brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Baby Corn နဲ့ ကျန်းမာရေး

အစိမ်းကြော်ပဲစားစား၊ ထမင်းပေါင်းပဲစားစား၊ ဟင်းချို အပါအဝင် စားစရာ တော်တော်များများမှာ ထည့်သွင်းတတ်ကြပြီး စားရတာ အရသာရှိတဲ့ ပြောင်းဖူး သေးသေးလေး Baby Corn က ဘယ်လို အာဟာရဓာတ်တွေပါလို့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။

Baby Corn နဲ့ ကျန်းမာရေး

Baby Corn ဆိုတာ ဘာလဲ………….

အဝါရောင်ခပ်ဖျော့ဖျော့ရှိပြီး စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ စည်သွပ်ဗူးတွေ ရှိသလို ရိုးရိုးအလွတ် baby corn လေးတွေလည်း ရှိပါတယ်။ ထမင်းကြော်၊အစိမ်းကြော်ကစလို့ ဟော့ပေါ့ နဲ့ မာလာရှမ်းကောအဆုံး စားစရာ တော်တော်များများမှာ ထည့်စားတတ်ကြပါတယ်။

Baby Corn နဲ့ ကျန်းမာရေး

Baby Corn နဲ့ ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်စို့နော်။

ကယ်လ်လိုရီ ပါဝင်မှု နည်းတယ်

Baby corn က ကယ်လ်လိုရီ ပါဝင်မှု တော်တော်လေး နည်းပါတယ်။ Baby Corn ၁၀၀ ဂရမ်မှာ ကယ်လ်လိုရီ ပါဝင်မှုက ၂၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အသီးအရွက် ကြိုက်တတ်သူတွေ အတွက်တော့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးမယ့် စားစရာ တစ်ခုပေါ့။

ဝိတ်ချချင်သူတွေ အကြိုက်စားလို့ရတဲ့ အသီးအနှံတစ်ခုပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာလည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတယ်

Baby Corn က အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ စားစရာတစ်မျိုးပါ။ သိပ် မရင့် မနုဖို့တော့ လိုပါမယ်။ ဒါမှ လုံလောက်တဲ့ အမျှင်ဓာတ် ပြည့်ဝစွာ ပါဝင်မှာပါ။

Baby Corn မှာပါတဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေနိုင်ပါတယ်။ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝမှုက အဆာခံစေနိုင်ပြီး အဆီများတဲ့ အစားအစာတွေ မစားဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းတယ်

ပြောင်းဖူးက ကစီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များပေမယ့် Baby Corn က တော့ ကစီဓာတ် ပါဝင်မှု နည်းပါတယ်။ Baby Corn ၂၈ ဂရမ်မှာ ကစီဓာတ် ၀.၉ ဂရမ်ပဲ ပါဝင်နေတာပါ။ အဆီဓာတ် ပါဝင်မှု နည်းလွန်းတာကြောင့် ဝိတ်ချနေသူတွေအတွက် အထူးသင့်တော်ပါတယ်။

အာဟာရ ပါဝင်မှု များတယ်

Baby Corn က အခြား ဟင်းသီးဟင်းရွက်တွေနဲ့ နှိုင်းစာရင် အာဟာရ တော်တော်လေး ကြွယ်ဝပါတယ်။ Baby Corn မှာ ပရိုတင်း နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

Baby Corn ပန်းကန်တစ်ဝက်စာမှာ တစ်နေ့တာ ဗီတာမင် A လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်း၊ တစ်နေ့တာ သံဓာတ် လိုအပ်ချက်ရဲ့ ၄ ရာခိုင်နှုန်း နဲ့ တစ်နေ့တာ ဗီတာမင် C လိုအပ်ချက်ရဲ့ ၂ ရာခိုင်နှုန်း အထိပါဝင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

Baby corn မှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို အူနံရံတွေက ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အထောက်အကူပြုပေးသလို အစာကြေစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

အမြင်အာရုံ ကျန်းမာစေတယ်

ဝါဖန့်ဖန့် Baby corn လေးမှာ ပြောင်းဖူးထက်မနည်းတဲ့ carotenoids ပါဝင်နေပါတယ်။ ဒီ carotenoids က မျက်လုံးကို ကျန်းမာစေပြီး အတွင်းတိမ် ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

အမြင်အာရုံကောင်းပြီး မျက်လုံး ကျန်းမာစေဖို့ဆိုရင် Baby corn စားပေးပါ။

 Folate ကြွယ်ဝစွာ ပါဝင်ပါတယ်

Baby corns မှာ ဖောလိတ် ကြွယ်ဝစွာပါဝင်နေပါတယ်။ ဖောလစ်အက်ဆစ်က ဘေဘီလေးတွေမှာ အာရုံကြော ပြဿနာ ကင်းစေဖို့ အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေ စားလို့ရသလို အစားစစားမယ့် ဘေဘီလေးတွေကိုလည်း ကျွေးပေးလို့ ရပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 21/07/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။