လောကမှာ ဘယ်သူမဆို ပျော်ပျော်ရွှင်ရွှင်နေလိုကြတယ်၊ အေးချမ်းချင်ကြတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ ပျော်ရွှင်မှုဆိုတာ ကောက်ရိုးပုံမှာ အပ်ပျောက်ရှာနေသလိုပဲ၊ ရှာဖွေတွေ့ရှိနိုင်ဖို့ ခက်ခဲကြတယ်။ ကျွန်တော့်အနေနဲ့ ပြောလို့ရတာကတော့ လူတိုင်း ၂၄ နာရီ အချိန်ပြည့် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး၊ ဒါဟာ အကြောင်းအကျိုး၊ အကောင်းအဆိုး အမြဲဒွန်တွဲနေတဲ့ လူ့သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ တချို့သော တွေးခေါ်မှုပုံစံတွေ၊ ဘဝနေထိုင်မှုပုံစံတွေကို ပြောင်းလဲလိုက်မယ်ဆိုရင်တော့ အရင်ကထက် ပိုပြီး ပျော်ရွှင်လာနိုင်တယ်ဆိုတာ အာမခံလို့ ရပါတယ်။
ဘာတွေမှားယွင်းနေလဲ၊ ဘာတွေ ပြင်ဆင်ကြမလဲ။
၁။ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင် လုပ်ယူရတဲ့အရာပါ။
တချို့လူတွေက တခြားတစ်ယောက်က ကိုယ့်ကို ပျော်ရွှင်အောင်လုပ်ပေးမှ ပျော်နိုင်မယ်လို့ ထင်ထားကြတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ ကိုယ့်ရဲ့ ရင်တွင်းကနေ လာတာပါ။ ကိုယ်သည်သာ ကိုယ့်ကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်တာပါ။ တခြားတစ်ယောက်ကြောင့် ရတဲ့ ပျော်ရွှင်မှုဆိုတာ အများဆုံး ၃၀ ရာခိုင်နှုန်းသာရှိပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက ကိုယ့်ဘာသာပဲ လုပ်ယူလို့ ရပါတယ်။ ဒါကြောင့် ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေလိုတယ်ဆိုရင် တခြားသူ ကိုယ့်ကို ပျော်ရွှင်အောင် လုပ်ပေးတာကို ဘယ်တော့မှ မစောင့်ပါနဲ့။
၂။ အရှိကို အရှိအတိုင်း လက်ခံပါ။
ကောင်းခြင်း၊ ဆိုးခြင်း၊ ဖြစ်ခြင်း၊ ပျက်ခြင်း စတဲ့ ရုပ်သဘော နာမ်သဘောတွေကို သိပ်ပြီးအတွေးမများဘဲ အရှိအတိုင်းပဲ လက်ခံဖို့ ကြိုးစားကြည့်ပါ။ တင်းနေတဲ့ စိတ်တွေ လျော့ပါးသွားသလို ခံစားရပြီး လူက ပေါ့ပေါ့ပါးပါး ဖြစ်သွားပါလိမ့်မယ်။ ကိုယ်ခန္ဓာကော စိတ်က အတင်းကြီး တောင့်ထားနေရင် ပျော်စရာကိစ္စ ရှိနေရင်တောင် စိတ်လွတ်လက်လွတ် ပျော်ရမှာ မဟုတ်ပါဘူး။ အဆင်မပြေရင် အဆင်မပြေဘူးလို့ မှတ်၊ ပြီးရင် အဆင်မပြေတဲ့ ကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ နည်းလမ်းကိုရှာပါ။
၃။ တစ်ယောက်ထဲ ပျော်အောင် လုပ်ယူလို့ ရပါတယ်။
ငယ်စဉ်ဘဝက ရှေးလူကြီးတွေ ဆုံးမကြတယ်၊ ရုပ်ရှင်တွေထဲမှာလည်း အမြဲလိုလို ပါတတ်တဲ့ သဘောတရားတစ်ခုပါ။ လူဆိုတာ အချစ်ရှိမှ ပျော်နိုင်ကြတယ်။ ကိုယ့်ဘဝမှာ ဖူးစာရှင်၊ အိမ်ထောင်ဖက်၊ သားသမီး၊ မိသားစု အစရှိတဲ့ တခြားသူတစ်ဦးတစ်ယောက် ပါဝင်နေမှ အမှန်တကယ် ပျော်စရာကောင်းတယ်ဆိုပြီး မှတ်ဉာဏ်ထဲ ရိုက်သွင်းထားကြတယ်။
တကယ်တော့ ဒီသဘောတရားက အမြဲတမ်း မှန်နေတာမဟုတ်ပါဘူး။ လူဆိုတာ မွေးလာကတည်းကလည်း တစ်ယောက်တည်း၊ ကိုယ့်ရဲ့ ခန္ဓာကိုလည်း ကိုယ်တစ်ယောက်ပဲ ပိုင်တာပါ။ တစ်ယောက်တည်း နေလို့ တစ်ခါတလေ အထီးကျန်တယ်လို့ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် နေကြည့်ပါ။ တစ်ယောက်တည်း နေနေတဲ့အချိန်မှာ ကိုယ့်အတွက် သီးသန့်အချိန်တွေ ပေးကြည့်ပါ၊ ပျော်ရွှင်အောင် ထားပါ၊ စိတ်ချမ်းသာစရာ ဘာမဆို လုပ်ကြည့်ပါ၊ ဘဝအနာဂတ်အတွက် ပြင်ဆင်ပါ။
၄။ ကိုယ့်မှာ ပိုင်ဆိုင်နေရတဲ့ အရာကို အမြဲတန်ဖိုးထားပါ။
လောဘဆိုတာ ကြောက်ဖို့ ကောင်းတဲ့အရာတစ်ခုဗျ။ လူတွေက တစ်ခုကို လိုချင်လာပြီဆိုရင် ရင်ထဲမှာ သောကမီးတွေ ပူလောင်ပြီး စိတ်ဖိစီးလာတယ်။ ဒီလိုချင်တဲ့အရာကို မရရအောင် ယူဖို့ အတင်းကြိုးစားဖန်တီးယူတယ်။ ရသွားပြီဆိုရင်လည်း နောက်အသစ်တစ်ခုကို ထပ်ပြီး လိုချင်ပြန်ကြတယ်။ အဲဒီတော့ စိတ်ဖိစီးမှုက ဘဝတစ်လျှောက် ကွင်းဆက်သံသရာ လည်နေသလို ဖြစ်သွားတာပေါ့။
ဘဝမှာ လူရယ်လို့ ဖြစ်လာပြီဆိုရင် လိုချင်တာတွေက အမြဲရှိနေတတ်ပါတယ်။ မကြိုးစားနဲ့လို့ မဆိုလိုပါဘူး၊ ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ဘဝ၊ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ အကုန်လုံးကို မေ့သွား၊ လျစ်လျူရှုသွားရလောက်တဲ့အထိ မလုပ်ပါနဲ့။
၅။ နောင်တတွေနဲ့ အသက်မရှင်ပါနဲ့။
ငယ်တုန်းရွယ်တုန်းမှာ လုပ်ချင်တာတွေ အကုန်မလုပ်လိုက်ရလို့ အသက်ကြီးပြီး အိုမင်းမစွမ်းဖြစ်တော့မှ နောင်တတွေ တသီကြီး ရနေတာ၊ ဒါလေးလုပ်လိုက်ရင် ကောင်းသား၊ ဟိုဟာလေး လုပ်လိုက်ရင်တော့ အခုချိန်မှာ ဘဝက ပုံစံတစ်မျိုး ပြောင်းနေမှာပဲနော် အစရှိတဲ့ အတွေးတွေးကို ရပ်ပါ။ ကုန်သွားပြီးသားအချိန်တွေကို ပြန်လည် မရနိုင်တော့ပါဘူး။ အဲ့ဒီအချိန်မှာ နောင်တတွေနဲ့ တွေးပူပြီး ညစ်နေရင် အဲဒီအတွက်ပါ အချိန်ထပ်ကုန်သွားပါမယ်။ လက်ရှိ ကိုယ့်ဘဝ၊ ကိုယ့်အခြေအနေကို အရှိအတိုင်းသာ လက်ခံပြီး အနာဂတ်မှာ ပိုကောင်းစေမယ့်၊ ကိုယ့်ကို ပိုပြီးပျော်ရွှင်စေနိုင်လောက်မယ့် ဆုံးဖြတ်ချက်တွေကိုပဲ ဆက်ချပါ။
၆။ ပြုံးပါ၊ ရယ်ပါ။
စိတ်မပါရင်တောင် တတ်နိုင်သလောက် ရယ်ပြုံးပေးခြင်းဟာ ကိုယ်ခန္ဓာထဲက အောက်စီတိုစင်လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်းတွေကို ပိုထွက်စေနိုင်သလို စိတ်ကိုလည်း ပေါ့ပါးလန်းဆန်းစေပါတယ်။ အနည်းဆုံးတော့ စိတ်တွေညစ်ပြီး ဘာမှမလုပ်ချင်၊ မကိုင်ချင်ဖြစ်နေရင် ဟာသကားကြည့်ပြီးတော့ ရယ်သာရယ်လိုက်ပါ။
၇။ ပြဿနာတွေကို ထိပ်တိုက်ရင်ဆိုင်ပါ၊ မရှောင်ပြေးပါနဲ့။
စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကိုယ့်မှာ ခံစားနေရတယ်၊ ကြုံလာရတယ်ဆိုရင် ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာကြည့်ပါ။ ပြဿနာရှိရင် အဖြေရှိပါတယ်။ မဖြေရှင်းဘဲ ပစ်ထားလိုက်တာဟာ အဖြေမဟုတ်ပါဘူး။ ကိုယ့်စိတ်တအားညစ်နေတဲ့ တစ်ချိန်ချိန်မှာ ဒီပြဿနာအရှုပ်ထုပ်တွေ ကိုယ့်ဆီပြန်ရောက်လာရင် ညစ်နေတဲ့ဝေဒနာက ၂ဆတိုးသွားပါလိမ့်မယ်။
၈။ လုပ်သင့်တာနဲ့ လုပ်ချင်တာကို သမမျှတစွာ လုပ်ပါ။
လူကြီးတွေ ပြောသလို လုပ်သင့်တာပဲ လုပ်နေလို့လည်း အဆင်မပြေသလို လူငယ်တွေ ထင်ထားသလို လုပ်ချင်တာတွေပဲ ရွေးလုပ်နေလို့လည်း အဆင်မပြေပါဘူး။ အကုန်လုံးကို သူ့အကန့်နဲ့သူ၊ သူ့အချိန်နဲ့သူ ညီမျှအောင် လုပ်ပေးရမှာပါ။ ဒါမှပဲ နေထိုင်အသက်ရှင်နေရတာ မငြီးငွေ့မှာပါ။
၉။ မျိုသိပ်ထားတာတွေအကုန် ဖွင့်ထုတ်ပစ်ပါ။
လူဆိုတာက မျိုသိပ်ခံစားရတာကို အသားကျသွားရင် နောက်ဘာပြဿနာပဲ ကြုံလာ၊ ကြုံလာ မျိုသိပ်တာပဲ လုပ်တော့မှာပါ။ စိတ်ခံစားချက်တွေ မျိုသိပ်လိုက်တာက တကယ်တော့ ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူးခင်ဗျ။ နည်းနည်းလေးမှာ မသိသာပေမဲ့ မျိုသိပ်တာတွေ များလာလေ၊ ရင်ထဲမှာ ပူလောင်တာတွေ များလာပြီး အကုန်ပေါက်ကွဲထွက်ကုန်မှာပါ။ ဒီအတွက် စိတ်ညစ်ရင်လည်း တတ်နိုင်သလောက် ရင်ဖွင့်ပါ၊ ဝမ်းနည်းရင် အော်ငိုလိုက်ပါ။ ကိုယ်ခံစားနေရတဲ့ ကိစ္စတွေ၊ အခက်အခဲတွေကို ကိုယ်ချစ်ရတဲ့သူတွေဆီ ဖွင့်ပြောပါ။ နောက်ဆုံး ဘာမှလုပ်စရာမရှိဘဲ ခေါင်းအုံးထဲ မျက်နှာအုပ်ပြီး အားရပါးရအော်လိုက်ပါ။ အနည်းဆုံးတော့ ခံစားနေရတာတွေ အနည်းငယ် ပေါ့သွားနိုင်ပါတယ်။
လူ့ဘဝဆိုတာ အလွန်တိုတောင်းပါတယ်။ မျက်စိတစ်မှိတ်လောက်ပဲ အချိန်နာရီ စက္ကန့်နေရက်တွေကို တစ်ရွေ့ရွေ့ကုန်ဆုံးသွားနေတာပါ။ ဒီတော့ ကိုယ်အသက်ရှင်နေရတဲ့ အချိန်လေးကို စိတ်ညစ်စရာတွေ နည်းနိုင်သလောက်နည်းပြီး ပျော်ရွှင်မှုကို ဖွေရှာရင်း ဘဝကို အဓိပ္ပါယ်ရှိရှိ ကျော်ဖြတ်ဖို့ပဲ ကြိုးစားကြပါ။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-bmi]