backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပီလောပီနံ က ပေါင်းစားလို့ကောင်းသလို ပြုတ်စားလည်း အရသာရှိပါတယ်။ ပီလောပီနံပြန်ပေါင်းဆိုရင်လည်း ဆိမ့်ဆိမ့် စေးစေးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ပီလောပီနံက ဘယ်လို ကျန်းမာရေး အာနိသင်တွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ပီလောပီနံ ဆိုတာ

ပီလောပီနံ ဆိုတာ ကန်စွန်းဥအာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။

ပီလောပီနံမှာ ဘာတွေပါ

ပီလောပီနံမှာ ပြည့်ဝဆီ ပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။ အမျှင်ဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ကိုလက်စထရောနဲ့ ပရိုတင်းတို့လည်း ပါဝင်ပါတယ်။

အခြား အာဟာရဓာတ်တွေအနေနဲ့ ဗီတာမင် B အုပ်စု၊ ဖောလိတ်၊ ဗီတာမင် B6၊ သံဓာတ်၊ မဂ္ဂနိ့၊ကယ်လ်ဆီယမ်၊ ကော့ပါး၊ ဆီလီနီယမ်တို့ ပါဝင်ပါတယ်။

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပီလောပီနံကို စားပေးတာက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေတယ်

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရရှိစေဖို့ ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။ ပီလောပီနံမှာ နေ့စဉ် လိုအပ်တဲ့ ကာဗိုဟိုက်ဒရိတ် ပမာဏရဲ့ ၄၅ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဒါကြောင့် ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တိုးစေချင်တယ်ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။

မွေးရာပါ ချို့ယွင်းချက် မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

လေ့လာမှုတွေအရ ပီလောပီနံမှာ ဖောလစ်အက်ဆစ် အပါအဝင် ဗီတာမင် B အုပ်စု ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ မွေးရာပါ ချို့ယွင်းမှု မပါစေဖို့ ကာကွယ်ပေးနိုင်မှာပါ။

အစာကြေစေနိုင်တယ်

ပီလောပီနံမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေပါတယ်။ လေပွတာ၊ အစာအိမ် နာတာမျိုး မဖြစ်စေဖို့လည်း ကူညီပေးပါတယ်။

နောက်ထပ် အားသာချက် တစ်ခုက အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်  သွေးကြောနံရံတွေက အဆီတွေကို ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေပြီး နှလုံး ကျန်းမာစေပါတယ်။ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

ပရိုတင်း ပြည့်ဝစေပါတယ်

ပရိုတင်းက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရပါ။ ပီလောပီနံမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ် ပါဝင်နေပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့ ထောက်ကူပေးသလို ကြွက်သားတွေကို ဖွံ့ဖြိုးစေသလို ကြီးထွားစေပါတယ်။ အနာကျက်စေဖို့လည်း ထောက်ကူပေးပါသေးတယ်။

အရိုးတွေ သန်မာစေတယ်

ပီလောပီနံမှာ အရိုးတွေ သန်မာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ကယ်လ်ဆီယမ်၊ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အရိုးတွေက အသက်အရွယ်ရတာနဲ့အမျှ အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားရပါတယ်။ အကြောင်းကတော့ အသက်ရလာတာနဲ့ အမျှ အရိုးထဲက သတ္တုဓာတ်တွေ ကျဆင်းလာတာကြောင့်ပါ။

ဒါကြောင့် အသက်အရွယ်ရလာလည်း အရိုးသန်မာစေဖို့ဆိုရင် ပီလောပီနံ စားပေးလို့ ရပါတယ်။

အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ကာကွယ်ပေးတယ်

ဗီတာမင် K ပါဝင်နေတာက အရိုးတွေကိုတင် ကျန်းမာစေတာ မဟုတ်ပါဘူး။ စိတ်ကိုပါ ကျန်းမာစေပါတယ်။ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတာကြောင့် အယ်လ်ဇိုင်းမား မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက်ဆဲလ်တွေ မပျက်စီးစေဖို့ ထောက်ကူပေးပါတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

ပီလောပီနံမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ပီလောပီနံမှာ ပိုတက်ဆီယမ် နဲ့ အခြားပါဝင်နေတဲ့ သတ္တုဓာတ်တွေက သွေးကြောတွေရဲ့ တင်းအားကို လျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် နှလုံးသွေးကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဘာတွေ သတိထားရမလဲ

ပီလောပီနံကို သံပုရာသီး အပါအဝင် အချဉ်ကဲတာတွေနဲ့ တွဲဖက်စားတာမျိုး မလုပ်ပါနဲ့။ ဆေးသောက်နေရသူတွေ၊ ကျန်းမာရေးပြဿနာ အခံရှိသူတွေ ဆရာဝန်နဲ့ အရ်တိုင်ပင်ဖို့ လိုပါမယ်။ အခွံကို သေချာ ဖယ်ပြီးမှ စားသုံးသင့်ပါတယ်။

ဘယ်သူတွေ မစားသင့်ဘူးလဲ

ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မခင်တွေ၊ ကလေငယ်လေးတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေ၊ ရောဂါအခံရှိသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement