ဆောင်းလေး အေးလာတာနဲ့အမျှ နှာစေး၊ ချောင်းဆိုးတာလိုမျိုး အပရိက ဖျားနာမှုတွေကစလို့ တုပ်ကွေး လိုမျိုး နာမကျန်းမှုတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါတွေတင် မကသေးပါဘူး။ အခုနောက်ပိုင်းမှာ Covid ကလည်း သတိထားရမယ့် ကျန်းမာရေး ပြဿနာ ဖြစ်လာခဲ့ပါတယ်။
ရာသီဥတု အေးလာတာချိန် တုပ်ကွေး ဗိုင်းရပ်စ်က ဦးမော့လာချိန်မှာ ကိုဗစ်နဲ့ ပေါင်းစပ်ပြီး တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ကို ဝင်ရောက် ကူးစက်လာမှာကိုလည်း သတိထားဖို့ လိုလာပါပြီ။
တုပ်ကွေးနဲ့ ကိုဗစ်က တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်လား။ ဒီလို အခြေအနေကို ဘယ်လို သတ်မှတ်သလဲ။ ခံစားရနိုင်တဲ့ လက္ခဏာတွေက ပြင်းထန်လားဆိုတာတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
COVID-19 နဲ့ တုပ်ကွေး တပြိုင်နက်တည်း ကူးစက်နိုင်လား။
ကိုဗစ် နဲ့ တုပ်ကွေးက တစ်ချိန်တည်းမှာ ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကူးစက်နိုင်ပါတယ်။ အကြောင်းကတော့ ဒီကျန်းမာရေး ပြဿနာ နှစ်ခုစလုံးကို ဖြစ်စေတဲ့အရာတွေက ဗိုင်းရပ်စ်တွေ ဖြစ်ပြီး ဒီဗိုင်းရပ်စ်တွေက အသက်ရှူလမ်းကြောင်းကို အဓိက ဝင်ရောက်ကူးစက်တာပါ။
ဗိုင်းရပ်စ်တွေကနေဖြစ်စေတာ၊ အသက်ရှူလမ်းကြောင်းထဲကို အဓိက ဝင်ရောက်ကူးစက်တာလိုမျိုးအခြေအနေတွေခြင်း တူနေတာကြောင့် ဒီဗိုင်းရပ်စ် နှစ်ခုစလုံးက တစ်ချိန်တည်းမှာ ဝင်ရောက်ကူးစက်နိုင်ပါတယ်။
ဒီအခြေအနေကို Flurona လို့ ခေါ်ပါတယ်။
Flurona ဆိုတာ
Flurona ဆိုတာက တုပ်ကွေးကို အင်္ဂလိပ်လို ခေါ်တဲ့ Flu နဲ့ ကိုဗစ်ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ် Corona တို့ကို ပေါင်းစပ်ပြီး ခေါ်ထားတာပါ။ အမည်နာမတွေကို ပေါင်းစည်းခေါ်ရတာက တုပ်ကွေးဗိုင်းရပ်စ်နဲ့ ကိုရိုနာဗိုင်းရပ်စ် တပြိုင်နက်တည်း ကူးစက်ခံရတယ်ဆိုတဲ့ အခြေအနေကို ဖော်ပြချင်တာပါ။
တုပ်ကွေးရော ကိုဗစ်ပါ တပြိုင်နက်တည်း ကူးစက်ခံရတဲ့ အခြေအနေကို Flurona လို့ ခေါ်တာပါ။
Flurona က ပြင်းထန်လား။
ဒီဗိုင်းရပ်စ် နှစ်မျိုးစလုံးက အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့ ဗိုင်းရပ်စ်တွေ ဖြစ်တာကြောင့် သေဆုံးတဲ့အထိ ပြင်းထန်နိုင်မလားဆိုတာကို ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။
ဒီပေါင်းစပ်မှုက တော်တော်လေး ဆိုးရွားနိုင်တယ်လို့ ခန့်မှန်းကြပေမယ့် အခုချိန်ထိတော့ ဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာကို အတိအကျ မပြောနိုင်ကြသေးပါဘူး။
Flurona ဖြစ်ပွားမှု ရှိနေပြီလား။
တုပ်ကွေး ဗိုင်းရပ်စ် နဲ့ ကိုရိုနာ ဗိုင်းရပ်စ် တပြိုင်နက်တည်း ကူးစက်တဲ့အခြေအနေ Fluronaက မြန်မာနိုင်ငံမှာတော့ ဖြစ်ပွားတာ မတွေ့ရသေးပေမယ့် အစ္စရေးနိုင်ငံက ကာကွယ်ဆေး ထိုးမထားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးမှာတော့ ဖြစ်ပွားမှု ရှိခဲ့ပါတယ်။ ဘရာဇီးမှာလည်း ဖြစ်ပွားမှုတွေ ရှိနေပါတယ်။
ဒီအမျိုးသမီးက ပထမဆုံးသော Flurona ကူးစက်ခံရသူဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ သက်သာအောင် ကုသပေးတဲ့ ဆေးဝါးတွေ တုပ်ကွေးကုသတဲ့ ဆေးဝါးတွေနဲ့ ပေါင်းစပ်ကုသမှု ပေးခဲ့ပါတယ်။

တုပ်ကွေးရော ကိုဗစ်ရောပါ ကူးစက်မှုပုံစံက ရောဂါပိုး ရှိသူရဲ့ နှာချေ၊ချောင်းဆိုးတာကနေ ထွက်ကျလာတဲ့ အမှုန်တွေကို ကိုင်တွယ် ထိတွေ့မိပြီး မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတွေကို ထိတွေ့မိတာတွေကနေတဆင့် ကူးစက်တာပါ။ ဒီဗိုင်းရပ်စ် နှစ်မျိုးလုံး တပြိုင်နက်တည်း ကူးစက်ခံရတဲ့ အခြေအနေ Flurona ရဲ့ ကူးစက်ပုံ အတူတူပါပဲ။
Flurona က ရောဂါလက္ခဏာ ထူးထူးခြားခြား မရှိပါဘူး။ တကယ်လို့ ကူးစက်ခံရတဲ့သူက ကိုဗစ်ကို အရင်ကူးစက်ခံရတာဆိုရင်
- အဖျားတက်မယ်
- ချမ်းတုန်မယ်
- ချောင်းဆိုးမယ်
- အသက်ရှူရခက်မယ်
- အသက်ရှူရတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
- ခြေကုန်လက်ပမ်းကျမယ်
- ကြွက်သားတွေ နာကျင်မယ်
- ခြေလက်တွေ ကိုက်ခဲမယ်
- ခေါင်းကိုက်
- အနံ့ပျောက်မယ်
- အရသာပျက်မယ်
- လည်ချောင်းနာမယ်
- နှာခေါင်းပိတ်မယ်
- နှာစေးမယ်
- အော့အန်မယ်
- မအီမသာဖြစ်မယ်
- ဝမ်းပျက်ဝမ်းလျှောမယ်စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာတွေက ကိုဗစ် မျိုးစိတ်တွေထဲမှာမှ Omicron မျိုးစိတ် ကူးစက်ခံရသူတွေမှာ တွေ့ရများပါတယ်။
တကယ်လို့ တုပ်ကွေးကို အရင် ကူးစက်ခံရတာ ဖြစ်မယ်ဆိုရင်
- အဖျားတက်မယ်
- ဖျားချင်ချင် ဖြစ်မယ်
- ချောင်းဆိုးမယ်
- လည်ချောင်းနာမယ်
- နှာစေးမယ်
- နှာခေါင်း ပိတ်မယ်
- ကြွက်သားတွေ နာမယ်
- ကိုယ်လက် ကိုက်ခဲမယ်
- ခေါင်းကိုက်မယ်
- ခြေကုန်လက်ပမ်း ကျမယ်
- အော့အန်မယ် (ကလေးငယ်တွေမှာ အဖြစ်များပါတယ်)
- ဝမ်းသွားမယ် (ကလေးငယ်တွေမှာ အဖြစ်များပါတယ်) စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘယ်သူတွေမှာ ကူးစက်နိုင်ခြေ ပိုများလဲ။
တုပ်ကွေး နဲ့ ကိုဗစ် ဗိုင်းရပ်စ် တပြိုင်နက်တည်း ကူးစက်ခံရတဲ့ အခြေအနေ Fluronaက
- ကလေးငယ်တွေ
- ကိုယ်ဝန်ဆောင်တွေ
- သက်ကြီး ရွယ်အိုတွေ
- ရောဂါအခံ ရှိသူတွေမှာ ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
ဘယ်လို ကာကွယ်မလဲ။
ကာကွယ်မှုက ကုသမှုထက် ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်းရော ရောဂါဖြစ်လာတဲ့အခါ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန် ခံစားရမလဲဆိုတာကိုပါ မသိသေးတာကြောင့် အကောင်းဆုံးကတော့ ကာကွယ်တာပါ။ ဒီတော့ ဘယ်လို ကာကွယ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။
- အပြင်ထွက်တဲ့အခါတိုင်း ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ပါ
- အလုံပိတ်နေရာတွေကို သွားမယ်။ လူထူထပ်မယ်ဆိုရင်လည်း ပါးစပ်နဲ့နှာခေါင်းစည်း တပ်ဆင်ပါ
- ဖျားနာနေတဲ့သူတွေနဲ့ တိုက်ရိုက် ထိတွေ့တာမျိုး မလုပ်ပါနဲ့
- တစ်ယောက်နဲ့တစ်ယောက် ၆ ပေအကွာမှာ နေပါ
- လူထူထပ်တဲ့နေရာတွေကို ရှောင်ပါ
- လေဝင်လေထွက် မကောင်းတဲ့နေရာတွေကို ရှောင်ပါ
- အပြင်က ပြန်လာတိုင်း၊ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ဆေးပါ
- နှာစေး ချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို အုပ်ထားပါ
- နေ့စဉ် အသုံးပြုနေတဲ့ ပစ္စည်းတွေကို ပိုးသတ် သန့်စင်ပါ
- တုပ်ကွေး ကာကွယ်ဆေး ထိုးပါ
- ကိုဗစ်ကာကွယ်ဆေး ထိုးပါ (အကြိမ်ရေ ပြည့်အောင် ထိုးပါ။ လိုအပ်ရင် ထပ်ဆောင်း ကာကွယ်ဆေး ထိုးပါ)
- ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပါ။