backup og meta

ကလေး နို့ကောင်းကောင်း စို့နိုင်ဖို့


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေး နို့ကောင်းကောင်း စို့နိုင်ဖို့

    ကလေးတွေကို နို့တိုက်တဲ့အခါ မိခင်တွေ တော်တော်များများ အခက်အခဲတွေ့ရတာ တွေ့နေရပါတယ်။ အထူးသဖြင့် သားဦး မိခင်တွေပေါ့။ ကလေးနီတာရဲလေးကို မထိရဲ မကိုင်ရဲနဲ့ နို့လည်း ကောင်းကောင်း မတိုက်တတ်ပါဘူး။ နို့တိုက်တယ်ဆိုတာ မိခင်နို့ ကလေးပါးစပ်ထဲရောက်ရုံနဲ့ မပြီးပါဘူး။ မိခင်ရော သက်တောင့်သက်သာရှိရဲ့လား။ ကလေးရော သက်တောင့်သက်သာ ဖြစ်ရဲ့လား။ ကလေးဆီကိုရော နို့ကောင်းကောင်း ဝင်ရဲ့လား စတဲ့အချက်တွေကိုပါ ထည့်ပြီး စဉ်းစားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကလေးကို အနေအထား မှန်မှန် တိုက်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။

    ဘယ်လို နို့တိုက်ကြမလဲ။

    စစချင်းမှာတော့ ဒီလိုပဲ နေသားကျဦးမှာ မဟုတ်သေးပါဘူး။ မှားလိုက် ပြင်လိုက်နဲ့ အမေရော ကလေးပါ အချိန်ယူပြီး သင်ရမှာပါ။ နို့တိုက်နိုင်တဲ့ပုံစံ အများကြီးရှိပါတယ်။ ထိုင်ပဲ တိုက်တိုက်၊ လှဲပဲ တိုက်တိုက်၊ ကလေးကို ရင်ဘတ်ပေါ်တင်ပြီးပဲ တိုက်တိုက် ကိုယ်နဲ့ အဆင်ပြေတဲ့ နည်းလမ်းကို ရွေးလို့ရပါတယ်။ ဘယ်လိုပဲတိုက်တိုက် အောက်က နည်းလမ်းတွေကိုတော့ လိုက်နာပေးရမှာပါ။

    • အမေ သက်တောင့် သက်သာ ဖြစ်ရဲ့လား။

    ကလေးကို နို့မတိုက်ခင်ကတည်းက သက်တောင့်သက်သာ ဖြစ်အောင် ပြင်ထားပါ။ လိုအပ်ရင် ခေါင်းအုံးတွေ သုံးနိုင်ပါတယ်။ သင့်လက်မောင်းနဲ့ ပုခုံးတွေ သက်တောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။ မွေးစမှာ ကလေးကို ခဏခဏ နို့တိုက်ရမှာပါ။ တစ်ခါတိုက်ရင်လည်း ခပ်ကြာကြာ တိုက်ရမှာပါ။ ဒါကြောင့် အမေသက်တောင့်သက်သာ ဖြစ်ဖို့ အရေးကြီးပါတယ်။

    • ကလေး ခေါင်းနဲ့ ကိုယ်နဲ့ရော တစ်ဖြောင့်တည်း ဖြစ်ရဲ့လား။

    ကလေးက ခေါင်းလိမ်နေရင် နို့ကောင်းကောင်း စို့နိုင်မှာ မဟုတ်ပါဘူး။ သူလည်း ကြာကြာနို့စို့နိုင်ဖို့ သက်တောင့်သက်သာဖြစ်ဖို့ လိုပါတယ်။

    • ကလေးကို သင်ရဲ့ ရင်သားဘက် မျက်နှာမူပြီး နီးနီးကပ်ကပ် ချီထားရဲ့လား။

    ကလေးရဲ့ ဇက်၊ ပုခုံးနဲ့ နောက်ကျောကို သေချာ ထိန်းပေးပါ။ ခေါင်းလေး အနောက်ကို နည်းနည်း မော့ထားမှ ကောင်းကောင်းမျိုချနိုင်မှာပါ။

    • ကလေးကို ရင်ဘတ်နားကပ်ပေးပြီး သူ့ဟာသူ နို့စို့ပါစေ။

    ကလေးက သူ့ဟာသူ နို့ကို လှမ်းငုံမှသာ နို့မြဲမှာပါ။ အမေက ရှေ့ကို မကိုင်းပေးပါနဲ့။ အမေက နောက်ဆုတ်လိုက်တဲ့အခါ ကလေးပါးစပ်ကနေ နို့ကျွတ်သွားတတ်ပါတယ်။

    • ကလေးက နို့ကို အားရပါးရ ငုံပါစေ။ အမေရဲ့ နို့သီးခေါင်းနဲ့ ကလေးရဲ့ နှာခေါင်းနဲ့ တစ်တန်းတည်းထားတာက ကလေးပါးစပ်ကို ကျယ်ကျယ်ဟစေပြီး နို့ကို ကောင်းကောင်း ငုံမိစေပါတယ်။ ကလေးရဲ့ ပါးစပ်က နို့သီးခေါင်း ပတ်ပတ်လည်က အညိုကွင်းကို ငုံမိရပါမယ်။
    • ကလေးရဲ့ နောက်စေ့ကို အတင်းမဖိထားပါနဲ့။ ဒါမှ ကလေးခေါင်းက နောက်ကို လှန်နိုင်မှာပါ။ ကလေးခေါင်း နောက်လှန်မှ နို့သီးခေါင်းက အာခေါင်အနောက်ကို ရောက်ပြီး နို့စို့တဲ့အခါ မျိုချရလွယ်မှာပါ။

    ကလေး နို့ကောင်းကောင်း တွယ်နိုင်အောင် ဘယ်လို ကူညီမလဲ။

  • ကလေးရဲ့ နှာခေါင်းကို နို့သီးခေါင်းနဲ့ တစ်တန်းတည်း ထားပါ။
  • ကလေးခေါင်းက အနောက်ကို နည်းနည်းလေး လှန်ပါစေ။ ဒါမှ သူတို့ရဲ့ အပေါ်နှုတ်ခမ်းက နို့သီးခေါင်းကို ထိမှာပါ။ ဒီလိုမှပဲ ကလေးက ပါးစပ်ကျယ်ကျယ်ဟမှာပါ။
  • ပါးစပ်ကျယ်ကျယ်ဟတဲ့ ကလေးဆိုရင် သူရဲ့ မေးစေ့က အမေနို့ကို အရင်ထိပါတယ်။ ထိတာနဲ့ ကလေးက ခေါင်းကို အနောက်နည်းနည်း လှန်လိုက်တဲ့အတွက် အမေနို့ကို ကောင်းကောင်းငုံမိပါတယ်။
  • ကလေးက နှာခေါင်းလည်း မပိတ်ဘူး။ ကလေးမေးစေ့က အမေနို့ကို ကောင်းကောင်းလည်း ထိတယ်ဆိုရင် ပါးစပ်ကျယ်ကျယ် ဟနေမှာပါ။ သေချာငုံမိတယ်ဆိုရင်တော့ areolaလို့ ခေါ်တဲ့ နို့သီးခေါင်းပတ်လည်က အညိုရောင်ကွင်းက အောက်နှုတ်ခမ်းထက် အပေါ်နှုတ်ခမ်းပါ ပိုတွေ့ရမှာပါ။ နို့ကောင်းကောင်းစို့တယ်ဆိုရင်တော့ ကလေးပါးလေးက ဖောင်းပြီး ဝိုင်းနေမှာပါ။
  • ကလေး နို့ကောင်းကောင်း စို့နိုင်မှန်း ဘယ်လိုသိမလဲ။

    • ကလေးက စစချင်းမှာ တပြွတ်ပြွတ်စို့ပါမယ်။ ပြီးရင် ကြာကြာစို့ပါမယ်။
    • ပါးလေး ဖောင်းနေပါမယ်။ ကောင်းကောင်းလည်း မျိုချပါတယ်။
    • နို့ကို ငြိမ်ငြိမ်စို့ပြီး နို့ဝတာနဲ့ အလိုလို နို့သီးခေါင်းကို ထုတ်လိုက်ပါတယ်။
    • သောက်ပြီးတာနဲ့ ဗိုက်ဝတဲ့ ပုံစံမျိုး ပြပါတယ်။
    • နို့ကောင်းကောင်း ဝင်တယ်ဆိုရင် ပေါင်ချိန်လည်း တက်လာရပါမယ်။ (တချို့ကလေးတွေကတော့ မွေးပြီး ပထမပတ်မှာ ပေါင်ချိန်အနည်းငယ်ကျတတ်ပါတယ်။)
    • မွေးပြီး ရက်အနည်းငယ်မှာ တစ်နေ့ကို အနည်းဆုံး သေး ၆ခါ ပေါက်ပါတယ်။
    • ၅ရက် ၆ရက်လောက်နေရင်တော့ ကလေးဝမ်းက မည်းပြစ်ပြစ်ကြီး မဟုတ်တော့ပါဘူး။ အဝါရောင် ဝမ်းပျော့ပျော့တွေ တစ်နေ့ကို ၂ခါလောက်သွားပါပြီ။

    ဒီအချက်တွေကို သိထားတဲ့အခါမှသာ ကလေးနို့တိုက်တဲ့အခါ အကျိုးရှိမှာပါ။ မဟုတ်ရင် တိုက်သာ တိုက်သာ ကလေး နို့ကောင်းကောင်း မဝဘဲ နေပါလိမ့်မယ်။ နောက်ပြီး ကလေးကို နို့တိုက်တဲ့အခါမှာ အသားချင်း ထိတိုက်ဖို့ အကြံပေးလိုပါတယ်။ ဒါမှ ကလေးနဲ့ အမေကြား သံယောစဉ်တိုးပြီး နို့လည်း ကောင်းကောင်းထွက်မှာပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement