backup og meta

ဗီတာမင်မပြည့်ဝတဲ့ ကလေးတွေရဲ့ ကျန်းမာရေးပြဿနာ

ဗီတာမင်မပြည့်ဝတဲ့ ကလေးတွေရဲ့ ကျန်းမာရေးပြဿနာ

ကိုယ်ခန္ဓါ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာရေးပါ ကောင်းစေဖို့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အလုံအလောက်ရရှိဖို့ လိုအပ်ပါတယ်။ ကလေးတွေ အရိုးသန်မာဖို့၊ ကိုယ်ခန္ဓါကြီးထွားဖို့၊ ကျန်းမာရေးကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ဗီတာမင်နဲ့ အာဟာရဓါတ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ ကလေးတွေဟာ နေထိုင်စားသောက်မှု ပုံစံမမှန်တဲ့အတွက် နေ့စဉ် လုံလောက်တဲ့ အစာအာဟာရတွေ မရရှိကြပါဘူး။ ဒီလိုကလေးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်တာ၊ ကျန်းမာရေးချူချာတာ၊ အလွယ်တကူ ဖျားနိုင်တာ၊ ကိုယ်ခံအားနည်းတာအပြင် တခြားဘေးဒုက္ခတွေပါ ကြုံတွေ့လာနိုင်ပါတယ်။

ဒါကြောင့် ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်အကြောင်း၊ ပြင်ဆင်ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။

ကလေးတွေအတွက် အရေးပါတဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေဆိုတာ။

ကလေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ရောဂါဘယ ကင်းရှင်းဖို့အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင် A, B, C, D, E, K အပြင် ကယ်လ်စီယမ်ဓါတ်၊ သံဓါတ်၊ အိုင်အိုဒင်းဓါတ်၊ ဇင့်ဓါတ် အစရှိတဲ့ သတ္တုဓါတ်တွေကို နေ့စဉ် လုံလောက်စွာရရှိဖို့ အလွန်အရေးကြီးပါတယ်။

ဒီလိုအာဟာရဓါတ်တွေကို မျှတဖို့အတွက် အဓိက ပြင်ပေးရမယ့်အရာက ကလေးတွေရဲ့ စားသောက်နေထိုင်မှုပုံစံပါ။ နေ့စဉ်စားသုံးတဲ့ အစားအစာတွေဟာ ကလေးတွေရဲ့ အာဟာရဓါတ်ချို့တဲ့မှုနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ ဆီ၊ ဆား၊ သကြား ပါဝင်မှုများတဲ့ အစားအစာတွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ဂျုံနဲ့လုပ်တဲ့အစားအစာတွေ၊ အဆီလျှော့ထားတဲ့ နို့ထွက်ပစ္စည်းတွေ၊ လတ်ဆတ်တဲ့ အသားငါး၊ ကြက်သား၊ ကြက်ဥ၊ ပဲ၊ အစေ့အဆန်တွေကို နေ့စဉ် စားသုံးပေးရပါမယ်။

ဗီတာမင်တွေ မပြည့်ဝတဲ့အခါမှာ ဘာတွေ ဖြစ်နိုင်လဲ။

ဗီတာမင် A – ချို့တဲ့တဲ့ ကလေးတွေမှာ အသားအရည်ခြောက်သွေ့တာ၊ အမြင်အာရုံ ထိခိုက်တာ၊ ညဘက်မှာ ကောင်းစွာမမြင်နိုင်တာ၊ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးတာ၊ အနာကျက်နှေးတာ၊ ရောဂါကူးစက်နှုန်း ပိုမိုလွယ်ကူစေတာ ဖြစ်နိုင်ပါတယ်။ အသား၊ နွားနို့၊ ကြက်ဥ၊ လိမ္မော်သီး၊ မုန်လာဥ၊ ကန်စွန်းဥ တွေကနေ ရနိုင်ပါတယ်။

ဗီတာမင် B အုပ်စု – ချို့တဲ့ရင် ကလေးတွေမှာ အာရုံမစူးစိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မောပန်းလွယ်တာ၊ အစာစားချင်စိတ် မရှိတာအပြင် စိတ်ဓါတ်ကျရောဂါတွေ၊ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ ဗီတာမင် B အုပ်စုကို အသား၊ ငါး၊ ပေါင်မုန့်၊ ကောက်ပဲသီးနှံ၊ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ အစေ့အဆန်နဲ့ ဟင်းသီဟင်းရွက်တွေမှာ အများအပြားတွေ့ရပါတယ်။

ဗီတာမင် C – သံပုရာသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီးလို ချဉ်တဲ့ သစ်သီးဝလံတွေ၊ အာလူး၊ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဗီတာမင် C နည်းတဲ့ ကလေးတွေမှာ အရေပြားရောဂါပြဿနာတွေ ဖြစ်နိုင်တဲ့အပြင် ထိခိုက်လွယ်တာ၊ အရိုးအားနည်းတာ၊ သွားဖုံးသွေးယိုတာ၊ ကိုယ်ခံအားနည်းတာ၊ သွေးအားနည်းတာ၊ မောပန်းလွယ်တာ အစရှိတဲ့ လက္ခဏာတွေကိုလည်း တွေ့ရပါတယ်။

ဗီတာမင် D – ချို့တဲ့ရင် အရိုးပါးတာ၊ မကြာခဏ ဖျားနာတာ၊ ရောဂါကူးစက်လွယ်တာ၊ အမောမခံနိုင်တာ၊ အနာကျက်နှေးတာ၊ ဆံပင်ကျွတ်တာ အစရှိတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။ အပြင်ထွက်တဲ့အခါမှာ ကိုယ့်အသားအရည်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ နေရောင်ခြည်ကနေ ရနိုင်သလို အဆီများတဲ့ ငါးတွေ၊ ကြက်ဥအနှစ်၊ ထောပတ်တွေမှာလည်း အနည်းငယ် ပါဝင်ပါတယ်။

ဗီတာမင် E – နေကြာစေ့လို အစေ့အဆန်တွေမှာ အများဆုံး ပါဝင်ပါတယ်။ ဗီတာမင် E ချို့တဲ့တဲ့ ကလေးတွေမှာ အမြင်အာရုံချို့ယွင်းတာ၊ ကြွက်သားအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင် K – ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက်တို့လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကလည်း ရနိုင်သလို ကြက်ဥ၊ ပဲတွေကနေလည်း ရနိုင်ပါတယ်။ ထိခိုက်လွယ်တာ၊ လက်သည်း၊ ခြေသည်းအောက်မှာ သွေးခြေဥဖြစ်လွယ်တဲ့ လက္ခဏာတွေဟာ ဗီတာမင် K ချို့တဲ့နေတဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။

ဖောလစ်အက်ဆစ် (Folic Acid) – မလုံလောက်တဲ့ကလေးတွေမှာ မောပန်းလွယ်တာ၊ ကြီးထွားမှုနှေးကွေးတာ၊ ဖြူဖတ်ဖြူရော် ဖြစ်ပြီး အားနည်းတာ၊ လေးလံထိုင်းမှိုင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ် ပါဝင်မှုများတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အသည်း၊ ပဲ၊ ဂျုံ၊ အစေ့အဆန်တွေကို စားပေးဖို့ လိုအပ်ပါတယ်။

ကယ်လ်စီယမ် – နွားနို့နဲ့ နို့ထွက်အစားအစာတွေ၊ ဆာဒင်း၊ ဆော်လ်မွန်ငါးလို အရိုးပါဝါးစားလို့ရတဲ့ ငါးတွေ၊ တို့ဟူးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ကယ်လ်စီယမ်ချို့တဲ့တဲ့ ကလေးတွေမှာ အရပ်နဲ့ ခန္ဓါကိုယ် မဖွံ့ဖြိုးတာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ ခြေလက်ထုံကျဉ်တာ၊ စိတ်ကယောင်ခြောက်ခြားဖြစ်တာ၊ ကြွက်တက်တာ၊ အရိုးပါးတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

အိုင်အိုဒင်းဓါတ် – နည်းတဲ့အခါ ကိုယ်အလေးချိန်တက်လွယ်တာ၊ အမောမခံနိုင်တာ၊ ဆံပင်နဲ့ အသားအရည်ပျက်စီးတာ၊ မှတ်ဉာဏ်အားနည်းတာတွေ ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းဓါတ်ကို ပင်လယ်စာ၊ အိုင်အိုဒင်းဆားကနေ အဓိကရရှိနိုင်ပါတယ်။

သံဓါတ် – နည်းတဲ့ ကလေးတွေမှာ သွေးအားနည်းရောဂါ အဖြစ်များတာကို တွေ့ရပါတယ်။ အသား၊ ကြက်သား၊ ပင်လယ်စာ၊ အခြောက်ခံထားတဲ့ ပဲတွေ၊ ကြက်ဥအနှစ်တွေကို စားပေးနိုင်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to Raise Healthy Children –https://raisingchildren.net.au/teens/healthy-lifestyle/nutrients/vitamins-minerals(Accessed Date – Nov 27, 2018)

Vitamin and Mineral Deficiencies in Children –https://www.gainhealth.org/knowledge-centre/vitamin-mineral-deficiencies/(Accessed Date – Nov 27, 2018)

What is Mineral Deficiency –https://www.healthline.com/health/mineral-deficiency#1(Accessed Date – Nov 27, 2018)

ယခုပုံစံ

19/09/2022

Ye Myo Myat မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အာဟာရမျှတတဲ့ အစားအသောက်ဆိုတာဘာလဲ

ကလေးတွေမှာ တွေ့ရတတ်တဲ့ အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ



Ye Myo Myat မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement