backup og meta

လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

    ကျွန်တော်တို့တွေ အိပ်ရေးမဝရင် ဘာတွေ ဖြစ်တတ်လဲဆိုတာ ဆွေးနွေးပြီးခဲ့ကြပါပြီ။ ဒီတော့ လိုတာထက် ပိုအိပ်မိရင် ဘာတွေဖြစ်တတ်လဲဆိုတာလေး ဒီတစ်ခါ ဆွေးနွေးကြည့်ကြရအောင်။

    ပထမဆုံးသိသင့်တဲ့အချက်က ‘လိုတာထက် ပိုအိပ်မိတယ်ဆိုတာ ဘယ်လို အတိုင်းအတာကို ခေါ်တာလဲ’ဆိုတာပါပဲ။ ပုံမှန် အိပ်စက်ချိန်စံနှုန်းဟာ ၈နာရီပဲ ရှိပါတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီပေါ် မူတည်ပြီးတော့ အသက် ၁၈ နှစ် ကနေ ၆၄ နှစ်ထိ လုံလောက်တဲ့ အိပ်စက်ချိန်ဟာ ၇-၉ နာရီကြားရှိတတ်ပြီး ဒီထက်ပိုရင်တော့ Oversleep ဖြစ်တယ်၊ ပိုအိပ်မိတယ်လို့ ဆိုနိုင်ပါတယ်။

    ပိတ်ရက်လေးတွေပဲ အိပ်ရတာ၊ အိပ်မှာပဲဆိုရင်တော့ သိပ်ပြဿနာမရှိလှပါဘူး။ ဒါပေမဲ့ နေ့တိုင်းနီးပါးမှာ ၉နာရီထက် ပိုအိပ်မိနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘယ်လို ပြဿနာတွေလဲ။

    လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ

    လိုတာထက် ပိုအိပ်မိရင် ဘာတွေ ဖြစ်တတ်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    ဆီးချိုရောဂါ။     ။အိပ်စက်ချိန်အရမ်းများတဲ့သူတွေ ဒါမှမဟုတ် အိပ်ချိန် မလုံလောက်တဲ့သူတွေဟာ ဆီးချိုဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။

    စိတ်ကျရောဂါ။   ။ အိပ်မပျော်ခြင်းနဲ့ စိတ်ကျရောဂါ ဆက်စပ်နေတယ်ဆိုပေမဲ့ စိတ်ကျရောဂါ ဖြစ်နေတဲ့သူ ၁၅ ရာခိုင်နှုန်းလောက်ကလည်း ပိုအိပ်လေ့ရှိပါတယ်။ ဒါက စိတ်ကျရောဂါကို ပိုဆိုးရွားစေပါတယ်။ ပုံမှန်အိပ်စက်ခြင်းဟာ စိတ်ကျရောဂါကနေ ပြန်လည်သက်သာလာစေနိုင်တဲ့ နည်းလမ်းတစ်ခုပါပဲ။

    အဝလွန်ခြင်း။     ။ ပိုအိပ်တာပဲဖြစ်ဖြစ်၊ လုံလောက်အောင် မအိပ်တာပဲဖြစ်ဖြစ် အဝလွန်စေနိုင်ပါတယ်။ တစ်ရက်ကို ၁၀ နာရီနဲ့အထက် အိပ်တဲ့သူတွေဟာ ၆နှစ်အတွင်း အဝလွန်နိုင်ခြေ ၂၁ ရာခိုင်နှုန်း ပိုများပါသတဲ့။ ဒါပေမဲ့ ဒီထဲကိုတော့ နေ့စဉ်လုပ်နေကျ လှုပ်ရှားမှုတွေနဲ့ စားသောက်မှုပုံစံတွေ ထည့်စဉ်းစားဖို့ လိုပါတယ်။

    ခေါင်းကိုက်ခြင်း။ ။ ပုံမှန်ထက် ပိုအိပ်တဲ့သူတွေဟာ ခေါင်းကိုက်ခြင်း၊ ကျောနာခါးနာခြင်းတွေ ပိုဖြစ်စေနိုင်ပါတယ်။ ခေါင်းကိုက်တယ်၊ ခါးနာတယ်ဆိုရင် အိပ်ရာထဲမှာနေလို့ ပြောတဲ့ ခေတ်က ကျန်ခဲ့ပါပြီနော်။ ခေါင်းကိုက်၊ ခါးနာတယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ လိုအပ်တဲ့ ဆေးတွေရယူပြီးတဲ့အခါ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး အိပ်စက်ချိန် ပုံမှန်ထက် ပိုများနေရင် လျှော့ပါ။

    ကိုယ်ဝန်ရနိုင်ခြေ။           ။ ပုံမှန် ၇နာရီကနေ ၈နာရီကြား အိပ်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နိုင်ခြေ ပိုများပါတယ်။ ပုံမှန်အိပ်တဲ့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်နိုင်ခြေ ၅၃% ရှိပြီး တစ်ရက် ၆နာရီထက် လျှော့ပြီး အိပ်တဲ့သူတွေကတော့ ၄၆%သာ ရှိသလို တစ်ရက်ကို ၉နာရီကနေ ၁၁နာရီကြား အိပ်တဲ့သူတွေကတော့ ကိုယ်ဝန်ရနိုင်ခြေ ၄၃% သာ ရှိပါတယ်။

    လေဖြတ်နိုင်ခြေ။ ။ တစ်ရက်ကို ၉နာရီထက် ပိုအိပ်တဲ့သူတွေဟာ လေဖြတ်နိုင်ခြေ ၄၆% ပိုများပါတယ်။ ပုံမှန် အိပ်ချိန်မှန်သူတွေထက် လေဖြတ်နိုင်ခြေ ၄ဆပိုများပြီး ပုံမှန်အိပ်ချိန်ထက် ပိုပြီး အိပ်စက်ခြင်းဟာ လေဖြတ်ခြင်းရဲ့ အစောပိုင်း လက္ခဏာတွေတောင် ဖြစ်နေတတ်ပါသေးတယ်။

    ဒါကြောင့် ပုံမှန် အိပ်ချိန်ထက် ပိုပြီး အိပ်မိနေပြီဆိုရင် သတိထားပါ။

    ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေး ရှိသလိုပေါ့။ ကြိုးစားရမယ်ဆိုပြီး အိပ်ချိန်နည်းနည်းပဲ ယူပြီး အိပ်တာ မကောင်းသလို အိပ်တာက ကျန်းမာရေးအတွက် ကောင်းစေတာပဲဆိုပြီး ပုံမှန်ထက် ပိုအိပ်တာမျိုးကလည်း ကျန်းမာရေးကို ထိခိုက်စေတာပါပဲ။

    ပုံမှန်အိပ်၊ ပုံမှန်ထရင်း ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေ ဖန်တီးယူကြရအောင်ပါ။

    ရေးသားသူ – Wathun Myet Chal

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement