ကိုဗစ်ကာကွယ်ဆေးမှာ ထပ်ဆောင်းထိုးဖို့ လိုမလိုနဲ့ ပတ်သက်ပြီး နိုင်ငံတစ်နိုင်ငံနဲ့ မတူပါဘူး။ နိုင်ငံတိုင်းမှာ သတ်မှတ်ချက် အသီးသီးနဲ့ ထိုးပေးနေကြပါတယ်။ ဒီဇင်ဘာ ဒုတိယပတ်မှာတော့ WHOရဲ့ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Strategic Advisory Group of Experts (SAGE)က ထပ်ဆောင်း ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်ကာကွယ်ဆေးတွေကို အားပြုနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် သိထားသင့်တဲ့ အချက်ပါ။
ထပ်ဆောင်း ကာကွယ်ဆေးကို ဘယ်လိုတွေ ထိုးပေးနေသလဲ။
အထက်မှာ ပြောခဲ့သလိုပဲ ထပ်ဆောင်းကာကွယ်ဆေးနဲ့ ပတ်သက်လို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ သိသာအောင် ပြောရရင် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးကို ၂လုံးအပြည့်ထိုးထားတဲ့သူက နည်းပါတယ်။ ချမ်းသာတဲ့ အမေရိကန်နိုင်ငံမှာတော့ တတိယအကြိမ် ထပ်ဆောင်းထိုးဖို့ အပြင်းအထန် ဆော်သြနေပါပြီ။
သူတို့ဆီမှာ စစချင်းတုန်းကတော့ အသက်ကြီးတဲ့သူ၊ ရောဂါအခံရှိတဲ့သူကိုပဲ ထပ်ထိုးပေးတာပါ။ နောက်ပိုင်းကျတော့ လူအများနဲ့ ထိတွေ့ဆက်ဆံရတဲ့သူတွေကိုပါ ထိုးပေးပါတယ်။ ခုOmicron ဗီဇပြောင်းမျိုးကွဲ ပေါ်လာတဲ့အခါကျတော့ ၁၈နှစ်နဲ့အထက် အားလုံးကို တတိယအကြိမ်ထပ် ထိုးပေးမယ်လို့ ကြေညာထားပါတယ်။
ထပ်ဆောင်းကာကွယ်ဆေး ထိုးမထိုးဆိုတာက နိုင်ငံတစ်နိုင်ချင်းစီရဲ့ ကိုယ့်မှာရှိတဲ့ ဘတ်ဂျက်၊ ဆေးလုံလောက်မှု စတာတွေနဲ့ပါ ချိန်ဆထားရပါတယ်။
WHOရဲ့ ထပ်ဆောင်း ကာကွယ်ဆေးထိုးမှုအပေါ် အမြင်
WHOကျတော့ ထပ်ဆောင်းကာကွယ်ဆေးထိုးတာထက် ကာကွယ်ဆေး လွှမ်းခြုံမှုကို ပိုပြီး အာရုံစိုက်ပါတယ်။ သူတို့ပြောလေ့ရှိတာာက No one is safe until everyone is safe ပါ။ လက်ရှိ ဒေတာတွေအရလည်း ကာကွယ်ဆေး လွှမ်းခြုံမှုက တော်တော်လေး အားနည်းနေပါသေးတယ်။ ဒါက Omicronလိုမျိုး နောက်ထပ် ဗီဇပြောင်းမျိုးကွဲတွေ ထပ်ထွက်လာစေပြီး နောက်ထပ်လှိုင်းတွေကို ထပ်ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ကာကွယ်ဆေးအပြည့်ထိုးထားတဲ့ လူဦးရေက အင်မတန်နည်းနေပါသေးတယ်။ ဒါကြောင့် အရင်ကတော့ WHOက နှစ်ကြိမ်အပြည့်ထိုးထားတာတောင် ခုခံအား တုံ့ပြန်မှု မကောင်းတဲ့သူတွေမှာပဲ တတိယအကြိမ် ထပ်ထိုးဖို့ ပြောထားပါတယ်။
လက်ရှိမှာ ဘယ်သူတွေ ထပ်ဆောင်း ထိုးသင့်သလဲ။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ရက်နေ့က WHOရဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Strategic Advisory Group of Experts (SAGE) က ခုခံအားတုံ့ပြန်မှု မကောင်းတဲ့သူတွေအပါအဝင် ပိုးအသေကနေ လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးသင့်တယ်လို့ အကြံပြုလာပါတယ်။
- ခုခံအားတုံ့ပြန်မှု မကောင်းတဲ့သူတွေဆိုတာက ခုခံအားကျတဲ့ ရောဂါတစ်ခုခု (ဥပမာ HIV) ရှိနေပြီး ကာကွယ်ဆေးကို သာမန်လူတွေလို တုံ့ပြန်ခြင်း မရှိဘဲ Antibodies အထွက်နည်းတဲ့သူတွေကို ဆိုလိုတာပါ။
- လက်ရှိမှာ WHOကနေ အရေးပေါ် အသုံးပြုခွင့်ရထားပြီး ပိုးအသေကနေ လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး ၃မျိုးရှိပါတယ်။ တရုတ်နိုင်ငံထုတ် Sinopharm, Sinovacနဲ့ အိန္ဒိယနိုင်ငံထုတ် Covaxinပါ။
ဒါတွေ ထိုးထားတယ်ဆိုရင်တော့ ၆လလောက်နေရင် ထပ်ဆောင်းအနေနဲ့ တတိယအကြိမ် ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။ ကာကွယ်ဆေးရဲ့ အာနိသင်က ၆လလောက်နေရင် တဖြည်းဖြည်းကျလာတတ်လို့ပါ။
မြန်မာနိုင်ငံနဲ့ ထပ်ဆောင်းကာကွယ်ဆေး
မြန်မာနိုင်ငံမှာတော့ အများစုက တရုတ်ကာကွယ်ဆေး ၂မျိုးဖြစ်တဲ့ Sinopharmနဲ့ Sinovacကို ထိုးထားကြတာဖြစ်လို့ ၆လပြည့်ရင် ထပ်ဆောင်းထိုးဖို့ လိုပါတယ်။ ထပ်ဆောင်းထိုးတဲ့နေရာမှာ အမျိုးအစားတူတာ ထိုးလို့ ရသလို၊ မတူတာလည်း ထိုးလို့ရပါတယ်။ တချိုု့လေ့လာချက်တွေမှာ အမျိုးအစား မတူထိုးတာက ခုခံအား တုံ့ပြန်မှု ပိုကောင်းတယ်ဆိုတဲ့ အချက်ကို တွေ့နေရပါတယ်။
အိန္ဒိယနိုင်ငံထုတ် Covaxinကိုတော့ ပြင်ပ ဆေးရုံ၊ ဆေးခန်းတွေမှာ ထိုးပေးတာကို တွေ့ရပါတယ်။ ဒါထိုးထားရင်လည်း ၆လပြည့်တဲ့အခါ ထပ်ဆောင်းထိုးဖို့ လိုပါတယ်။
Covishield အနေနဲ့တော့ သီးသန့်အကြံပြုထားတာမျိုး မရှိပါဘူး။ Oxford/AstraZeneca ရဲ့ ဖော်မြူလာကို ယူပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်ထားတာ ဖြစ်လို့ပါ။ ပိုးအသေမဟုတ်ဘဲ viral vectorကနေ ထုတ်ထားတဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် ခုခံအားကျနေတဲ့သူဆိုရင်တော့ Covishield ထိုးထားပေမယ့်လည်း ၆လပြည့်တဲ့အခါ ထပ်ဆောင်းထိုးဖို့ လိုပါတယ်။
[embed-health-tool-bmi]