backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားရဖို့ဆိုတာ ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ချက်နည်း၊ ပြုတ်နည်း၊ ပြင်ဆင်နည်း ပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ ဒီလို ချက်ပြုတ်တတ်ဖို့ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်စရာ မလိုပါဘူး။ အဆုံးသတ်မှာ လိုရင်းက အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်နေဖို့ပါပဲ။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတော့

  • သန့်သန့်ရှင်းရှင်း စားသောက်ပါ။

ဘယ်သူကတော့ ညစ်ပတ်တာတွေကို စားမှာလဲ။ အဲ့ဒီလို ပြောချင်တာ မဟုတ်ပါဘူး။ သေချာပေါက် ကိုယ်စားတဲ့ အစားအစာက သန့်သန့်ရှင်းရှင်း ပြင်ဆင် ချက်ပြုတ်ထားတာ ဖြစ်ရမှာပေါ့။ ဒါပေမယ့် ခုပြောချင်တာက clean eatingလို့ ခေါ်တဲ့ စားသောက်မှု ပုံစံပါ။

Clean eatingဆိုတာ dietတစ်မျိုးပါပဲ။ ဒါပေမယ့် ဝိတ်ကျခြင်း၊ ဝိတ်တက်ခြင်းထက် အာဟာရပြည့်မှီအောင် စားသောက်ပြီး ကျန်းမာတဲ့ဘက်ကို ဦးတည်ပါတယ်။ သူ့ရဲ့ အခြေခံစည်းမျဉ်းတွေကတော့

  • တကယ်စားလို့ရတာတွေကို စားပါ။

ဆိုလိုတာက လတ်လတ်ဆတ်ဆတ် အသားတွေ၊ ငါးတွေ၊ အသီးအရွက်တွေကို ဦးစားပေးစားပါလို့ ပြောတာပါ။ အသင့်စား အစားအစာတွေ၊ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေ၊ စည်သွပ်ဘူးတွေ စတာတွေကို လျှော့/ရှောင်ပါလို့ ပြောတာပဲ ဖြစ်ပါတယ်။ အော်ဂဲနစ်တွေကို စားစေချင်တာပါ။

  • အာဟာရဖြစ်တာကို စားပါ။

တစ်နေ့ တစ်နေ့ ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါရဲ့လားလို့ စစ်ဆေးပါ။ ဆိုလိုတာက မြန်မာ့ထမင်းဝိုင်းမှာဆိုရင် ထမင်းပါမယ်။ အသား သို့ ပဲ ပါရမယ်။ ဆီနဲ့ချက်ထားတာများတယ်ဆိုတော့ အဆီကတော့ အထူးတလည် ပြောစရာ မရှိပါဘူး။ အသီးအရွက်တွေ ပါရဲ့လား စသဖြင့် စစ်ဆေးဖို့ လိုပါတယ်။ အရသာထက်၊ စျေးကြီးတာ၊ စျေးသက်သာတာကို စားတာထက် အာဟာရပြည့်ဖို့က အရေးကြီးပါတယ်။

ဒါ့ပြင် တတ်နိုင်သလောက် အိမ်မှာပဲ ချက်စားပါ။ ကျောင်းတွေ၊ ရုံးတွေ သွားတဲ့အခါ ထမင်းဘူးထည့်သွားပါ။ အပြင်စာ စားရမယ်ဆိုရင်လည်း ခုနလိုပဲ အာဟာရဓာတ်စုံအောင် စားပါ။

  • အပင်ကရတာတွေ များများစားပါ။

အပင်ကရတာဆိုတာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ဆိုလိုတာပါ။ ပဲတွေလည်း ပါတာပေါ့။ ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ရဲ့ သက်စောင့်ဓာတ်တွေဖြစ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ကို ပြည့်ဝစေပါတယ်။ ပဲဆိုရင် ပရိုတင်းကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။

  • သန့်သန့်ရှင်းရှင်း နေထိုင်ပါ။

ဒီမှာလည်း ရေချိုးခိုင်းတာ မဟုတ်ပါဘူး။ Clean actလို့ခေါ်တဲ့ ကိုယ့်ရဲ့ နေထိုင်မှု ပုံစံကို ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲခိုင်းတာပါ။ လေ့ကျင့်ခန်းတွေ လုပ်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ တတ်နိုင်သလောက် စိတ်ဖိစီးမှု မရှိအောင် နေမယ်၊ ကိုယ်ချစ်တဲ့ သူတွေနဲ့ အချိန်ဖြုန်းမယ် စသဖြင့်ပေါ့။

သေးသေးလေးက စပါ။

ကိုယ်စားနေတဲ့ အစားအသောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာကို သိတယ်။ ဒါပေမယ့်လည်း စားလာတာကြာနေပြီဆိုတော့ အကျင့်ဖြစ်နေပြီ။ ပြောင်းလဲဖို့ခက်တယ်။ ဒီလိုနဲ့ပဲ မထူးပါဘူးဆိုပြီး ဆက်စားမိနေပြီလား။

ဒီလိုလွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့။ အပြောင်းအလဲဆိုတာ ဖြည်းဖြည်းချင်း လုပ်ယူရတာပါ။ သေးသေးလေးကနေ စပြီး အတူတူပြောင်းကြည့်ရအောင်လား။

ဒီနည်းလမ်းကို Healthy swapsလို့ ခေါ်ပါတယ်။ အစားအစာတွေကို ဖလှယ်စားသောက်တာပေါ့။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ဖြစ်လာအောင် ဖြည်းဖြည်းချင်း ပြောင်းတဲ့ နည်းလမ်းပါ။ ဥပမာလေးတွေ ဆက်ကြည့်ရအောင်။

  • မလိုင်အပြည့်နို့တွေ သောက်မယ့်အစား အဆီထုတ်ထားတဲ့ နို့တွေ ပြောင်းသောက်ကြည့်တာမျိုး။
  • မနက်စာ မုန့်ဟင်းခါးကို လက်အကျင့်ပါပြီး အရသာ မမြည်းဘဲ ငံပြာရည်ပေါက်နေတာကို ရပ်လိုက်တာမျိုး။
  • ကော်ဖီသောက်ရင် သကြားတွေ အများကြီး ထည့်မယ့်အစား၊ အချိုလျှော့ထားတဲ့ ဆီးချိုသကြားလို၊ အဆီထုတ်နို့မှုန့်တွေ သုံးတာမျိုး။
  • ရေဆာတဲ့အချိန်မှာ အအေးတွေ၊ အားဖြည့်အချိုရည်တွေ သောက်တာထက် ရေအေးအေးလေး သောက်တာ၊ ရံဖန်ရံခါ အသီးဖျော်ရည် အစစ်ကို သောက်တာမျိုး။
  • ဟင်းချက်ရင် ဆီလျှော့ထည့်တာမျိုး။
  • ထမင်းစားတိုင်း တစ်ဇွန်းဆီလျှော့စားကြည့်တာမျိုး။
  • ညဘက်တွေမှာ ခေါက်ဆွဲပြုတ်စားမယ့်အစား အစေ့အဆန်တွေ၊ အသီးအနှံတွေ စားတာမျိုး။
  • အသားဝယ်ရင် အဆီမပါတဲ့ အသား၊ အရေခွံဆုတ်ထားတဲ့ အသားတွေ ဝယ်တာမျိုး။
  • အသားထက် ငါးကို ဦးစားပေး ဝယ်တာမျိုး စသဖြင့် နည်းနည်းချင်းစီ အပြောင်းအလဲ လုပ်ကြည့်ပါ။

အရင်စားသောက်မှု ပုံစံကို လက်မလျှော့နိုင်ဘူးဆိုရင်တောင် အကြိမ်ရေကို လျှော့ကြည့်ပါ။ ဥပမာ တစ်ပတ်ကို အအေး ၅ဘူးလောက် သောက်တတ်ရင် နောက်တစ်ပတ်ကျရင် တစ်ဘူးလောက် လျှော့သောက်မယ်ဆိုတာမျိုးပေါ့။ ပြီးရင် ကိုယ်ပြောင်းလဲခဲ့တာတွေကို ချရေးထားပါ။ နည်းနည်းစီပြောင်းရတဲ့အတွက် စိတ်မပင်ပန်းတဲ့အပြင် ဒိုင်ယာရီလေး ထုတ်ဖတ်တိုင်းမှာ ကိုယ့်ရဲ့ တိုးတက်မှု မှတ်တမ်းတွေကြောင့် ဆက်ပြီး လုပ်ချင်စိတ်ဖြစ်လာမှာပါ။

ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ပါ။

ချက်တာက ကြော်တယ်၊ လှော်တယ်၊ ပြုတ်တယ်၊ ပေါင်းတယ်၊ ကင်တယ် အစုံပါပဲ။ ခုဆို air fryerခေတ်ဆိုတော့ ကြော်တာလေးတွေ ပိုများလာသား။ ဘယ်နည်းနဲ့ပဲ ချက်ချက် ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ဖို့လိုပါတယ်။ ဥပမာ ဆီပြန်ချက်တယ်ဆိုရင်လည်း တတ်နိုင်သလောက် ဆီလျှော့သုံးပါ။ ကင်တယ်ဆိုရင်လည်း တူးအောင် မကင်ပါနဲ့။ အပူချိန်ပြင်းပြင်းနဲ့ ချက်တာကလည်း အထဲက အာဟာရဓာတ်တွေ ပျက်စီးပြီး ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်တတ်လို့ သတိထားပါ။

ဒါ့ပြင် အစားအသောက်ကို မချက်ခင် ပြင်ဆင်တဲ့ နေရာမှာလည်း အာဟာရဓာတ်တွေ မဆုံးရှုံးအောင် သတိထားရမယ့် အချက်တွေ ရှိပါတယ်။

  • အသီးအရွက်တွေ လှီးချွတ်တဲ့အခါ အခွံကို ထူထူ မလှီးပါနဲ့။ အာဟာရဓာတ်တွေ ပါသွားတတ်လို့ပါ။
  • အသီးအရွက်တွေကို ပြုတ်ပြီး သွန်ပစ်လိုက်ရင် ဗီတာမင်တွေ ပါသွားပါတယ်။ ဒါကြောင့် ပေါင်းတာက ပိုကောင်းပါတယ်။
  • ပြုတ်မယ်ဆိုရင်လည်း ရေနည်းနည်းနဲ့ မြန်မြန်ပြုတ်ပါ။ အပြုတ်မလွန်ပါစေနဲ့။
  • ဟင်းချက်ရင် ဆားအရင်မထည့်ပါနဲ့။ အရသာအရင်မြည်းပြီး လိုသလောက်ပဲ ထည့်ပါ။
  • ဆားထည့်ထားတယ်ဆိုရင် တခြား အကြည်ရည်၊ အနောက်ရည်၊ ကြက်သားမှုန့်၊ ခရုဆီ၊ ဟင်းရွက်မှုန့်၊ အချိုမှုန့်ကို လျှော့ပါ။ မလိုရင် ထပ်မထည့်ပါနဲ့။ သူတို့ဆီမှာလည်း ဆားဓာတ်ပါဝင်နေပါတယ်။
  • ဆီနဲ့ ချက်မယ်ဆိုရင် ပမာဏ လျှော့နိုင်ဖို့ မကပ်တဲ့ ဒယ်အိုး သုံးပါ။
  • အသားတွေ ချက်တဲ့အခါ အရေခွံတွေ၊ အဆီပြင်တွေ ဖယ်ချက်ပါ။
  • ဟင်းခတ်အမွှေးအကြိုင် သုံးပါ။ ဟင်းတွေကို အရသာ ရှိစေတဲ့အပြင် ခန္ဓာကိုယ်အတွက်လည်း ကောင်းပါတယ်။
  • Takeaways

    ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဟင်းတွေ ချက်ရတာ ထင်သလောက် အလုပ်မရှုပ်ပါဘူး။ နေ့စဉ်စားနေကြ အစားအစာတွေကိုပဲ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ပြောင်းလဲ ဝယ်မယ်၊ သေးသေးလေးကနေ စပြောင်းမယ်၊ ချက်ပြုတ်တဲ့နေရာမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်မယ်ဆိုရင် အရသာရှိပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ ဟင်းတစ်ခွက် ဖြစ်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement