါ။
- ကြက်သွန်ဖြူစားသုံးပေးပါ – ကြက်သွန်ဖြူများများထည့်ထားတဲ့ ဟင်းခါးသောက်တာမျိုးလုပ်ပေးရင်လည်း လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။
- ပဲနံ့သာစေ့စားသုံးပေးပါ -ရေနွေးထဲကို သန့်စင်နေအောင်ဆေးကြောထားတဲ့ ပဲနံ့သာစေ့ထည့်ပြီးသောက်သုံးပေးလို့ရပါတယ်။
လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်မလဲ
- အထိရောက်ဆုံး နည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။
- ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
- အိပ်ရေးဝဝအိပ်ပါ။
- အာဟာရပြည့်ဝမျှတအောင်စားသုံးပေးပါ။
- အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
- ဓါတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
- ဆေးလိပ် နဲ့ အရက်ကိုတတ်နိုင်သမျှရှောင်ပါ။
အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကို လုပ်ဆောင်ကြည့်ပြီး သင့်တစ်နေ့တာကို လည်ချောင်းနာတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အနေအထားကနေ ကယ်ဆယ်လိုက်ပါ။
[embed-health-tool-bmi]