backup og meta

ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

    ငှက်ကလေး တွေဟာ အရောင်အသွေးစုံစုံလင်လင်နဲ့ ချစ်ဖို့ကောင်းပါတယ်။ အနီးစပ်ဆုံး တွေ့နေကျကတော့ ခိုလေးတွေပေါ့။ လူတွေနဲ့ ယဉ်လို့ လူတွေကလည်း ချစ်ကြတယ်။ ခိုစာကျွေးတာတွေ၊ ခိုအိမ်လေးတွေ ဆောက်ပေးထားတာတွေ လုပ်ကြတယ်။ အန္တရာယ်မရှိတဲ့ တိရိစ္ဆာန်လေးတွေလို့ ယူဆတော့ ကလေးတွေနဲ့လည်း နီးနီးကပ်ကပ်ပေးနေထားလေ့ရှိတယ်။

    ဒီချစ်စရာကောင်းတဲ့ ငှက်ကလေး တွေက နေရာအနှံ့မှာ မစင်တွေ လျှောက်ပြန့်ကျဲနေတာလိုမျိုး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ အရာတွေအပြင် ကြောက်စရာကောင်းတဲ့ တခြားရောဂါဆိုးတွေလည်း ဖြစ်ပေါ်စေတယ်ဆိုတာကို သင်သိပါသလား။ အခု လူမှုကွန်ရက်မှာ လူသိများနေတဲ့ ကလေးငယ်လေးဆုံးပါးသွားရတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်မျိုးဟာ ငှက်တွေကနေ သယ်ဆောင်နိုင်တဲ့ ရောဂါဆိုးတွေအကြောင်း သေချာဂရုပြုကာကွယ်တာတွေမလုပ်ဘူးဆိုရင် ထပ်ပြီး ဖြစ်ပွားနိုင်ပါတယ်။

    ဒါကြောင့် ခိုအပါအဝင် ကိုယ့်အနီးအနားဝန်းကျင်မှာရှိတဲ့ ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကနေ ဘယ်လိုရောဂါဆိုးတွေ ကူးစက်ခံရနိုင်လဲဆိုတာကို လေ့လာပြီး ကာကွယ်ထားဖို့ လိုအပ်ပါတယ်။

    ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

    Cryptococcosis ဆိုတာ မှိုရောဂါတစ်မျိုးဖြစ်ပြီး ဆွေးမြေ့နေတဲ့သစ်ခေါက်တွေနဲ့ ငှက်ချေးတွေမှာ အတွေ့များပါတယ်။ ဒီ သေးငယ်ပြီး မျက်စိနဲ့ မမြင်နိုင်တဲ့ မှိုတွေကို လေထဲကနေ တစ်ဆင့်ရှူမိလိုက်တာနဲ့တင် ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ အဆုတ်ရောင်တာ၊ ချောင်းဆိုးတာ၊ အသက်ရှူကျပ်တာတွေနဲ့ အဖျားတက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ရောဂါပိုးက ဦးနှောက်ကိုရောက်သွားပြီး ဦးနှောက်အမြှေးပါးရောင်စေခဲ့ရင် ခေါင်းကိုက်တာ၊ ကိုယ်ပူတာနဲ့ ဇက်ခိုင်တာတွေကို ဖြစ်စေပါတယ်။ သာမန်ကျန်းမာရေး ကောင်းနေတဲ့သူတွေဆို ဘာမှ မဖြစ်ပေမယ့် ခုခံအားနည်းနေတဲ့သူတွေဆိုရင် သတိထားသင့်ပါတယ်။

    ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

    • Histoplasmosis (Histoplasma capsulatum)

    Histoplasmosis ဆိုတာလည်း မှိုရောဂါတစ်မျိုးဖြစ်ပြီး ငှက်ချေးတို့၊ လင်းနို့ချေးတို့မှာ အများကြီးတွေ့ရတတ်ပါတယ်။ လေထဲက တစ်ဆင့်ကူးစက်တတ်ပြီး ကူးစက်ခံရတဲ့သူတွေမှာ ၃ရက်ကနေ ၁၇ ရက်အတွင်း အဆုတ်ရောင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး ၊ အသက်ရှူကျပ်၊ ကိုယ်ပူတာတွေဖြစ်တတ်ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတွေအတွက်တော့ မစိုးရိမ်ရပေမယ့် ခုခံအားနည်းတဲ့ အသက် ၆၅ နှစ် အရွယ်ကျော်နေတဲ့သူတွေ၊ မွေးကင်းစကလေးတွေ အတွက်ကတော့ Histoplasmosis ရောဂါက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခုပါ။

    • Psittacosis (Chlamydiophila psittaci)

    ဒါကတော့ ကြက်တူရွေး၊ သာလိကာနဲ့ ကြက်ဆင်စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေရဲ့ အညစ်အကြေးတွေနဲ့ သူတို့ရဲ့ အသက်ရှူလမ်းကြောင်းကထွက်တဲ့ အရည်တွေကနေကူးစက်တဲ့ ဘက်တီးရီးယားရောဂါ တစ်ခုပါ။ ဒီငှက်တွေ ကျန်းမာနေရင်တော့ ဘာမှ မဖြစ်ပေမယ့် avian chlamydiosis လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံနေရပြီဆိုရင်တော့ သူတို့နဲ့ တစ်အိမ်တည်းနေတဲ့ အိမ်သားတွေ အားလုံး သတိထားသင့်ပါတယ်။

    ဒီရောဂါဖြစ်နေပြီတဲ့ငှက်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ငှက်တွေအရင်လို မလန်းတော့တာ၊ မျက်စိကနေပြီးတော့ အရည်တွေထွက်နေတာ၊ ငှက်တွေ ဝမ်းလျှောနေတာ၊ အစားကျွေးလည်း မစားတော့တွေ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုက ငှက်တွေကိုက်တာ ခံရတာကြောင့်နဲ့တော့ ဒီရောဂါပိုးက မကူးစက်ပါဘူး။ ငှက်တွေရဲ့ အညစ်အကြေးတွေ ကိုင်တွယ်ပြီး လက်ကိုသေချာပြန်ပြီး မသန့်စင်တဲ့သူတွေဆီကိုသာ ကူးစက်နိုင်မှာ ဖြစ်ပါတယ်။ လူတွေဆီမှာဖြစ်နိုင်တဲ့ လက္ခဏာတွေကတော့ ချမ်းတုန်ပြီးဖျားတာ၊ ကိုယ်လက်ကိုက်ခဲပြီး ခေါင်းကိုက်နေတာ၊ ချောင်းခြောက် တွေဆိုးပြီး အသက်ရှူရခက်လာတာ တွေဟာ ရောဂါနဲ့ထိတွေ့ပြီး ၅ရက်ကနေ ၁၄ ရက်အတွင်းဖြစ်နိုင်တာတွေပါ။

    • Candidiasis

    Candidiasis ဆိုတာကတော့ ခိုတွေကနေ ကူးစက်တတ်တဲ့ မှိုရောဂါတစ်မျိုးပါ။ ဒီရောဂါဟာ လူတစ်ယောက်ရဲ့ အရေပြားခံတွင်း၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ မိန်းမကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါတစ်ခုပါ။

  • St. Louis Encephalitis

  • St. Louis Encephalitis ရောဂါဟာ ဒီရောဂါကိုဖြစ်စေတဲ့ ရောဂါပိုး အုပ်စု B ကူးစက်တာခံနေရတဲ့ စာကလေးတွေကနေ စတင်လာတာဖြစ်ပါတယ်။ ရောဂါဖြစ်နေတဲ့ စာကလေးတွေရဲ့ သွေးကို စုပ်ထားတဲ့ ခြင် တွေ လူတွေကို ပြန်ကိုက်ရာမှ ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါဟာ ဦးနှောက်နဲ့ အာရုံကြောကို ဒုက္ခပေးပြီး ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ အကြောသေတာ၊ ကိုမာဝင်တာနဲ့ အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်ခုပါ။ အသက် ၆၅ နှစ်အထက်လူကြီးတွေကို ကူးစက်သွားရင် အသက်ဆုံးရှုံးစေတဲ့အထိ ပြင်းထန်တဲ့ ရောဂါ တစ်ခုပါ။

    • Salmonellosis

    Salmonellosis ဆိုတာ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒီရောဂါပိုးကို စာကလေး၊ ဇရက်နဲ့ ခိုတွေရဲ့ အညစ်အကြေးတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ခေါင်မိုးနဲ့ အထပ်ခိုးတွေမှာ ရှိနေတဲ့ခိုတွေရဲ့ အညစ်အကြေးကနေ အဲယားကွန်းတွေ၊ လေသန့်စက်တွေကတစ်ဆင့် ရောဂါပိုးပြန့်သွားပြီး အစာတွေဆီကို ရောက်သွားလို့ စားမိတဲ့သူတွေကို အစာအဆိပ်သင့်ခြင်း ဖြစ်စေပါတယ်။

    ချစ်ဖို့ကောင်းတဲ့ ငှက်ကလေး တွေဆီက ကြောက်စရာကောင်းတဲ့ ရောဂါများ

    • E-coli

    E-coli ဆိုတာ ဝမ်းကိုက် ရောဂါကိုဖြစ်စေတတ်ပြီ ငှက်တိုင်းရဲ့ အညစ်အကြေးမှာ ပါလေ့ရှိတဲ့ ဘက်တီးရီးယား တစ်မျိုးပါ။ ငှက်တွေရဲ့ အညစ်အကြေးကို ကိုင်မိပြီး လက်ကိုသေချာပြန်မဆေးတာတို့၊ သစ်ပင်အောက်မှာ အစာစားနေရင်း စားနေတဲ့ အစားအစာထဲကို ငှက်ချေးစင်သွားတာတို့ ၊ ထမင်းဟင်းချက်ပြုတ်တဲ့နားမှာ ငှက်တွေ အများကြီးရှိနေတာတွေက ဝမ်းပျက်တာကိုဖြစ်စေတဲ့ E-coli ရောဂါပိုးကို ဖိတ်ခေါ်နေသလို ဖြစ်နေတတ်ပါတယ်။

    ဒါတွေကတော ငှက်ကလေး တွေကနေတစ်ဆင့် လူဆီကို အများဆုံး ကူးစက်တတ်တဲ့ ရောဂါတွေ အကြောင်းပါ။

    လေထဲမှာနေတဲ့အကောင် အိမ်တွေရဲ့ မြင့်တဲ့နေရာမှာ နေတတ်တဲ့အကောင်ဆိုတော့ သူ့ရဲ့မစင်တွေ သူနဲ့အတူပါလာတဲ့ ပိုးမွှားတွေကလည်း အပေါ်ကနေအောက်ကိုဖြစ်ဖြစ် လေထုထဲမှာဖြစ်ဖြစ် ပျံ့နှံ့နေပြီး ကူးစက်ဖို့ အရမ်းအခွင့်အရေးများနေပါတယ်။

    ကျန်းမာနေတဲ့ သူ၊ ခုခံအားကောင်းနေတဲ့ သူတစ်ယောက်ဆီကိုတော့ ရောဂါပိုးတွေ မဝင်နိုင်ဘူးဆိုပေမယ့် ခုခံအားနည်းနေတဲ့သူတွေဆီ ဝင်သွားရင်တော့ အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဒုက္ခပေးနိုင်တဲ့ ရောဂါတွေပါ။ နောက်တစ်ခု အရေးကြီးတာက ကိုယ့်ပတ်ဝန်းကျင်မှာ ငှက်တွေ အစုလိုက် နာနေတာ၊ သေနေတာမျိုးတွေ တွေ့ရင် နီးစပ်ရာ ကျန်းမာရေး ဌာနကို အမြန်ဆုံး သတင်းပို့ဖို့ဖြစ်ပါတယ်။ ကျေးငှက်တွေနဲ့ လူတွေဆိုတာလည်း ပတ်ဝန်းကျင်မှာ ကင်းကွာပြီး နေထိုင်လို့ မရတာကြောင့် တစ်ခုခုဖြစ်လာရင် အသိဉာဏ်မရှိတဲ့ တိရိစ္ဆာန်တွေကို အပြစ်တင်နေမယ့်အစား အသိဉာဏ်ရှိတဲ့ ကိုယ်တွေကပဲ ကြိုတင်ကာကွယ်ကြဖို့ လိုအပ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 05/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement