backup og meta

COVAXIN ထိုးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVAXIN ထိုးတော့မယ်ဆိုရင် ဘာတွေသိထားသင့်သလဲ။

    လက်ရှိမြန်မာနိုင်ငံမှာ ထိုးလို့ရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲမှာ အိန္ဒိယနိုင်ငံထုတ် COVAXIN လည်း ပါပါတယ်။ ဒီဆေးနဲ့ ပတ်သက်ပြိး မထိုးခင်မှာ အောက်ပါ အချက်တွေကို သိထားသင့်ပါတယ်။

    WHO ခွင့်ပြုချက်ရမရ

    အရင်က COVAXIN ကို အိန္ဒိယနိုင်ငံပြင်ပမှာ တွင်တွင်ကျယ်ကျယ် မသုံးကြသေးတာက WHO ခွင့်ပြုချက် မရသေးလို့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ရက်နေ့မှာတော့ WHO ကနေ အရေးပေါ်အသုံးပြုဖို့ ခွင့်ပြုချက်ချပေးခဲ့ပါတယ်။ ဒီလိုနဲ့ COVAXIN က ၈ခုမြောက် တရားဝင်အသုံးပြုခွင့်ရတဲ့ ကိုဗစ်ကာကွယ်ဆေး ဖြစ်ခဲ့ပါပြီ။

    COVAXIN နဲ့ ပတ်သက်ပြီး ဒါတွေ သိထားဖို့ လိုပါတယ်။

    COVAXIN အိန္ဒိယနိုင်ငံ မိခင်ကုမ္ပဏီ  Bharat Biotechကနေ ထုတ်လုပ်ခဲ့ပါတယ်။ Indian Council of Medical Research (ICMR) – National Institute of Virology (NIV) နဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာပါ။

    ပိုးအသေပါတဲ့ ကာကွယ်ဆေး အမျိုးအစား ဖြစ်ပါတယ်။ ၄ပတ်ခြားပြီး ၂ကြိမ်ထိုးရမှာပါ။ Phase 3လေ့လာချက်တွေအရတော့ ဒုတိယအကြိမ်ထိုးပြီး ၁၄ရက်အကြာမှာ ရောဂါကာကွယ်နိုင်စွမ်းက ၇၈ ရာခိုင်နှုန်း ရှိပါတယ်။ နောက်ပိုင်းမှာ ပေါ်လာတဲ့ ဗီဇပြောင်းကိုဗစ်ဗိုင်းရပ်စ်တွေကိုလည်း ကာကွယ်နိုင်စွမ်း ရှိပါတယ်။ ဒယ်တာဗီဇပြောင်းပိုးကို ၆၅.၂ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

    ဘယ်သူတွေ ထိုးလို့ရလဲ။ ထိုးလို့မရဘူးလဲ။

    WHOကတော့ ၁၈နှစ်နဲ့အထက်တွေကို ထိုးဖို့ အရေးပေါ် ခွင့်ပြုထားပါတယ်။

    ထိုးလို့မရတဲ့သူတွေကတော့

    • ကာကွယ်ဆေးမှာ ပါတဲ့ ဓာတ်ပစ္စည်းတစ်မျိုးမျိုးနဲ့ မတည့်သူတွေ (ဒါက စစ်ဆေးဖို့ လက်တွေ့မကျပါဘူး။)
    • ပထမတစ်ခါထိုးပြီး ပြင်းထန်ဓာတ်မတည့် ခံစားရသူတွေ (ဆေးထိုးပြီး ဖျားတာ၊ လက်မောင်းအောင့်တာလောက်ကို ပြောတာမဟုတ်။)
    • လက်ရှိမှာ ကိုဗစ်သံသယရှိတဲ့သူ၊ ဖျားနေတဲ့သူတွေ မထိုးသင့်ပါဘူး။

    COVAXIN က အန္တရာယ်ကင်းရဲ့လား။

    လက်ခံနိုင်လောက်တဲ့ အာနိသင်ရှိပြီး အန္တရာယ်နည်းတဲ့အတွက် WHOက အရေးပေါ်ခွင့်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆေးထိုးပြီးတဲ့အချိန်မှာတော့ တခြားကာကွယ်ဆေးတွေလိုပဲ

    • ဆေးထိုးတဲ့နေရာမှာ နာတာ၊ ရောင်တာ၊ နီတာ၊ ယားတာ
    • ခေါင်းကိုက်တာ
    • ဖျားတာ
    • ကိုယ်လက်ကိုက်တာ
    • ပျို့တာ
    • အန်တာ
    • အနီစက်တွေ ထွက်တာ ဖြစ်တတ်ပါတယ်။

    ပြင်းထန်ဓာတ်မတည့်ဖြစ်တာကတော့ ရှားတယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်တွေ ထိုးလို့ရလား။

    လက်ရှိမှာတော့ ကိုယ်ဝန်ဆောင်တွေအတွက် လုံလောက်တဲ့ စမ်းသပ်ချက်မရှိသေးပါဘူး။ ရှေ့ပိုင်းစမ်းသပ်ချက်တွေအရတော့ ကိုယ်ဝန်ဆောင်တွေအတွက် ရေတိုဆိုးကျိုးတော့ မတွေ့ရသေးပါဘူး။ ဒါကြောင့် ထိုးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ထိုးခြင်း မထိုးခြင်းကတော့ လူနာကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

    (နို့တိုက်မိခင်တွေလည်း အလားတူပဲ ဖြစ်ပါတယ်။)

    ခုခံအားကျတဲ့သူတွေရော

    HIV အပါအဝင် ခုခံအားကျတဲ့သူတွေ၊ ခုခံအားထိန်းဆေး သောက်နေရသူတွေ၊ ကိုယ်တွင်းအင်္ဂါအစားထိုးထားရတဲ့သူတွေအတွက်လည်း လုံလောက်တဲ့ စမ်းသပ်ချက်မရှိသေးပါဘူး။ ကာကွယ်ဆေးက ပိုးအသေဖြစ်တဲ့အတွက် လူကို အန္တရာယ်ဖြစ်နိုင်ခြေ အင်မတန်နည်းပါတယ်။ ဒါပေမယ့် ခုခံအား ကျနေတဲ့အတွက် ကာကွယ်ဆေးကို တုံ့ပြန်နိုင်စွမ်း (ဆိုလိုတာက antibody လုံလုံလောက်လောက် ထွက်ပါ့မလား)ကို သေချာ မပြောနိုင်ပါဘူး။ ထိုးမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

    COVAXIN ကို ကလေးတွေ ထိုးလို့ရပြီလား။

    လက်ရှိအိန္ဒိယမှာတော့ ၂-၁၈နှစ်ကြား ကလေးတွေကို ထိုးခွင့်ပြုထားပါတယ်။ (WHO ခွင့်ပြုတာက ၁၈နှစ်အထက်ပါ။)

    လေ့လာချက်တွေအရတော့ ကလေးတွေမှာလည်း လူကြီးတွေလိုပဲ ခုခံအားတုံ့ပြန်မှု ရှိတာကို တွေ့ရပါတယ်။ ဒါ့ပြင် Phase 2/3 လေ့လာချက်တွေအရ ကာကွယ်ဆေးကြောင့် ပြင်းထန်တဲ့ အခြေအနေကြုံရတာ၊ ဆေးရုံတက်ရတာတွေ မရှိဘူးလို့ဆိုပါတယ်။ ဒါ့ပြင် လူအများစိုးရိမ်နေကြတဲ့ Guillain-Barre Syndrome၊ ပြင်းထန်ဓာတ်မတည့်တာတွေ၊ နှလုံးကြွက်သားရောင်တာ၊ နှလုံးအမြှေးပါးရောင်တာ၊ ကာကွယ်ဆေးကြောင့် သွေးဥမွှားတွေ နည်းသွားတာ မရှိဘူးလို့ ဆိုပါတယ်။

    ဒါကြောင့်လည်း အိန္ဒိယမှာ စထိုးပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ WHOနဲ့ ယူအက်စ်မှာ အရေးပေါ်အသုံးပြုခွင့်ရဖို့ လျှောက်ထားဆဲပဲ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement