brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဒူးရင်းဩဇာရွက် ရေနွေးကြမ်း

ဒူးရင်းဩဇာသီးက စားလို့ရတယ်၊ အာဟာရ ကြွယ်ဝသလို ဆေးဖက်လည်း ဝင်တယ်ဆိုတကို တော်တော်များများက သိထားပြီး ဖြစ်ပေမယ့် ဒူးရင်းဩဇာရွက် ကိုအခြောက်ခံ​ပြီး ရေနွေးကြမ်းလို သောက်လို့ရတယ်။ ဒီလို သောက်တာက ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ဆိုတာကို သိသူ ရှားမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ဒူးရင်းဩဇာရွက်ကို အခြောက်ခံပြီး ရေနွေးလုပ်သောက်တာကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

ဒူးရင်းဩဇာရွက် ရေနွေးကြမ်း

ဒုးရင်းဩဇာရွက်မှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

ဒူးရင်းဩဇာရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • သံဓာတ်
  • ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ
  • ကယ်လ်ဆီယမ်
  • အမျှင်ဓာတ်
  • ပရိုတင်း
  • ဗီတာမင် A
  • ဗီတာမင် C
  • ဗီတာမင် E
  • ဗီတာမင် K တို့ ပါဝင်နေပါတယ်။
  • ဒူးရင်းဩဇာရွက် ရေနွေးကြမ်း နဲ့ ကျန်းမာရေး

    ဒူးရင်းဩဇာရွက်ကို ရေနွေးကြမ်း လုပ်သောက်မယ်ဆိုရင်

    အိပ်ပျော်စေတယ်

    ဒူးရင်းဩဇာရွက်ကို ရှေးယခင်ကာလတွေကတည်းက အိပ်မပျော်တာကို သက်သာစေဖို့အတွက် အသုံးပြုခဲ့တာပါ။ ကြွက်သားတွေကို ပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေ နိုင်ပါတယ်။ ညအိပ်ရာ မဝင်ခင်မှာ ဒူးရင်းဩဇာရွက် ရေနွေးကြမ်း တစ်ခွက်လောက် သောက်ပေးမယ်ဆိုရင် အိပ်ပျော်စေမှာပါ။

    ဆီးချို သက်သာစေတယ်

    ဒူးရင်းဩဇာရွက်က သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ စားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေကို သကြားဓာတ် အဖြစ် မပြိုကွဲအောင် ဟန့်တားပေးတဲ့ အင်ဇိုင်းတစ်ခု ပါဝင်နေတာကြောင့် ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။

    ကင်ဆာ ကုသမှုမှာ အထောက်အကူပြုပေးတယ်

    လေ့လာမှုတွေအရ ဒူးရင်းဩဇာရွက်မှာ ရင်သား ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အဆုတ် ကင်ဆာ၊ အူမကြီး ကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ သားအိမ် ကင်ဆာ၊ ခံတွင်း ကင်ဆာ နဲ့ အရေပြား ကင်ဆာတွေကို သက်သာစေနိုင်တဲ့ အာနိသင်တွေ ပါဝင်နေတယ်၊ လို့ တွေ့ရှိရပါတယ်။ ကင်ဆာ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ကာကွယ်ဖို့ရော ကုသဖို့ပါ ဒူးရင်းဩဇာရွက်ရေနွေးကြမ်းကို သုံးဆောင်ပေးလို့ ရပါတယ်။

    အဆစ်ရောင်နာကို သက်သာစေတယ်

    အသက်အရွယ် ကြီးရင့်လာတဲ့အခါ ခံစားရလေ့ရှိတဲ့ အဆစ်တွေ နာကျင်တာကို သက်သာစေဖို့လည်း ဒူးရင်းဩဇာရွက် ရေနွေးကြမ်းကို သောက်သုံးပေးလို့ ရပါတယ်။ ဒူးရင်းဩဇာရွက်က နာကျင်မှုတွေကို သက်သာစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ဒါ​ကြောင့် အဆစ်တွေ နာမယ်ဆိုရင် တစ်နေ့ကို ဒူးရင်းဩဇာရွက် ရေနွေးကြမ်း ၂ ခွက်လောက် သောက်ပေးလို့ရပါတယ်။

    ပါးစပ်ထဲက အနာကို သက်သာစေတယ်

    ဒူးရင်းဩဇာရွက်က ပါးစပ်ထဲမှာ ပေါက်တဲ့ အနာတွေကိ သိသိသာသာ သက်သာစေပြီး ရောင်ရမ်းတာကိုရော နာကျင်တာကိုပါ သက်သာစေနိုင်ပါတယ်။ ကိုယ်ခံအားကို ကောင်းစေပြီး အနာကျက် မြန်စေပါတယ်။

    နောက်ထပ် အားသာချက် တစ်ခုက ဒူးရင်းဩဇာရွက်ရေနွေးကြမ်းက အခြား ရေနွေးကြမ်းတွေလို ကဖင်း လုံးဝ မပါဝင်တာကြောင့် ကဖင်းကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာ၊ သံဓာတ် အားနည်းတာမျိုး ဖြစ်မှာကိုလည်း ပူစရာမလိုပါဘူး။ ရေနွေး ဆူဆူထဲကို အခြောက်ခံထားတဲ့ ဒူးရင်းဩဇာရွက်ကို ထည့်ပြီး သုံးဆောင်ရုံပါ။

    ဘယ်သူတွေ မစားသင့်ဘူးလဲ။

    ဒူးရင်းဩဇာရွက်က ဆေးဖက်ဝင်တာ မှန်ပေမယ့်

    • သွေးပေါင်ကျတတ်သူတွေ
    • သွေးတွင်းသကြားဓာတ် နည်းသူတွေ
    • ရောဂါအခံ တစ်ရပ်ရပ် ရှိသူတွေ
    • ရောဂါအခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန် နဲ့ တိုင်ပင်ပြီးမှ စားပေးဖို့ အကြံပြုပါရစေ။
    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/07/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။