အနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာပါ။ ဒီအသားတွေက ကြည့်လိုက်ရင် ရဲနေတော့ လွယ်လွယ်ကူကူ အနီရောင် အသားလို့ ခေါ်တာပါ။ ဒီလို နီနေရတာက Myoglobinလို့ ခေါ်တဲ့ သံဓာတ်ပါတဲ့ ပရိုတင်းတစ်မျိုး ပါလို့ပါ။ ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့ အကြံပေးလေ့ရှိပါတယ်။ ဒါဟာ ဘာကြောင့်များပါလဲ။
အနီရောင်အသား က ကျန်းမာရေးအတွက် မကောင်းဘူးလား။
လေ့လာချက်တွေအရတော့ အနီရောင်အသား စားသုံးမှုနဲ့ နှလုံးရောဂါ၊ အူမကြီးကင်ဆာ၊ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်တက်မှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စျေးထဲမှာ ရောင်းတဲ့ လတ်လတ်ဆတ်ဆတ် အနီရောင် အသားတွေထက် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အနီရောင် အသားတွေက ပိုပြီး ဖြစ်နိုင်ခြေကို များစေပါတယ်။
တချို့ အနီရောင် အသားတွေမှာ ပြည့်ဝဆီပါတင်မှု များတဲ့အတွက် သွေးတွင်း ကိုလက်စထရောကို တက်စေပါတယ်။ အထူးသဖြင့် LDLအမျိုးအစား မကောင်းတဲ့ ကိုလက်စထရောတွေ တက်လာတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေကို များစေပါတယ်။
အူမကြီးကင်ဆာနဲ့ ပတ်သက်လို့ အတိအကျ သက်သေမပြနိုင်သေးပေမယ့် အနီရောင် အသား အစားများတဲ့သူတွေမှာ ပိုဖြစ်နိုင်တယ်ဆိုတာက အမှန်ပါ။ ဒါကြောင့် ပညာရှင်တွေက အနီရောင် အစားက အူမကြီးကင်ဆာကို ဖြစ်စေတယ်လို့ မပြောဘဲ ဒီနှစ်ခုက ဆက်စပ်နေတယ်လို့ပဲ ပြောပါတယ်။ ဘာကြောင့် ဖြစ်နိုင်ခြေများရတာလဲဆိုတော့
-အနီရောင် အသားများ ပြည့်ဝဆီတွေ အများကြီး ပါနေလို့ရယ်
-အသားကို ချက်ပြုတ်တဲ့အခါမှာ ထွက်လာတဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေကြောင့်ရယ်
-အသားမှာ ပါတဲ့ hemeသံဓာတ်က ဆဲလ်တွေ ပျက်စီးပြီး ကင်ဆာအဖြစ်ပြောင်းစေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးလို့ရယ်လို့ ဆိုကြပါတယ်။
၂၀၁၁က ဟားဗတ်တက္ကသိုလ်မှာလုပ်တဲ့ လေ့လာချက်တွေအရ အနီရောင် အသားစားသုံးခြင်းက အမျိုးအစား ၂ဆီးချိုရောဂါဖြစ်နိုင်ခြေကို များစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ၁၁၀ ဂရမ်လောက် စားသုံးသူတွေက သာမန်လူတွေခက် ဆီးချို ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း တက်လာပါတယ်တဲ့။ အထူးသဖြင့် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေ စားတဲ့အခါ ဖြစ်နိုင်ခြေက ပိုများလာမှာပါ။
အနီရောင်အသား က ကျန်းမာရေးအတွက် အကျိုးပြုပါသလား။
အပေါ်က ဆိုးကျိုးတွေရှိလို့ အနီရောင် အသားကို လုံးဝမစားတော့ဘူးလို့ ယတိပြတ် မတွေးလိုက်ပါနဲ့။ တကယ်တော့ အနီရောင် အသားက အင်မတန်မှ အာဟာရပြည့်ဝတဲ့ အစားအစာတစ်ခုပါ။ သူ့မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီး ပါဝင်ပါတယ်။
- အနီရောင် အသားမှာ သံဓာတ်ကြွယ်ဝပြီး သူ့ရဲ့ သံဓာတ်က hemeအမျိုးအစား ဖြစ်တာကြောင့် အသီးအရွက်တွေမှာ ပါတဲ့ သံဓာတ်ထက် ပိုပြိး စုပ်ယူရလွယ်ပါတယ်။ အထူးသဖြင့် ရာသီသွေး ဆုံးရှုံးမှု ရှိတဲ့ အမျိုးသမီးလေးတွေအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။
- ဗီတာမင် ဘီ12 ကြွယ်ဝစွာ ပါဝင်တာကြောင့် ဆဲလ်တွေမှာ DNA တည်ဆောက်တာကို အားပေးတာကြောင့် အာရုံကြောဆဲလ်နဲ့ သွေးဆဲလ်တွေကို အားကောင်းစေပါတယ်။
- သူ့မှာပါတဲ့ ဇင့်ဓာတ်က ခုခံအားကို တက်စေပါတယ်။
- ပရိုတင်းပါဝင်မှု များတာကြောင့် အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပါတယ်။
- ဒါ့ပြင် creatineနဲ့ carnosine ဓာတ်တွေ ပါဝင်တာကြောင့် ကြွက်သားနဲ့ ဦးနှောက် လုပ်ဆောင်ချက်ကို ကောင်းစေပါတယ်။
- လေ့လာချက်တွေအရ မြက်စားရာက ရတဲ့ အနီရောင်အသားတွေက တခြား အစေ့အဆန်တွေ (grain-fed beef)ထက်ပိုပြီး အာဟာရပြည့်ဝပါတယ်တဲ့။ နှလုံးကို ကျန်းမာစေတဲ့ အိုမီဂါ 3 ဖက်တီးအက်စစ်နဲ့ ဗီတာမင် အေ၊ အီးတွေ ကြွယ်ဝစွာ ပါဝင်လို့ပဲ ဖြစ်ပါတယ်။
အနီရောင် အသားက စားရမှာလား၊ မစားရဘူးလား။
မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အနီရောင် အသား စားသုံးမှုက နည်းနေပါသေးတယ်။ ဆိုလိုတာက ဒီက ထမင်းဝိုင်းတွေကို ကြည့်မယ်ဆိုရင် ထမင်းအသားပေး စားတာ များပါတယ်။ အသားဆို တစ်ခါစား တစ်တုံး၊ နှစ်တုံးလောက်နဲ့ပဲ ပြီးသွားပါတယ်။ ဒါကြောင့်လည်း ဒီကလူ အများစု (အထူးသဖြင့် အမျိုးသမီးတွေ)က သံဓာတ်ချို့တဲ့လေ့ရှိပါတယ်။
တစ်ဖက်က ကြည့်ပြန်တော့လည်း လတ်ဆတ်တဲ့ အသားတွကိုသာ အစားနည်းတာ ပြုပြင်ထားတဲ့ အသားတွေကိုတော့ စားတာ များလာပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ရေခဲရိုက်ထာားတဲ့ အသားလုံးတွေ၊ ဝက်သားပြားတွေ၊ ဝက်အူချောင်း စသဖြင့်ပေါ့။ နောက်ပြီး အကင်တွေ အစားများလာပါတယ်။ ဒါတွေကတော့ ကျန်းမာရေးအတွက် သိပ်မသင့်တော်ဘူးပေါ့။
ဒီတော့ စားရမလားဆို သင့်တင့်တဲ့ ပမာဏတစ်ခုတော့ စားဖို့ လိုပါတယ်။ သက်သတ်လွတ်စားနေတာ မဟုတ်ရင် ရှောင်ဖို့ မလိုပါဘူး။ အလွန်အကျွံ မစားဖို့ဘဲ လိုတာပါ။ ဥပမာ တစ်ပတ်ကို ၂ရက်လောက် စားမယ်၊ စားတဲ့အခါမှာလည်း ပမာဏ အများကြီး မဟုတ်ဘူးဆို ပြဿနာ မရှိပါဘူး။
အနီရောင် အသား စားတဲ့အခါ ဘာတွေ သတိထားသင့်သလဲ။
အနီရောင် အသားနဲ့ ပတ်သတ်ပြီး တာရှည်ခံအောင် ပြင်ထားတဲ့ အသားတွေက ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုတာ ပြောပြီးပါပြီ။ နောက်တစ်ခုက လတ်လတ်ဆတ်ဆတ် စျေးကဝယ်လာတဲ့ အသားကိုပဲ ချက်နည်း ပြုတ်နည်း မမှန်ရင် ရေရှည်မှာ ကျန်းမာထိခိုက်နိုင်တဲ့အကြောင်း ပြောပြချင်ပါတယ်။
အနီရောင် အသားတွေကို အပူချိန် ပြင်းပြင်းနဲ့ ချက်တဲ့အခါ ကင်ဆာဖြစ်စေနိုင်တဲ့ heterocyclic amines (HCAs) နဲ့ polycyclic aromatic hydrocarbons (PAHs) တွေ ထွက်လာပါတယ်။ ဒါကြောင့် ချက်ပြုတ်တဲ့နေရာမှာ ဒီအချက်တွေကို လိုက်နာစေလိုပါတယ်။
- အဆီမပါတဲ့ အသားကို ရွေးဝယ်ပါ။ အဆီပါလာရင် ဖယ်ထုတ်ပါ။
- ချက်တဲ့အခါမှာ အပူရှိန်ပြင်းပြင်းနဲ့ အချိန်တိုတို ချက်တာထက် အပူရှိန်နည်းနည်းနဲ့ ကြာကြာချက်ပါ။ မတူးပါစေနဲ့။
- အသားတွေကို ကျက်အောင် ချက်ပါ။ မဟုတ်ရင် ပိုးမသေဘဲ ဝမ်းလျှောတာ၊ သန်ထတာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အကျက်မလွန်ပါစေနဲ့။
- အသားတွေကို နှပ်ထားပါ။ နှပ်ပြီးမှ ချက်တာက ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ထွက်တာ နည်းစေပါတယ်တဲ့။ ဒါပေမယ့် သကြားတော့ မထည့်သင့်ပါဘူး။ သကြားက အသားကို တူးလွယ်စေပါတယ်။
- မြန်မာနိုင်ငံမှာက အသားကို ဆီပြန်ချက်တာ များပါတယ်။ ဒါကြောင့် အနီရောင် အသားအပြင် ဟင်းအနှစ်တွေ၊ ဆီတွေကြောင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ တတ်နိုင်သမျှ ဆီလျှော့၊ အငန်လျှော့ပါလို့ အကြံပေးချင်ပါတယ်။
[embed-health-tool-bmr]