home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကိုဗစ်ကာကွယ်ဆေး များ

ကလေးကိုဗစ်ကာကွယ်ဆေး များ

ကမ္ဘာ့နိုင်ငံတွေမှာ ကလေးတွေကိုလည်း ကိုဗစ်ကာကွယ်ဆေးတွေ စပြီး ထိုးဖို့ စီစဉ်နေကြပါပြီ။ ဆေးတွေက အသစ်တွေတော့ မဟုတ်ပါဘူး။ လူကြီးတွေမှာ ထိုးတဲ့ဆေးကိုပဲ ကလေးတွေမှာ ပြန်စမ်းပြီး ပြန်ထိုးပေးတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ထိုးပေးနေတဲ့၊ စမ်းသပ်နေဆဲ ကလေးကိုဗစ်ကာကွယ်ဆေး တွေကို ပြောပြပေးပါမယ်။

ကလေးကိုဗစ်ကာကွယ်ဆေး များ

လတ်တလောမှာ ကလေးတွေအတွက် ထိုးလို့ရနိုင်လောက်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို အပြိုင်အဆိုင် စမ်းသပ်နေကြပါတယ်။ ဒီထဲကမှ စပြီးသုံးနေတဲ့ ဆေးတချို့ကို မိတ်ဆက်ပေးပါ့မယ်။

  • Pfizer-BioTech ကိုဗစ်ကာကွယ်ဆေး

ဒီဆေးကတော့ WHOရဲ့ Strategic Advisory Group of Experts (SAGE) အဖွဲ့ကနေ အသက် ၁၂နှစ်အထက် ကလေးတွေကို ထိုးဖို့ သင့်တော်တယ်ဆိုတဲ့ မှတ်ချက်ရထားတဲ့ ဆေးပါ။ ခုဆိုရင် US FDAကနေ အသက် ၅-၁၁နှစ်ကြား ကလေးတွေအတွက် အရေးပေါ် အသုံးပြုခွင့်လည်း ကျသွားခဲ့ပါပြီ။ ဒါပေမယ့် လာမယ့်နိုဝင်ဘာ ပထမအပတ်မှာ US CDCကနေ သုံးသင့် မသုံးသင့် ပြန်လည် သုံးသပ်တဲ့ အစည်းအဝေးတစ်ခုလုပ်မှာ ဖြစ်ပါတယ်။ ဒါကလည်း ခွင့်ပြုဖို့ များတယ်လို့ ဆိုကြပါတယ်။

တရုတ်ကိုဗစ်ကာကွယ်ဆေးတွေမှာတော့ Sinopharm (Wuhan)နဲ့ Sinovacကို ထိုးပေးနေပါပြီ။ သူ့ဆီမှာတော့ ၃နှစ်အထက် ကလေးတွေကို စပြီး ထိုးပေးတာပါ။ Sinopharm (Wuhan)ဆိုရင် သြဂုတ်လလောက်တည်းက Phase 2အထိ ပြီးထားပြီး ဆက်လက်စမ်းသပ်နေဆဲပါ။ Sinovacကတော့ ဇွန်လထဲက စပြီး ထိုးပေးနေတာပါ။

Sinovacကို တရုတ်နိုင်ငံမှာအပြင် အာရှ၊ အာဖရိကနဲ့ တောင်အမေရိကက ကလေးတွေကို စပြီး စမ်းသပ်ထိုးပေးနေပါတယ်။ ထိုးပေးတဲ့ အသက်အပိုင်းအခြားကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူတာကို တွေ့ရပါတယ်။ ဥပမာ ချီလီမှာဆိုရင် အသက် ၆နှစ်နဲ့အထက်ကို ထိုးပေးပါတယ်။ တောင်အာဖရိကမှာဆိုရင် အသက် ၆လနဲ့ ၁၇နှစ်ကြားကို စမ်းသပ်ထိုးပေးနေပါတယ်။

ဆိုလိုတာကတော့ စမ်းရင်း ထိုးရင်းနဲ့ပါပဲ။ ဘယ်အသက်ကနေ စပြီးထိုးမှာလဲ။ ခွင့်ပြုချက်ရမရဆိုတာကတော့ သက်ဆိုင်ရာ နိုင်ငံက ကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ပဲ ဆိုင်ပါတယ်။

  • အိန္ဒိယကိုဗစ်ကာကွယ်ဆေး

သြဂုတ်လမှာ အိန္ဒိယရဲ့ ဆေးဝါးထိန်းချုပ်ရေးဗဟိုက ပြည်တွင်းထုတ် Zydus Cadilaကို အသက် ၁၂နဲ့အထက် ကလေးတွေကို ထိုးပေးဖို့ အရေးပေါ် ခွင့်ပြုခဲ့ပါတယ်။ ၃ကြိမ်ထိုးရမယ့်ဆေး ဖြစ်ပါတယ်။ မကြာခင်မှာ ၂နှစ်အထက်ကလေးတွေကို စပြီးစမ်းသပ်မယ်လို့လည်း သိထားပါတယ်။

COVAXIN ကိုတော့ အိန္ဒိယမှာ ၂-၁၈နှစ်ကြား ကလေးတွေကို ထိုးခွင့်ပြုထားပါတယ်။ (WHO ခွင့်ပြုတာက ၁၈နှစ်အထက်ပါ။) လေ့လာချက်တွေအရတော့ ကလေးတွေမှာလည်း လူကြီးတွေလိုပဲ ခုခံအားတုံ့ပြန်မှု ရှိတာကို တွေ့ရပါတယ်။ ဒါ့ပြင် Phase 2/3 လေ့လာချက်တွေအရ ကာကွယ်ဆေးကြောင့် ပြင်းထန်တဲ့ အခြေအနေကြုံရတာ၊ ဆေးရုံတက်ရတာတွေ မရှိဘူးလို့ဆိုပါတယ်။ ဒါ့ပြင် လူအများစိုးရိမ်နေကြတဲ့ Guillain-Barre Syndrome၊ ပြင်းထန်ဓာတ်မတည့်တာတွေ၊ နှလုံးကြွက်သားရောင်တာ၊ နှလုံးအမြှေးပါးရောင်တာ၊ ကာကွယ်ဆေးကြောင့် သွေးဥမွှားတွေ နည်းသွားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့်လည်း အိန္ဒိယမှာ စထိုးပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ WHOနဲ့ ယူအက်စ်မှာ အရေးပေါ်အသုံးပြုခွင့်ရဖို့ လျှောက်ထားဆဲပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ လူဦးရေများလွန်းတဲ့ အိန္ဒိယက လူကြီးတွေကို ဦးစားပေးထိုးပေးနေရတယ်လို့ သိထားပါတယ်။ ဒါပေမယ့် အောက်တိုဘာလကစပြီး ၁၂-၁၇နှစ်ကြား ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေရှိတဲ့ ကလေးတွေ စပြီး ထိုးနိုင်နေပြီလို့ ဆိုပါတယ်။ ၂၀၂၁ နှစ်ကုန်မှာတော့ ကလေးကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်ကို စနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Covishieldကိုတော့ ကလေးတွေကို ထိုးမပေးသေးပါဘူး။ သူ့ရဲ့ မိခင်ကာကွယ်ဆေးဖြစ်တဲ့ အောက်ဖို့ဒ် AstraZeneca ChAdOx1 nCoV-19 vaccineကတောင် ခုမှ ယူကေမှာ စမ်းသပ်တုန်းပဲ ဖြစ်ပါတယ်။

ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသင့်လား။

ကလေးတွေမှာ ကိုဗစ်ဖြစ်တဲ့အခါ လူကြီးတွေလောက် မပြင်းထန်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ကလေးတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ကတော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့

ကလေးတွေကို ကာကွယ်ဆေး ထိုးပေးရတဲ့ အဓိက အကြောင်းရင်းပါပဲ။ ကလေးတွေက လူကြီးတွေလောက် မပြင်းထန်ဘူးဆိုပေမယ့် သူကနေ သူများကို ကူးနိုင်ခြေကတော့ ရှိပါတယ်။ ဒါကြောင့် နောက်ထပ် ကူးစက်မှုတွေ ထပ်ဖြစ်မလာဖို့ ကလေးတွေကို ထိုးထားပေးဖို့ လိုပါတယ်။

  • ပြင်းထန်တဲ့ လက္ခဏာတွေ မဖြစ်စေဖို့

ကလေးအများစုမှာတော့ ကိုဗစ်က မပြင်းထန်ပါဘူး။ ဒါပေမယ့် အဝလွန်တဲ့၊ ရောဂါအခံရှိတဲ့၊ ခုခံအား မကောင်းတဲ့ ကလေးတွေမှာတော့ လူကြီးတွေလိုပဲ ပြင်းထန်တတ်ပါတယ်။ ဒါကြောင့် သူတို့ကို ထိုးထားပေးဖို့ လိုပါတယ်။

ခုထိုးပေးတဲ့အခါမှာလည်း ကလေးတိုင်းဆိုတာထက် ဒီလိုမျိုး ဖြစ်လာရင် ပြင်းထန်နိုင်တဲ့ ကလေးတွေကို ဦးစားပေးထိုးပေးနေတာပဲ ဖြစ်ပါတယ်။

ကလေးကိုဗစ်ကာကွယ်ဆေးတွေက စိတ်ချရပါ့မလား။

Pfizer-BioTech ကာကွယ်ဆေးရဲ့ ဒေတာအရဆိုရင် ၁၂-၁၅နှစ်ကြား ကလေးတွေကို ရောဂါ မကူးစက်အောင် ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ၁၆နှစ်နဲ့အထက်မှာတော့ ပြင်းထန်ကိုဗစ်မဖြစ်အောင် ၉၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါတယ်။ ကနဦးလေ့လာမှုတွေအရတော့ လက်ရှိမှာ ကူးစက်မြန်နေတဲ့ ဒယ်တာမျိုးကွဲကနေ ၉၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

စိတ်ချရမှုကလည်း မဆိုးဘူးလို့ ပြောလို့ရပါတယ်။ တစ်ခုရှိတာက ကလေးတွေက လူကြီးတွေထက် ကိုယ်ခံအားကောင်းတဲ့အတွက် ဆေးထိုးပြီး ဖြစ်တတ်တဲ့ လက္ခဏာတွေ ဥပမာ ဖျားတာ၊ ဆေးထိုးတဲ့နေရာ ကိုက်တာကတော့ လူကြီးတွေထက် ပိုပြင်းထန်တတ်ပါတယ်။

မြန်မာနိုင်ငံအတွက် ကလေးကိုဗစ်ကာကွယ်ဆေး

ကလေးအတွက် ကိုဗစ်ကာကွယ်ဆေးတွေက စမ်းရင်း ထိုးရင်းနဲ့လို့ ပြောလို့ရပါတယ်။ ဒီထဲကမှ ကိုယ့်နိုင်ငံအခြေအနေကို ကြည့်ပြီး အရေးပေါ် အသုံးပြုခွင့် ပေးထားတာတွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ Sinovacဖြစ်ဖို့ များပါတယ်။

လက်ရှိမှာ WHOကနေ သင့်တော်တယ်လို့ ပြောထားတာက ၁၂-၁၅နှစ်ကြားမှာ ထိုးလို့ရတဲ့ Pfizer-BioTech ကာကွယ်ဆေး တစ်မျိုးပဲ ရှိပါသေးတယ်။ ဒါတောင်မှ ဆက်ပြီး စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စမ်းသပ်တဲ့ အနေနဲ့ ထိုးတာပဲဖြစ်ဖြစ်၊ အရေးပေါ် အသုံးပြုခွင့်နဲ့ ထိုးတာပဲဖြစ်ဖြစ် ၁၈နှစ်အောက် ကလေးတွေက အသက်မပြည့်သေးတာဖြစ်တဲ့အတွက် မိဘတွေက ကိုယ်စားဆုံးဖြတ်ပေးရတာ ဖြစ်ပါတယ်။ လူကြီးတွေ ထိုးတုန်းကလိုပဲ ခွင့်ပြုချက်ကို လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။