နေ့စဉ်လှုပ်ရှားမှုတိုင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ခန္ဓါကိုယ်ကျန်းမာနေစေဖို့ အာဟာရဓါတ်လိုအပ်သလို အခြားလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓတ်တွေလည်းရှိပါတယ်။ ဒီလိုအပ်တဲ့ဓါတ်တွေထဲမှာ ဓါတ်ဆားဓါတ်ကလည်း ချန်ထားလို့မဖြစ်တဲ့အရာတစ်ခုပေါ့။နေ့စဉ်လှုပ်ရှားမှုတွေလုပ်ရင်ဖြစ်ဖြစ်၊လေ့ကျင့်ခန်းတွေလုပ်ရင်ဖြစ်ဖြစ် ထွက်သွားတဲ့ချွေးတွေကြောင့် ကိုယ်တွင်းမှာ ဓါတ်ဆားဓါတ်တွေက အစဉ်မပြတ်ဆုံးရှုံးနေပါတယ်။ ဒီဓါတ်တွေကို အစားအသောက်တွေကဖြည့်တင်းနိုင်တယ်ဆိုပေမယ့် ဝမ်းပျက်တာမျိုး၊ဖျားနာတာမျိုးဖြစ်တဲ့အခါ လုံလောက်တဲ့ ဓါတ်ဆားဓါတ်ကို အစားအသောက်တွေကနေတဆင့်ပြန်လည်မဖြည့်တင်းနိုင်တဲ့အခါ ဓါတ်ဆားရည်ကို တပ်ကူခေါ်ဖို့လိုလာမှာပါ။
ဘယ်လိုအခြေအနေမျိုးမှာ ဓါတ်ဆားရည်သောက်ဖို့လိုမလဲ………
နေ့စဉ်တိုင်းမစားသုံးနေတဲ့ အစားအစာတွေထဲမှာ ဓါတ်ဆားဓါတ်က ပါဝင်နေတာကြောင့် ပုံမှန်အချိန်တွေမှာ ဓါတ်ဆားရည်သောက်ဖို့မလိုပေမယ့် ဒီလိုအခြေအနေမျိုးမှာ ဓါတ်ဆားရည်သောက်ဖို့လိုပါမယ်။
- ဖျားနေတဲ့အခါမျိုး
- ချွေးထွက်များတဲ့အခါမျိုး
- အော့အန် နေတဲ့အခါမျိုး
- ဝမ်းသွားနေတဲ့အခါမျိုး
- တစ်နာရီကျော်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုး
- အချိန်အကြာကြီးနေပူထဲမှာနေမိတဲ့အခါမျိုး
- လှုပ်လှုပ်ရှားရှားလုပ်တာကြောင့်ချွေးအရမ်းထွက်တဲ့အခါမျိုး
- ရေဓါတ်ခမ်းခြောက်တဲ့အခါမျိုး
- ကြွက်တက်တဲ့အခါမျိုးတွေမှာ ခန္ဓါကိုယ်ကလျော့နည်းသွားတဲ့ ဓါတ်ဆားဓါတ်တွေကိုပြန်လည်ဖြည့်တင်းဖို့အတွက် ဓါတ်ဆားရည်ကိုသောက်ပေးဖို့လိုပါမယ်။
ဓါတ်ဆားက ခန္ဓါကိုယ်အတွက် ဘာလုပ်ပေးလဲ…………
ဓါတ်ဆားဓါတ်ဆိုတာက ကိုယ်တွင်းက အရည်ပမာဏကိုထိန်းညှိပေးတဲ့သွေးတွင်းသတ္တုဓါတ်တစ်မျိုးပါ။သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို ကြွက်သားတွေကျုံ့ဆန့်မှုကို အကောင်းဆုံးထိန်းညှိပေးပြီး ခန္ဓါကိုယ်ရဲ့ စနစ်တွေကိုအကောင်းဆုံးလည်ပတ်စေနိုင်ပါတယ်။ ခန္ဓါကိုယ်ကျန်းမာနေစေဖို့နဲ့ ကောင်းမွန်စွာလှုပ်ရှားနိုင်စေဖို့အတွက် ဓါတ်ဆားဓါတ်ကမရှိမဖြစ်လိုအပ်တာပါ။
- ကိုယ်တွင်းအရည်ဓါတ်ကို ထိန်းညှိပေးတယ်
- သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်
- ကြွက်သားတွေကျုံ့ဆန့်မှုကိုကောင်းစေတယ်
- နှလုံးကျန်းမာစေတယ်
- သွေးတွင်း အက်ဆစ်ပမာဏကိုထိန်းညှိပေးတယ်။
ဓါတ်ဆားရည်မှာပါတဲ့ အခြေခံပါဝင်ပစ္စည်းတွေကဘာတွေလဲ……..
ဓါတ်ဆားရည်အများစုမှာ
ဆိုဒီယမ် -သွေးပေါင်ချိန်ကို ထိန်းညှိပေးတယ်။ ကြွက်သားတွေကိုကျန်းမာစေပြီး အာရုံကြောစနစ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ခန္ဓါကိုယ်အတွက်နေ့စဉ်စာသုံးပေးသင့်တဲ့ ဓါတ်တစ်မျိုးပါ။
ပိုတက်ဆီယမ် -သွေးတွင်း အက်ဆစ်ပမာဏနဲ့သွေးပေါင်ချိန်ကိုထိန်းညှိပေးပါတယ်။ ဆိုဒီယမ်များသွားတာကြောင့်သွေးတိုးတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။
မဂ္ဂနီဆီယမ် -သွေးပေါင်ချိန်ကိုထိန်းညှိပေးပြီး ခန္ဓါကိုကယ်ရဲ့လှုပ်ရှားမှုတွေကောင်းမွန်အောင်ထောက်ပံ့ပေးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေနိုင်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေပြီးခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ စတဲ့ ဓါတ်တွေပါဝင်နေတာပါ။
ဓါတ်ဆားရည်သောက်ပေးတာကြောင့် ရရှိမယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေ
ဓါတ်ဆားရည်သောက်ပေးဖို့အချိန်တိုင်းမလိုအပ်ပေမယ့် အပေါ်မှာပြောခဲ့တဲ့အခြေအနေမျိုးဆိုရင်တော့ ဓါတ်ဆားရည်သောက်ပေးတာက အကောင်ဆုံးဖြစ်မှာပါ။ ဓါတ်ဆားရည်သောက်ပေးတာကြောင့်
- ကိုယ်တွင်းရေဓါတ်ပြည့်ဝစေနိုင်တယ်
- ခန္ဓါကိုယ်အပူချိန်ကိုလျော့ကျစေနိုင်တယ်
- လေ့ကျင့်ခန်းလုပ်ဆောင်နိုင်မှုကို ပိုမိုကောင်းမွန်စေနိုင်တယ်
- အပူရှပ်တာကို ကာကွယ်ပေးတယ်
- အော့အန်တာ၊ ဝမ်းသွားတာကြောင့် ကုန်ဆုံးသွားတဲ့ရေဓါတ်ကို အမြန်ဆုံးပြန်ဖြည့်ပေးနိုင်တယ်
- ကဖင်း၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေသောက်တာကြောင့်ရေဓါတ်ဆုံးရှုံးတာကို အမြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်တယ်။
ဘယ်လောက်ပမာဏသောက်ရမလဲ…….
ပုံမှန်အားဖြင့်ကတော့ အမျိုးသမီးတစ်ယောက်က တစ်နေ့ကိုရေဓါတ် ၉ ခွက်စာလောက်သောက်ဖို့လိုပါမယ်။ အမျိုးသားတစ်ယောက်ကတော့ တစ်နေ့တာမှာရေဓါတ် ၁၂ ခွက်စာလောက်ရရှိဖို့လိုပါမယ်။ တကယ်လို့ ရာသီဥတုကအရမ်းပူမယ်ဆိုရင်တော့ ပုံမှန်လိုအပ်ချက်ထက် ၃ ခွက်စာစီလောက်ပိုလိုအပ်မှာပါ။လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မလုပ်ခင်မှာ ၂ ခွက်စာလောက်သောက်သုံးပေးပြီလေ့ကျင့်ခန်းလုပ်ပြီး မိနစ် ၂၀ အကြာမှာ တစ်ခွက်လောက်သောက်သုံးပေးဖို့လိုပါမယ်။ တစ်နေ့တာမှာ ဓါတ်ဆားကို ၂ လီတာလောက်အထိသောက်ပေးလို့ရပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။