backup og meta

ကလေးများ နို့အန် တဲ့အခါ

ကလေးများ နို့အန် တဲ့အခါ

ကလေးတွေ ခုပဲ နို့တိုက်တယ် ခုပဲ ပြန်အန်ထွက်တာမျိုး ကြုံဖူးပါသလား။ ဒါကို Possetingလို့ ခေါ်ပါတယ်။ မသိတဲ့မေမေတွေဆို ကလေးက နို့တွေပြန်အန်တယ်၊ ဗိုက်များမကောင်းဘူးလား မသိဘူးဆိုပြီး စိုးရိမ်တတ်ပါတယ်။ နို့အန် တယ်လို့ ပြောပေမယ့် တကယ်တော့ အန်တာ မဟုတ်ပါဘူး။ အန်တာနဲ့ ဘာကွာသလဲ။ တကယ်ပဲ စိုးရိမ်စရာ မရှိဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။

နို့အန် တာ (Posseting)နဲ့ အန်တာ (Vomiting) ဘာကွာသလဲ။

Possetingက အန်တာနဲ့ မတူဘဲ တစ်ခုခုကို စားပြီး ထွေးထုတ်လိုက်တာနဲ့ တူပါတယ်။ ကလေးက သက်သောင့်သက်သာပါပဲ။ ငိုလည်း မငိုပါဘူး။ နို့တိုက်ပြီးတာနဲ့ တန်းဖြစ်ပါတယ်။  Vomitingက ကျတော့ အစာအိမ်ကြွက်သားတွေက အစာအိမ်ထဲက အစာတွေကို အပြင်ကို ညှစ်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် အားပါပါတယ်။ နို့တိုက်ပြီးပြီးချင်း မဖြစ်ပါဘူး။ နို့တိုက်ပြီး အချိန်တစ်ခုကြာမှ ဖြစ်တာပါ။

နို့အန် တာက စိုးရိမ်ရလား။

နို့အန်တဲ့အတွက် ကလေးက ညစ်ပတ်သွားပြီး အမေအလုပ်ရှုပ်ပေမယ့် ကျန်းမာရေးအရတော့ ပြဿနာ မရှိပါဘူး။ ကလေးက အာဟာရ လည်းကောင်းကောင်းရတယ်။ နာလည်းမနာဘူး။ ပျော်ပျော်ရွှင်ရွှင်ပဲ နို့စို့နိုင်တယ်။ ကိုယ်အလေးချိန်လည်း တက်တယ်ဆိုရင် ဘာမှပြဿနာ မရှိပါဘူး။

ကလေးအများစုက ထိုင်နိုင်တဲ့ အရွယ်ရောက်ရင် သူ့အလိုလို ပျောက်သွားပါတယ်။ တချို့ကလေးတွေကလည်း ၁နှစ်လောက်ထိ ကြာတတ်ပါတယ်။ ၁နှစ်ခွဲလောက်မှ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ။

  • ကလေးက နို့စို့တိုင်း ချောင်းဆိုးတယ်၊ လေတက်တယ်၊ မျိုရခက်တဲ့ပုံပေါက်နေတယ်ဆိုရင်
  • မကြာခဏ ထိုးထိုးပြီး အန်ရင်
  • ငိုကြောရှည်နေမယ်၊ ဂျီကျနေမယ်ဆိုရင်
  • နို့စို့တိုင်း နှာခေါင်းပိတ်သလို တရွှီရွှီသံ ထွက်နေရင်
  • ခံတွင်းအနံ့ဆိုး ထွက်နေရင်
  • နို့စို့ပြီးတာနဲ့ ကျောကော့ပြီး အော်ငိုရင်
  • နို့စို့ပြီးတာနဲ့ ဒူးကွေးပြီး အော်ငိုနေရင်
  • နို့စို့ချင်ပေမယ့် ဂျီကျပြီး နို့စို့ရဖို့ ငြင်းဆန်နေမယ်ဆိုရင်
  • ကိုယ်အလေးချိန် တက်မလာဘူး ဒါမှမဟုတ် ပိန်သွားတယ်ဆိုလို့ရှိရင်
  • ကလေးက နောက်ပိုင်းမှာ တကယ်အန်လာပြီး သွေးစတွေ ပါလာမယ်။
  • ချောင်းခဏခဏ ဆိုးမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

နို့အန်တာရဲ့ ရှားပါးတဲ့ ပြဿနာတွေက ဘာတွေ ဖြစ်နိုင်လဲ။

ပုံမှန်ဆိုရင် နို့အန်တာက စိုးရိမ်စရာ မရှိပါဘူး။ သဘာဝပဲမို့လို့ ကလေးနည်းနည်းအရွယ်ရောက်လာရင် အလိုလို သက်သာသွားပါတယ်။ တစ်ခါတစ်လေတော့လည်း ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဥပမာ

  • GERD (စားချဉ်ရည်ပြန်တက်တဲ့ရောဂါ)

လမစေ့ဘဲ မွေးတဲ့ကလေးတွေ၊ ပေါင်မပြည့်ဘဲ မွေးတဲ့ကလေးတွေ၊ နွားနို့နဲ့ ဓာတ်မတည့်တဲ့ကလေးတွေ၊ cerebral palsyလိုမျိုး အာရုံကြောနဲ့ ကြွက်သားမှာ ပြဿနာရှိတဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ ပုံမှန်လည်း ကလေးတွေက အစာရေမျိုပြွန် အောက်ခြေကြွက်သားက မွေးစမျာ ကောင်းကောင်း မဖွံ့ဖြိုးသေးပါဘူး။ ဒါပေမယ့် တစ်နှစ်ခွဲထိ အန်တာ မသက်သာဘူးဆိုရင်တော့ ဒီကြွက်သားမှာ ပြဿနာ ရှိနေနိုင်ပါတယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

  • နို့နဲ့ ဓာတ်မတည့်ခြင်း

ကလေးကို အမေနို့အပြင် နို့မှုန့်တွေ၊ နွားနို့တွေ တိုက်တဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးက အန်တာ အပြင် ဝမ်းလည်းသွားတယ်။ အရေပြားမှာ အင်ပျဉ်လိုမျိုးတွေ ထွက်တယ်ဆိုရင် ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်ပါတယ်။ သေချာချင်ရင် မတည့်ဘူးလို့ ယူဆတဲ့အရာကို နှစ်ပတ်လောက် မတိုက်ဘဲ ထားကြည့်ပါ။ သက်သာသွားရင် ဓာတ်မတည့်လို့ပါ။ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဘယ်လိုနို့မှုန့်ရွေးချယ်သင့်တယ်ဆိုတာကို တိုင်ပင်ပါ။

  • အူလမ်းကြောင်း ပိတ်ဆို့ခြင်း

ရှားရှားပါးပါး တချို့ကလေးတွေမှာ အူလမ်းကြောင်း ပိတ်ဆို့နေတာကြောင့် စားသမျှ ပြန်အန်ထွက်နေတာပါ။ အစာရေမျိုပြွန် ပိတ်တာ၊ အစာအိမ်နဲ့ အူနဲ့ ဆက်ထားတဲ့ နေရာက ကျဉ်းနေတာမျိုးတွေက အတွေ့ရများပါတယ်။

နို့အန်တာ သက်သာအောင် ဘာလုပ်ပေးနိုင်မလဲ။

အောက်ကနည်းလမ်းတွေကတော့ နို့အန်တာကို အထိုက်အလျောက် သက်သာစေမှာပါ။

  • နည်းနည်းနဲ့ ခဏခဏတိုက်ပါ။
  • နို့စို့ပြီးတိုင်း လေထုတ်ပေးဖို့ မမေ့ပါနဲ့။
  • နို့ဘူးတိုက်တဲ့ကလေးတွေဆို နို့ဘူးပေါက် ကျယ်နေလား စစ်ကြည့်ပါ။ နို့ဘူးပေါက် ကျယ်နေတာက နို့တွေအများကြီး ဝင်နိုင်သလို လေတွေလည်း ပါသွားနိုင်ပါတယ်။
  • နို့တိုက်ပြီးရင် ကလေးကို ထောင်လျက်ပဲ ထားပါ။
  • နို့တိုက်ပြီးလို့ ကလေးကို သိပ်ချင်ရင် ပက်လက်ပဲ သိပ်ပါ။ ပုခက်တို့ အိပ်ရာထဲတို့မှာ သိပ်မယ်ဆိုရင် ခေါင်းနည်းနည်း မြှင့်ထားပါ။
  • နို့မတိုက်ခင် ကလေးကို သေးခံလဲထားပေးပါ။ နို့တိုက်ပြီးမှ လဲတာက ကလေးဗိုက်ကို ဖိမိပြီး နို့တွေ ပြန်ထွက်လာတတ်ပါတယ်။
  • နို့တိုက်ပြီးရင် ကလေးကို ပေးမမှောက်ပါနဲ့။

နို့အန်တာက သာမန်ပဲ ဆိုရင် စိုးရိမ်စရာ မလိုပါဘူး။ အပေါ်က နည်းလမ်းတွေနဲ့ သက်သာအောင် လုပ်ကြည့်ပါ။ တစ်ဆက်တည်းမှာပဲ အန္တရာယ်အခြေအနေတွေကို မှတ်ထားပြီး သံသယရှိရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.kidspot.com.au/health/baby-health/newborn-care/posseting-and-reflux/news-story/57c9b02ec2eefce6fe8d46c13f425584

https://www.your.md/condition/reflux-babies

ယခုပုံစံ

07/06/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား.................


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement