backup og meta

အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)

    အစာအိမ်နဲ့ အူလမ်းကြောင်း ဆိုတာက ဘက်တီးရီးယားတွေ ရှိနေကြပဲလေ။ ဒါအဆန်းတော့ မဟုတ်ဘူးမလားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်။ တချို့ဘက်တီးရီးယားတွေဆို အူလမ်းကြောင်းကို ကျန်းမာစေတဲ့ ကောင်းကျိုးပြုဘက်တီးရီးယားတွေပါ။ ခုပြောမှာက နဂိုရှိရမယ့် ဘက်တီးရီးယားတွေလည်း မဟုတ်၊ ရှိသင့်ရှိထိုက်တဲ့ ပမာဏထက်လည်း ပိုများပြီး လူကို ဒုက္ခပေးနိုင်တာမျိုးပါ။ ပြီးတော့ အူသိမ်ပိုင်းမှာ တွေ့ရတဲ့ ဘက်တီးရီးယားတွေပါ။ ဒါကို အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း ( SIBO)  – Small Intestinal Bacterial Overgrowth (SIBO)လို့ ခေါ်ပါတယ်။

    အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များပြားလာခြင်း အကြောင်းရင်း

    အဓိကကတော့ အူသိမ်က ကောင်းကောင်း မလှုပ်တာကြောင့် အစာခြေတာနောက်ကျပြီး ဘက်တီးရီးယားတွေ ပေါက်လာတာပါ။ မြင်အောင် ပြောရရင် အပြင်မှာ ထမင်းဟင်းတွေကို အချိန်အကြာကြီး ထားထားရင် သိုးသွားသလိုပါပဲ။ အူမလှုပ်နိုင်တဲ့ အကြောင်းရင်းတွေကတော့ အများကြီး ဖြစ်နိုင်ပါတယ်။

  • ဝမ်းဗိုက်ခွဲစိတ်မှုရဲ့ နောက်ဆက်တွဲ ပြဿနာ – ခွဲစိတ်မှုတွေလှုပ်တဲ့အခါ အူကို ကိုင်တွယ်ရပါတယ်။ ဒီဒဏ်ကြောင့် ခွဲစိတ်ပြီးချိန်မှာ အူအလှုပ်နှေးသွားတာ ဖြစ်နိုင်ပါတယ်။
  • အူကိုယ်တိုင်က ပုံစံမမှန်တာ – အူမျာ အနာရွတ်တွေ ရှိနေမယ်၊ အူကပ်နေမယ်၊ Diverticulosisလို့ ခေါ်တဲ့ အူထဲကို အတက်လေးတွေ ထွက်နေတဲ့ ရောဂါမျိုး ရှိနေရင်လည်း ဖြစ်တတ်ပါတယ်။
  • တခြားရောဂါတွေရှိရင် ဥပမာ – ခရုန်း အူမကြီးရောဂါ၊ ရောင်ခြည်ပြပြီးနောက် အူရောင်တာ၊ ဆီးချိုရောဂါ၊ celiac disease စတာတွေမှာလည်း အူလှုပ်ရှားမှု ထိခိုက်တတ်ပါတယ်။
  • ဘာလို့ အူသိမ်မှာမှ ဖြစ်ရတာလဲ။

    အစာခြေစနစ်မှာ အူသိမ်က အရှည်ဆုံးပါပဲ။ ပေ ၂၀နည်းပါးလောက်ရှိပါတယ်။ သူ့အလုပ်က စားလိုက်တဲ့ အစာတွေနဲ့ အစာခြေရည်တွေကို ရောပြီး အစာခြေ၊ ရလာတဲ့ အာဟာရဓာတ်တွေကို သွေးထဲကို ရောက်အောင် စုပ်ယူပေးရတာပါ။

    အူမကြီးနဲ့ မတူတာက အူသိမ်က နဂိုတည်းက ဘက်တီးရီးယား နည်းပါတယ်။ အဓိကကတော့ သည်းခြေရည်ရှိနေတာကြောင့်ရယ်၊ အစာတွေကို မြန်မြန်ခြေပြီး မြန်မြန်စုပ်ယူသွားတဲ့အတွက် ဘက်တီးရီးယားတွေ ပေါက်ဖို့ အချိန်မရှိလို့ပါပဲ။

    SIBOမှာကျတော့ အူကကောင်းကောင်း မရွေ့တဲ့အတွက် အစာတွေကို ခြေတာကြာတာကြောင့် ပိုးပေါက်ဖို့ အချိန်ရလာပါတယ်။ ပိုးတွေ ပေါက်လာပြန်တော့လည်း အဆိပ်အတောက်တွေ ထုတ်တာကြောင့် အာဟာရတွေ စုပ်ယူတဲ့ နေရာမှာ အနှောင့်အယှက်ဖြစ်ပါတယ်။ ဘက်တီးရီးယားတွေက အစာတွေကို အချဉ်ပေါက်စေတာကြောင့် သိပ်မကြာခင်မှာပဲ ဝမ်းလျှောလာပါတော့တယ်။

    ဘာလက္ခဏာတွေ ခံစားရမှာလဲ။

    • အစားအသောက်ပျက်တာ
    • ဗိုက်အောင့်တာ
    • ပျို့တာ
    • လေပွတာ
    • စားပြီးရင် ရင်ခေါင်းတောင့်နေတာ
    • ဝမ်းလျှောတာ
    • အလိုလိုနေရင်း ပိန်သွားတာ
    • အာဟာရချို့တဲ့လာတာ စတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။

    ဒီလက္ခဏာတွေက တခြားရောဂါတွေနဲ့ ခပ်ဆင်ဆင်ဖြစ်နေတာကြောင့် သိပ်ပြီး သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့်

    • ရက်အတန်ကြာအောင် ဘာကြောင့်မှန်း မသိ ဝမ်းလျှောနေရင်
    • တစ်နေ့တခြား အာဟာရမဖြစ်ဘဲ ပိန်ပိန်လာရင်
    • ရက်အတော်ကြာအောင် ဗိုက်အောင့်နေရင် ဆရာဝန်နဲ့ ပြဖို့ အကြံပေးချင်ပါတယ်။ အထူးသဖြင့် အပေါ်ကလိုမျိုး ဖြစ်စေတဲ့ အကြောင်းရင်းတွေ ရှိနေရင် ပိုတောင် သတိထားသင့်ပါတယ်။

    အူထဲက များပြားလွန်းတဲ့ ဘက်တီးရီးယားတွေကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

    အဓိကကတော့ အပြင်က ဘယ်လောက်စားနေနေ အူက သူ့အလုပ်ဖြစ်တဲ့ အာဟာရစုပ်ယူတဲ့ အလုပ်ကို မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် တဖြည်းဖြည်း အာဟာရချို့တဲ့ လာပါတော့တယ်။

    • ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်းနဲ့ အဆီဓာတ် စုပ်ယူမှု နည်းလာတာ

    နဂိုအစာတွေကို ခြေဖျက်ပေးနေတဲ့ သည်းခြေရည်တွေကို ဘက်တီးရီးယားတွေက ဖျက်ဆီးလိုက်တဲ့အတွက် အစာကောင်းကောင်း မခြေနိုင်တော့ပါဘူး။ ဒါကြောင့် စုပ်ယူလို့ ရတဲ့ ပုံစံဖြစ်မလာတော့ပါဘူး။ ဒါ့ပြင် ဘက်တီးရီးယားတွေက အူနံရံတွေကို ထိခိုက်စေတဲ့အတွက် အာဟာရစုပ်ယူမှု လျော့နည်းသွားပါတယ်။

    ဒါ့ပြင် ဘက်တီးရီးယားတွေက လူစားလိုက်တဲ့ အစားအစာတွေကို သူတို့ အသက်ရှင်ဖို့ အသုံးချပစ်ပါတယ်။ ဘက်တီးရီးယားတွေက အစာတွေကို ခြေဖျက်ပစ်ပြီး ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေက ဝမ်းလျှောစေပါတယ်။ ဒီအချက်တွေကြောင့် လူမှာ ဝမ်းလျှောတာ၊ အာဟာရချို့တဲ့တာ၊ ပိန်သွားတာ စတာတွေ ခံစားရပါတယ်။

  • ဗီတာမင် ချို့တဲ့တာ
  • အဆီတွေကို ကောင်းကောင်း မခြေဖျက်ရတဲ့အတွက် နောက်ဆက်တွဲအနေနဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေ စတာတွေပါ ချို့တဲ့လာပါတယ်။ ဒါ့ပြင် ဘက်တီးရီးယားတွေက သူတို့တွေ ကောင်းကောင်းပွားနိုင်ဖို့ ဗီတာမင် B12ကို ယူသုံးပါတယ်။ ဒါကြောင့် ဗီတာမင် B12ပါ ချို့တဲ့လာပြီး အာရုံကြောတွေ ထိခိုက်တာကြောင့် ထုံတာ၊ ကျဉ်တာ၊ ကြွက်သားတွေ အားနည်းတာ၊ နုံးတာ၊ နောက်ဆုံး သတိမကောင်းတော့တာအထိ ဖြစ်လာပါတယ်။

    • အရိုးပွတာ

    အချိန်ကြာလာတာနဲ့အမျှ အူက ကယ်လ်ဆီယမ်စုပ်ယူမှု အားနည်းလာတာကြောင့် အရိုးတွေပွလာတတ်ပါတယ်။

    • ဆီးကျောက်တည်တာ

    ကယ်လ်ဆီယမ် စုပ်ယူမှု အားနည်းတာကြောင့်ပဲ ကြာလာရင် ဆီးကျောက်တည်တဲ့အဆင့်ပါ ရောက်သွားနိုင်ပါတယ်။

    SIBOကို ဘယ်လို စစ်ဆေးသိရှိနိုင်မလဲ။

    အရင်ဆုံးတော့ ဆရာဝန်က သင်ခံစားရတဲ့ ရောဂါရာဇဝင်ကို မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်မှာပါ။ ပြီးမှ လိုအပ်တာတွေ ဆက်ပြီး စစ်ဆေးမှာပါ။ စစ်လေ့ရှိတာတွေကတော့

    • Breath testing

    သကြားရည်ကို သောက်ခိုင်းပြီး အသက်ရှူထုတ်တဲ့ထဲမှာ ဟိုက်ဒရိုဂျင် ဒါမှမဟုတ် မီသိန်း ဘယ်လောက်ပါလဲဆိုတာကို စစ်ဆေးတာပါ။ သကြားကို ဘက်တီးရီးယားက ဖြိုခွဲလိုက်တဲ့အခါ ဟိုက်ဒရိုဂျင်တွေ မီသိန်းတွေ အများကြီး ထွက်လာပါတယ်။

    • အူသိမ်ထဲက အရည်ကို ထုတ်ယူစစ်ဆေးခြင်း

    အကောင်းဆုံး စစ်ဆေးနည်းပါပဲ။ အူသိမ်ထဲကို မှန်ပြောင်းထည့်ပြီး အရည်ကိုယူ၊ ဓာတ်ခွဲခန်းမှာ ပိုးမွေးကြည့်တာပဲ ဖြစ်ပါတယ်။

    ဒါတွေအပြင် အူပုံစံမမှန်လို့ SIBOခံစားရတာလားဆိုတာ သိနိုင်ဖို့ ဓာတ်မှန်၊ ကွန်ပျုတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန် စတာတွေကို လိုအပ်ရင် စစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။

    SIBOကို ဘယ်လို ကုသနိုင်သလဲ။

    ဖြစ်ရတဲ့ အကြောင်းရင်းကိုလည်းကု ဝေဒနာတွေ သက်သာအောင်လည်း ကုပေးရပါတယ်။ အူပုံစံမမှန်တာကြောင့်ဆိုရင် လိုအပ်ရင် ခွဲစိတ်ပြုပြင်ရပါမယ်။ ဝေဒနာတွေ သက်သာအောင်တော့ ပိုးသတ်ဆေးတွေပေးတာ၊ အာဟာရထောက်ပံ့တာ စတာတွေ လုပ်ပေးပါတယ်။

    • ပိုးသတ်ဆေးများပေးခြင်း

    အများစုအတွက်ကတော့ ပိုးသတ်ဆေးပေးတာက အဓိကပါပဲ။ ပိုးသတ်ဆေးတွေကို ပေးလိုက်ရင် ဘက်တီးရီးယားတွေ နည်းသွားတာ မှန်ပေမယ့် ရပ်လိုက်ရင် ပြန်များလာတတ်ပါတယ်။ ဒါကြောင့် ရက်အပြည့်သောက်ရပါမယ်။ ဖြစ်ရတဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ပိုးသတ်ဆေးကို သောက်ရတဲ့ ကြာချိန် ကွာသွားနိုင်ပါတယ်။

    ဆေးယဉ်ပါး မဖြစ်အောင် ကြားထဲမှာ ပိုးသတ်ဆေးတွေကို လှည့်ပြီး ပြောင်းသုံးရတာမျိုးလည်း ရှိနိုင်ပါတယ်။ ပိုးသတ်ဆေးက ကောင်းတဲ့ပိုးရော၊ မကောင်းတဲ့ ပိုးရော ရှင်းထုတ်ပစ်တဲ့အတွက် ကောင်းကျိုးပြုဘက်တီးရီးယားတွေ ပါပါပြီး ဝမ်းလျှောတတ်ပါတယ်။ ဒါကြောင့် ဆေးသောက်ရင်း ဝမ်းလျှောလာရင် ဆရာဝန်ကို ပြန်ပြောပြပါ။

    • အာဟာရထောက်ပံ့ခြင်း

    လူနာတွေက ပိန်ပြီး အာဟာရချို့တဲ့နေတဲ့အတွက် အာဟာရထောက်ပံ့တာက လုပ်ပေးရမှာပါ။ တချို့က ရောဂါကျွမ်းပြီးမှ ရောက်လာတဲ့ အတွက် အာရုံကြောတွေထိခိုက်ပြီးသား ဖြစ်နေပါပြီ။ ဥပမာ ဗီတာမင် B12ချို့တဲ့တာမျိုးပေါ့။ ဒါဆိုရင်တော့ ဗီတာမင် ပြန်ဖြည့်ပြီးရင်တောင် အာရုံကြောတွေ ပြန်ကောင်းလာဖို့ မသေချာပါဘူး။ ဒါကြောင့် စောစောသိဖို့ လိုပါတယ်။

    အာဟာရဖြည့်တင်းရတဲ့ ရည်ရွယ်ချက်ကတော့ ဗီတာမင်တွေ ပြန်ပြည့်လာဖို့ရယ်၊ ကိုယ်အလေးချိန် ပြန်တက်ဖို့ရယ်၊ အူကို ဝန်မပိစေဖို့ရယ် ရည်ရွယ်ပါတယ်။ ဒါကြောင့် အားဆေးတွေ တိုက်တာ၊ ထိုးတာ လုပ်ပေးပါတယ်။ အူကို မထိခိုက်စေတဲ့ အာဟာရတွေ (ဥပမာ လက်တို့မပါတာတွေ၊ အူထိခိုက်ထားတဲ့အတွက် လက်တို့စ်ကို ခြေဖျက်ဖို့ ခက်ခဲနေပါတယ်။ ) ပေးပြီး အားပြန်မွေးရပါတယ်။

    Takeaways

    အူသိမ်ထဲမှာ ဘက်တီးရီးယားတွေ အဆမတန်များလာခြင်းက ကြာလာလေလေ လူအတွက် ထိခိုက်မှု များလေလေပါပဲ။ ကိုယ့်မှာ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေလည်း ရှိနေတယ်။ ခံစားရတဲ့ လက္ခဏာတွေကလည်း ကိုက်ညီနေတယ်ဆိုရင် အချိန်မဆွဲဘဲ ဆရာဝန်နဲ့ ပြသဖို့ အကြံပေးလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 30/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement